backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ကမ္ဘာလေးကို ဘယ်လိုအရောင်တွေနဲ့ လွှမ်းခြုံမလဲ


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ကမ္ဘာလေးကို ဘယ်လိုအရောင်တွေနဲ့ လွှမ်းခြုံမလဲ

အရောင်တွေဟာ လူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အရာတွေပါ။ အရောင်အဆင်း တောက်ပမှု၊ ကြည်လင်မှုနဲ့ ဆွဲဆောင်မှုတွေက သင့်ရဲ့ စိတ်အပေါ် သက်ရောက်မှုရှိနေပါတယ်။

သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင် သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အရောင်တွေက သင့်ရဲ့ စိတ်ခံစားချက်နဲ့ ကျန်းမာရေးအပေါ်အထိသက်ရောက်နိုင်တာတွေ ရှိပါတယ်တဲ့။ ဘယ်လောက်တောင် ထူးခြားလိုက်သလဲ။

တကယ်တော့ အရောင်တွေဟာ သင်ထင်ထားတာထက်ပိုပြီး သင့်အပေါ်ကို သက်ရောက်နေတာပါ။ သင်မသိလိုက်ခင်မှာပဲ သင့်ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။

ဥပမာပြောရရင် ရုတ်တရက် တစ်ခုခုကို စူးစမ်းရှာဖွေလိုစိတ် ဝင်လာတာမျိုး၊ ဒါမှမဟုတ် ဝိတ်ချချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဒီလိုစိတ်ခံစားချက်အပြောင်းအလဲတွေရဲ့ နောက်ကွယ်မှာ ပတ်ဝန်းကျင်က အရောင်တွေက ပတ်သက်မှုရှိနေတတ်ပါတယ်။

အရောင်တွေက သင့်ကို ဘယ်လိုသက်ရောက်နေသလဲ

အရောင်တွေဟာ လူတွေရဲ့ မှတ်ဉာဏ်ပေါ်ကို အဓိက သက်ရောက်လေ့ရှိပါတယ်။ ဥပမာပြောရရင် တကယ်လို့များ သင့်ပတ်ဝန်းကျင်မှာ အနီရောင်တွေလွှမ်းခြုံနေမယ်ဆိုရင် မကောင်းတဲ့စကားတွေကို ပြန်သတိရနေတတ်ပါတယ်။ ဒါပေမယ့် အစိမ်းရောင်ကတော့ သင့်ကို ပျော်ရွှင်စေမယ့် အတွေးတွေကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

ဒါကြောင့် သင့်ပတ်ဝန်းကျင်က အရောင်တွေကို ပေါ့သေးသေးမထင်လိုက်ပါနဲ့။ သူတို့မှာ ထူးခြားချက်တွေနဲ့ပါ။ ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင် …

လိင်စိတ်ဆန္ဒ

အမျိုးသမီးတွေဟာ အနီရောင်ဝတ်တဲ့ ယောင်္ကျားတွေအပေါ် လိင်စိတ်ပိုပြီး တိမ်းညွှတ်တတ်ပါတယ်။ သူတို့ မျက်လုံးထဲမှာ ဒီအရောင်က လိင်ဆွဲဆောင်မှုတစ်မျိုးပါ။ အမျိုးသားတွေလည်း ဒီအတိုင်းပါပဲ။ “Lady in red” က သူတို့ အနှစ်သက်ဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ထူးခြားတာက ဘယ်အရောင်ကမှ လူတွေကို နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ်ဖြစ်လာအောင် မလုပ်နိုင်ပါဘူး။

အချစ်ရေး၊ အိမ်ထောင်ရေး

သာယာပြီး ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးမျိုး အလိုရှိရင် နံရံကို ပန်းရောင်သုတ်ချယ်ပေးသင့်ပါတယ်။ ဒါမှမဟုတ်လည်း အဖြူရောင်ပေါ့။ ဒီအရောင်တွေက စိတ်ခံစားချက်ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။ နောက်ပြီး အလွယ်တကူပျော်ရွှင်စေဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။

ကိုယ်တွင်းက စည်းချက်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် အပြာရောင်က ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးတယ်လို့ ဆိုပါတယ်။ စိတ်ရော လူရော ကျန်းမာလန်းဆန်းနေစေဖို့ အပြာရောင်က ကူညီနိုင်ပါတယ်။

စိတ်ခံစားချက်

အစိမ်းက အပြုသဘောတွေးမိအောင် ကူညီတယ်လို့ အထက်မှာပြောခဲ့ပါတယ်။ နောက်ပြီး စိတ်ညစ်စရာအတွေးတွေကို လျော့ပါးစေပါတယ်။ ပန်းရောင်ကလည်း ဒီအတိုင်းပါပဲ။ အနီရောင်ကတော့ ဒီနှစ်ခုလုံးနဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျရှုံးမှုနဲ့ အန္တရာယ်သဘောကို ဆောင်ပါတယ်။

ဖန်တီးတီထွင်နိုင်စွမ်း

Creativity ကိုမြင့်မားစေချင်တယ်ဆိုရင်တော့ အစိမ်းခပ်နုနုကို ကြည့်တာ၊ ပတ်ဝန်းကျင်မှာထားတာမျိုးလုပ်ပါ။ အစိမ်းနုဟာ အဖြူ၊ အမည်း၊ မီးခိုး၊ အနီနဲ့ အပြာတို့ထက် စိတ်ကူးဉာဏ်ကို ပိုပြီး ကွန့်မြူးစေနိုင်ပါတယ်။

အနီရောင်ကို မြင်ချိန်

ရဲရဲတောက်နေတဲ့ အနီရောင်မျိုးကို စူးစိုက်ကြည့်မိခဲ့တယ်ဆိုပါစို့။ သင့်ရဲ့ တုန့်ပြန်မှုတွေ လျှင်မြန်လာနိုင်တယ်။ မာကျောလာနိုင်တယ်။ သင့်ဦးနှောက်က အန္တရာယ်ဆိုတဲ့ အတွေးကို တွေးတောမိလာတတ်ပါတယ်။ အနီက နေရာတကာ မကောင်းတာတော့ မဟုတ်ပါဘူး။ အားကစားသမားတွေအတွက်ဆိုရင်တော့ သင့်လျော်တဲ့အရောင်ပါ။

ကိုယ်တွင်း ခွန်အား

သင်ပင်ပန်းနေရင် အစိမ်းရောင်ရှုခင်းမျိုး၊ အစိမ်းရောင်ရှိတဲ့ အရာတစ်ခုခုစတာတွေကို ကြည့်ပြီး အားပြန်ဖြည့်လို့ရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ့်သူတွေ အစိမ်းရောင်ကို ကြည့်ဖို့လိုအပ်တာပါ။ စိတ်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။

ဆာလောင်စိတ်

ကွဲပြားတဲ့ ဆန့်ကျင်ဘက်အရောင်တွေကို တွဲစပ်အသုံးပြုရင် အစစားချင်စိတ်ကို လျော့ပါးစေတတ်ပါတယ်။ ဥပမာ အဖြူအမည်းလိုမျိုးပေါ့။ ပန်းကန်ပြားတွေ၊ စားပွဲခင်းတွေ၊ ထမင်းစားခန်းနံရံတွေကို အဲ့လို အရောင်မျိုးတွေနဲ့ စပ်ဟပ်ဖန်တီးထားရင် သင်နည်းနည်းပဲ စားဖြစ်ပါလိမ့်မယ်။

ဗိုက်ဆာစေချင်တယ်ဆိုရင်

ကလေးတွေဆိုရင် အစာများများစားဖြစ်ဖို့ လိုအပ်တယ်လေ။ ဒီလိုဆိုရင် အရောင်တောက်တောက်တွေကို သုံးပေးပါ။ အစာစားချင်စိတ်ပိုဖြစ်လာစေပါလိမ့်မယ်။

ခေါင်းကိုက်တာ သက်သာစေဖို့

တကယ်လို့ သင်ခေါင်းကိုက်နေတယ်ဆိုရင် အလင်းစူးစူးကို ရှောင်ဖို့ လိုပါတယ်။ နောက်ပြီး အနီ၊ အပြာစတာတွေကိုရောပါပဲ။ အစိမ်းရောင်ကတော့ သင့်ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement