backup og meta

ချစ်တင်းနှောဖို့ ဘာလို့ကြောက်နေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 11/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်တင်းနှောဖို့ ဘာလို့ကြောက်နေတာလဲ

    လူရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက်လိင်နဲ့ ဒါမှမဟုတ် လိင်တူခြင်း သံဝါသပြုကြတာက လောကသဘာဝပဲ မဟုတ်လား။ မျိုးပွားဖို့လိုပဲ ဆိုဆို၊ ချစ်မေတ္တာကြောင့်ပဲ ပြောပြော၊ အသွေးအသားက တောင့်တလို့ပဲဖြစ်ဖြစ်၊ စိတ်အလိုကို လိုက်မိသွားတာပဲ ကြုံကြုံ၊ လိင်မှုကိစ္စဟာ သက်ရှိတွေအနေနဲ့ ရှောင်လွှဲဖို့ ခက်တဲ့ သဘာဝအကြောင်းတရားတစ်ခုဖြစ်ပါတယ်။

    ဒါပေမယ့် အရာရာတိုင်းဟာ ၁၀၀% အပြည့်အဝတော့ မှန်ကန်နေတတ်တာမဟုတ်ပါဘူး။ တချို့သော လူတွေမှာ လိင်မှုကိစ္စကို စိတ်မပါတဲ့ ဒါမှမဟုတ် ကြောက်ရွံ့နေတဲ့ စိတ်ခံစားချက်မျိုးရှိနေတယ်ဆိုရင် အံ့သြနေမလား။

    တကယ်ပါ။ ဒီလို လိင်မှုကိစ္စကို ကြောက်ရွံ့တာ၊ အာသာဖြေဖို့လေးတောင် လုံးဝ စိတ်မဝင်စားတာမျိုးကို “genophobia” ဒါမှမဟုတ် “erotophobia” လို့ ခေါ်ဆိုကြပါတယ်။ ပြောရရင်တော့ Phobia ဆိုတဲ့အတိုင်း စိတ်ဝေဒနာတစ်မျိုးပါပဲ။ သာမန်လူတွေအတွက်တော့ ဒီလိုစိတ်ခံစားချက်မျိုးဖြစ်လာဖို့ဆိုတာ ခက်တယ်ဆိုပေမယ့် လူတစ်ချို့မှာ ဒီလိုဝေဒနာမျိုး စွဲကပ်နေတာကို သတိထားကြည့်ရင် မြင်ရနိုင်ပါတယ်။

    လိင်စိတ်ကို ကြောက်နေပြီဆိုရင်

    Genophobia က တစ်မျိုးတည်း ထီးတည်းချည်းဖြစ်နေတတ်တဲ့ စိတ်ဝေဒနာမျိုးမဟုတ်ပါဘူး။ အဖော်နဲ့ အပေါင်းနဲ့ပါ။ များသော အားဖြင့် Genophobia ဝေဒနာ ခံစားနေရသူတွေဟာ အောက်ပါ ဝေဒနာတွေထဲက တစ်စုံတစ်ရာ ဒါမှမဟုတ် အမျိုးအစား တချို့ကိုလည်း ပူးတွဲခံစားနေရနိုင်ပါတယ်။

  • Nosophobia: (လိင်မှတဆင့်) ဗိုင်းရပ်စ်နဲ့ ရောဂါတွေ ကူးစက်လာမှာကို ကြောက်ရွံ့တာ
  • Gymnophobia: ဝတ်လစ်စလစ်ဖြစ်မှာ/မြင်ရမှာကို ကြောက်ရွံ့တာ
  • Heterophobia: ဆန့်ကျင်ဘက်လိင်နဲ့ သံဝါသပြုရမှာကို ကြောက်ရွံ့တာ
  • Coitophobia: လိင်ဆက်ဆံရမှာကို ကြောက်ရွံ့တာ
  • Haphephobia: တစ်စုံတစ်ယောက်ကို ထိတွေ့ရမှာ ဒါမှမဟုတ် ထိတွေ့ခံရမှာကို ကြောက်ရွံ့တာ
  • Tocophobia: ကိုယ်ဝန်ဆောင်ရမှာ၊ မီးဖွားရမှာကို ကြောက်ရွံ့တာ၊ စတာတွေပါပဲ။
  • Genophobia ဝေဒနာခံစားနေရသူတွေမှာ အထက်ပါ စိတ်ဝေဒနာတွေထဲက တစ်ချို့သေချာပေါက် ကပ်ညှိနေပါလိမ့်မယ်။
  • ဒီလိုဝေဒနာတွေ ခံစားနေရသူတွေဟာ လိင်မှုကိစ္စပြုဖို့ အကြောင်းဖန်လာတဲ့အခါမျိုးမှာ စိတ်သောကရောက်တာ၊ စိတ်ဓာတ်ကျတာ၊ ကြောက်ရွံ့တာ၊ စိတ်ဖိစီးမှုများတာတွေ ခံစားရတတ်ပါတယ်။

