မုဒိမ်းကျင့်ခံရတယ်လို့ ကြားသိရပြီးတဲ့နောက်မှာ လူတော်တော်များများဟာ ရဲတိုင်မယ်၊ အမှုဖွင့်မယ်၊ တရားရင်ဆိုင်မယ်ဆိုတာကိုပဲ အရင်ဆုံးတွေးမိပြီး ဒီ မုဒိမ်းမှုရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ မုဒိမ်းမှုက အခြေတည်ပြီး ပေါ်လာတဲ့ ကိုယ်ဝန်၊ ဒီ မုဒိမ်းမှုကြောင့် ကူးစက်ခံရနိုင်ခြေရှိတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါ စတာတွေကိုတော့ မေ့လျော့ ကျော်လွှားသွားတတ်ကြပါတယ်။ ဒါကြောင့် ဒီလို ဂယက်တွေ ဖြစ်မလာဖို့ ဘာတွေလုပ်သင့်လဲ၊ ဘာတွေ စီစဉ်ထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ရဲနဲ့ တာဝန်ရှိသူတွေဆီမှာ အမှုဖွင့်ပြီး ဆေးရုံ၊ဆေးခန်းမှာ ဆရာဝန်နဲ့ အရေးပေါ်ပြသပါ။
၁။ ပေါက်ပြဲဒဏ်ရာ ရှိ၊မရှိ စစ်ဆေးကုသပါ။
၂။ STDs လို့ခေါ်တဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ၊ HIV နဲ့ အသည်းရောင် အသားဝါ ဘီ စတာတွေကို ချက်ချင်း စစ်ဆေး ကုသပါ။
၃။ ဒီဖြစ်ရပ်မတိုင်မီက အဓမ္မကျင့်ခံရသူမှာ ကိုယ်ဝန်ရှိမနေခဲ့ဘူးဆိုရင် အရေးပေါ်သန္ဓေတားဆေး သောက်ပါ။
STDs (လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများ) ကုသမှုတွေနဲ့ အရေးပေါ် သန္ဓေတားဆေးသောက်တာကို ၇၂ နာရီအတွင်း မဖြစ်မနေ လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် မုဒိမ်းမှုကြောင့် ရလာတဲ့ ကိုယ်ဝန်ကြောင့် Victim (သားကောင်) ဟာ စိတ်ဓာတ် အကြိမ်ကြိမ် ပြိုလဲရပါတယ်။ ဒီကလေးကို မမွေးရအခက်၊ မွေးရအခက် မဟုတ်လား။ တစ်ခါလေးပဲဆိုပြီး ပေါ့ဆလို့လည်း မဖြစ်ပါဘူး။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။
ဒါတွေအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုကလည်း အရေးကြီးပါသေးတယ်။ ဒီလို ဖြစ်ရတာ သူတို့ အပြစ်ကြောင့် မဟုတ်ဘူးဆိုတာ နားလည်အောင် ပြောပြပါ။ အဓမ္မကျင့်ခံရသူ အများစုဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဒဏ်ရာတွေ ရသွားလေ့ရှိပြီး ဒါတွေကို ကျော်လွှားနိုင်စွမ်းရှိဖို့ အားပေးကူညီပါ။
Victim Blaming (ပြစ်မှုကျူးလွန်ခံရသူကို အပြစ်တင်ခြင်း အလေ့အထ) ဟာ လူတွေရဲ့ အသက်၊ စိတ်နဲ့ ဘဝကို အခါခါ သေအောင် သတ်နိုင်စွမ်းရှိတာမို့ အပြစ်ကျူးလွန်သူကိုသာ အပြစ်တင်ပြီး ကျူးလွန်ခံရသူကို အားပေးကူညီပါ။ စကားလုံးတွေနဲ့ အပြစ်ဖို့နေမဲ့အစား လောကကြီးကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့ လိုပါတယ်။
ကျူးလွန်ခံရသူဟာလည်း ဒါဟာ ကိုယ့်အပြစ် မဟုတ်ဘူးဆိုတာကို သိထားပြီး ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို အာရုံမစိုက်ဘဲ ကိုယ်သွားရမယ့် လမ်းကိုပဲ အားတင်းပြီး ဆက်လျှောက်ပါ။ အန္တရာယ်ကင်းပြီး သာယာလှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Wathun Myat Chal
[embed-health-tool-bmi]