    ဒီစိတ်ဝေဒနာဟာ မလိုလားအပ်တဲ့ အခြေအနေဆိုတာကို နားလည်ပေမယ့် ဝေဒနာရှင်တွေဟာ များသောအားဖြင့် အဆိုပါစိတ်ခံစားချက်မျိုး နည်းပါးအောင် သေးသိမ်သွားအောင် လျှော့ချနိုင်စွမ်းနည်းပါးကြပါတယ်။ Genophobia ရဲ့ အဆိုးရွားဆုံး ရောဂါလက္ခဏာကတော့ ရုတ်တရက် ခန္တာကိုယ် လှုပ်ရှားနိုင်ခြင်းမရှိတော့ပဲ ကြက်သေသေသွားတတ်တာပဲဖြစ်ပါတယ်။

    ဒါ့အပြင် ဗိုက်အောင့်တာ၊ အန်တာ၊ မူးဝေတာ၊ အသက်ရှူရခက်တာ၊ နှလုံးခုန်နှုန်းမမှန်တာနဲ့ ဇောချွေးပျံတာတွေလည်းဖြစ်တတ်ပါတယ်။

    ဘာကြောင့် လိင်မဆက်ဆံချင်ရတာလဲ

    “ဘာကြောင့် လိင်မဆက်ဆံချင်ရတာလဲ” မေးလို့ သိပ်ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ လူအများစုအတွက် လိင်ဆက်ဆံခြင်းဟာ စိတ်ကျေနပ်နှစ်သက်မှုပေးနိုင်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ရှေးဟောင်း ကိုးကွယ်ယုံကြည်မှုတစ်ချို့မှာ လိင်စိတ်အထွတ်အထိပ်ရောက်ချိန်ဟာ လူတစ်ယောက်ရဲ့ သန့်စင်မွန်မြတ်မှုအရှိဆုံး စိတ်ခံစားချက်ကို ပိုင်ဆိုင်ထားချိန်လို့ ယုံကြည်ချက်ထားပြီး သံဝါသပြုခြင်းအမှုကိစ္စကို ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အလေ့အထတစ်မျိုးအဖြစ်တောင် သတ်မှတ်ခဲ့ကြဖူးပါတယ်။

    ဒါပေမယ့် Genophobia ဝေဒနာစွဲကပ်နေသူတွေအတွက်တော့ လိင်မှုကိစ္စက သူတို့အတွက် ကျေနပ်နှစ်သက်ဖွယ်မဟုတ်ပဲ စိတ်ဖိစီးဖွယ်၊ ကြောက်ရွံ့ဖွယ်ကိစ္စကြီးဖြစ်လို့နေပါတယ်။

    ဒီလိုဖြစ်စေရတဲ့ အကြောင်းအရင်းတွေ အများအပြားရှိနိုင်ပေမယ့် အဓိကအားဖြင့်တော့ လိင်အကြမ်းဖက်ခံရဖူးတာ၊ သားအိမ်လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ ဝေဒနာတစ်မျိုးမျိုးခံစားခဲ့ရဖူးတာ၊ သံဝါသပြုခါနီးတိုင်း စိတ်လှုပ်ရှားမှုကြောင့် လိင်အင်္ဂါနာကျင်နေတတ်တာ၊ အရှက်အကြောက်ကြီးလွန်းတာ၊ လိင်စွမ်းဆောင်ရည် အားနည်းနေတာ၊ လိင်မှုကိစ္စအတွက် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိဖြစ်နေတာ၊ Body shame အလုပ်ခံမှာကို ကြောက်တာ၊ အဓမ္မပြုကျင့်ခံခဲ့ရဖူးတာ စတာတွေကြောင့်ဖြစ်ပါတယ်။

    ဒီဝေဒနာကို ကုသလို့ရနိုင်ရဲ့လား

    Genophobia ဟာ ကုသလို့ရနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် လိင်အင်္ဂါတွေ နာကျင်မှုအပါအဝင် ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကို သင့်လျော်တဲ့ ဆေးဝါးကုထုံးတွေနဲ့ ကုသနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုတော့ Psychotherapy နည်းလမ်းနဲ့ တိုင်ပင်နှီးနှောမှုတွေပြုလုပ်ပြီး ကုသလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 11/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement