backup og meta

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း

    တစ်နေ့က ပဲ facebook မှာ video အတိုကလေး တစ်ခု ကြည့်လိုက်ရပါတယ်။ နိုင်ငံခြား မူကြိုကျောင်းကပွဲတစ်ခုက ကလေးတွေ ထင်ပါရဲ့။ နောက်ခံ ကဗျာသီချင်းလေးနဲ့ ကနေကြတာ။ အဲ့ကလေးတွေထဲမှာ သတိထားမိတာက သူများထက် ထူးပြီး သေချာစိတ်ပါလက်ပါ လိုက်ကနေတဲ့ ကလေးမလေးပါ။ သူ့ကို ကြည့်ရတာကိုက တကယ့်ဖျော်ဖြေရေးသမား အသေးစားလေးလိုပဲ။ သူနဲ့ ဘေးကပ်လျက်က ကလေးမလေးကတော့ မျက်နှာကိုလက်နဲ့အုပ် ခေါင်းလေးငုံပြီး ဖျော်ဖြေပွဲတောက်လျှောက် မလှုပ်မယှက်ရပ်နေခဲ့ပါတယ်။ အလွယ်ပြောရင် စင်ကြောက်တဲ့ရောဂါ (stage fright) ရသွားတာပါ။

    မွေးရာပါ ဗီဇကိုက စင်မကြောက်တတ်တဲ့ သူတွေအနေနဲ့ သည်ခံစားချက်ကို နားလည်နိုင်မှာမဟုတ်ပေမဲ့ စင်မကြောက်အောင် စိတ်ကို လေ့ကျင့်ယူထားရတဲ့ စာရေးသူအဖို့ကတော့ သည်ကလေးမလေးကို တော်တော်သနားပါတယ်။ ကမ္ဘာပျက်နေမှာပါပဲ။

    ကလေး ဘဝ သည်လိုဖြစ်တာ ဘယ်သူမှ အပြစ်ရယ်လို့ မြင်မှာမဟုတ်ကြပေမယ့် လူကြီးဖြစ်လာလို့ တကယ်လုပ်ငန်းခွင်ဝင်ရတဲ့ အခါ၊ လူကြီးတွေနဲ့ ဆွေးနွေးပွဲတွေ၊ တင်ဆက်မှုတွေ လုပ်ရတဲ့ အခါ၊ စီးပွါးရေးအရ လူအများနဲ့ ဆက်ဆံရတဲ့ အခါ ဘယ်လို့လုပ်ကြမလဲ။ သည်လိုပဲ စင်ကြောက်နေဦးမှာလား??

    စင်ကြောက်တယ်၊ လူတောမတိုးဘူးဆိုတာက မိမိကိုယ်ကိုယုံကြည်မှုမရှိရာကနေစပါတယ်။ ကိုယ်ဟာ သူများ အမြင်မှာ ကောင်းနေမယ်လို့ မယုံတဲ့ သံသယ ကနေပြီး ကိုယ့်ကို ဂုတ်ကနေ ဆွဲနှိမ်လိုက်တာပါပဲ။ ကြားဖူးကြမှာပါ။ တခြားသူတွေ ကိုယ့်ကို ယုံကြည်လက်ခံ လာဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ စရသတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်ရော ဘယ်လိုတည်ဆောက်ယူမလဲ။

    စာရေးသူကတော့ အပိုင်းနှစ်ပိုင်းခွဲပြီးပြောပြပေးချင်တယ်။ စိတ်နေသဘောထား နဲ့ ကိုယ်နေဟန်ထား ကို လေ့ကျင့်ပြုပြင်ယူပြီး တည်ဆောက်ယူရပါတယ်။

    စိတ်က ကိုယ်ဟန်အနေအထားအပေါ် လွှမ်းမိုးမှုရှိသလိုပဲ ကိုယ်ဟန်အနေအထားကလည်း စိတ်အပေါ် လွှမ်းမိုးမှုရှိပါတယ်။

    ရှိသင့်ရှိထိုက်တဲ့ ကိုယ်နေဟန်ထားဆိုတာဟာ ရုပ်ချောတာ မချောတာနဲ့ မဆိုင်ပါဘူး။ စိတ်ရဲ့ ကြည်လင်ခိုင်မာတဲ့သတ္တိ က ကိုယ်နေဟန်ထားမှာ လာလင်းနေတာမျိုးပါ။

    စိတ်ကို ကြည်လင်ခိုင်မာအောင် ဘယ်လိုပြင်ဆင်မလဲ။

    စာရေးသူကတော့ အာနာပါန လုပ်ငန်းစဉ် ကို ပထမဦးဆုံးတင်ပြီး ပြောချင်ပါတယ်။ လူမျိုးမရွေးဘာသာမရွေးလုပ်လို့ရတဲ့ ကိစ္စမို့လို့ပါ။ လိုရင်းကတော့ စိတ်ရဲ့ စူးစိုက်နိုင်မှု သမာဓိကို လေ့ကျင့်ယူတာပါပဲ။ သည်သမာဓိကို ဘာလို့ ထိပ်ဆုံးကပြောရလဲဆိုတော့ သူက မှန်ဘီလူးနဲ့တူလို့ပါ။ မှန်ဘီလူးရဲ့ သဘောတရားက ချိန်လိုက်တဲ့ အရာဝတ္ထုကို ချဲ့ပေးတာပါပဲ။ သမာဓိဟာလည်း သည်လိုပါပဲ။ သူစူးစိုက်ရာအလုပ်ကို ရှင်းရှင်းလင်းလင်း အဆီးအတား မရှိပြပေးနိုင်ပါတယ်။ သမာဓိမရှိရင် ခေါင်းတွေသာကိုက်လာမယ် အာရုံစိုက်လို့ရမှာ မဟုတ်ပါဘူး။

    နောက်တစ်ခုက လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ စင်ပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘူးဆိုရင် လူက ပျာသွားပြီး ခေါင်းထဲမှာ ဘာမှမရှိတော့ဘဲ အမှောင်ကျသွားတတ်ပါတယ်။ အဲ့ဒီလို မဖြစ်ဖို့က သတိရှိဖို့ လေ့ကျင့်ယူရပါတယ်။ အဲ့လိုအချိန် ကိုယ်ဘာဖြစ်လို့ ဖြစ်မှန်း သိနိုင်တဲ့လူရှားပါတယ်။ တချို့ဆို စင်ပေါ်မှာ စကားပြောနေရင်း ရုတ်တရက် ကြောင်ပြီး အကြာကြီးရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါ သတိမရှိလို့ဖြစ်တာပါ။ တစ်ခုခု မေ့သွားတာမျိုး၊ စိတ်လှုပ်ရှားတာမျိုးက သဘာဝပါ။ အဲ့ဒါလေးကို သဘာဝပဲ ဘာမှ ထူးထူးထွေထွေ မဟုတ်ဘူးလို့ စိတ်ထဲနှလုံးသွင်းလိုက်ရင်ရပါပြီ။ စိတ်အေးသွားတာနဲ့ တစ်ပြိုင်နက် ပေါ့ပါးတဲ့စိတ်ကြောင့် ဘာလုပ်ရမယ်ဆိုတဲ့ ဉာဏ် ထွက်လာပါလိမ့်မယ်။

    ပြောလက်စ အကြောင်းအရာကို မှတ်မိသွားတာပဲ ဖြစ်ဖြစ်၊ အကြောင်းအရာ အသစ်ကို ပြောင်းပြောတာပဲဖြစ်ဖြစ် လုပ်နိုင်သွားပါလိမ့်မယ်။ အဲ့လိုမှ မရဘူးဆိုရင် အမှန်တရား ကို ဖွင့်ချလိုက်ပါ။ “sorry ..ကျွန်တော်/ ကျွန်မတော့ ပြောရင်းနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူးပေါ့” ပရိတ်သတ် နဲ့ ပိုတောင် ရင်းနှီးသွားနိုင်ပါတယ်။ လုပ်ငန်းခွင်ဆိုရင်လည်း တောင်းပန်ပြီး စဥ်းစားချိန် နည်းနည်း တောင်းလိုက်ပါ။ သမာဓိကို ပြန်လည်တည်ဆောက်ယူပါ။ (ထိပ်ဆုံးမှာ ဒါကို လေ့ကျင့်ခိုင်းတာလည်း ဒါကြောင့်ပါပဲ။) လူမှုဆက်ဆံရေး မှာ ဒေါသဖြစ်စရာ အလိုမကျစရာ ပါလာတာ၊ စိတ်ရှုပ်စရာပြဿနာ ပါလာတာမျိုးဆိုလည်း သည်နည်းအတိုင်းသွားရမှာပါပဲ။ သတိကပ်လိုက်ပြီး စိတ်အေးသွားအောင် အချိန်ယူပြီး သမာဓိပြန်မွေးယူရမှာပါပဲ။

    နောက်တစ်ခုက ဝီရိယစိုက်ဖို့ပါ။ အလုပ်ကိစ္စ စကားပြောစရာ တွေ့ဆုံစရာအတွက် ကြိုတင်ပြင်ဆင်သွားပါ။ တင်ဆက်မှု လုပ်ရမယ်ဆိုရင်လည်း သည်လိုပါပဲ။ ကြိုတင် ပြင်ဆင်လေ့ကျင့်ထားတာ ငါ အကောင်းဆုံးမဟုတ်ရင်တော့ အတတ်နိုင်ဆုံး လုပ်သင့်သလောက် လုပ်ထားတယ် ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးပါတယ်။ သည်စိတ်လုံခြုံမှုဟာ တကယ့် အခြေအနေကျရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် ပါဝါတင်ပေးနိုင်ပါတယ်။

    နောက်ဆုံးတစ်ခုကတော့ စိတ်အားထက်သန်မှုပါ။ ကိုယ်ဟာ သည်ဟာကို ဘယ်လောက်အောင်မြင်ချင် င်သလဲဆိုတဲ့ လောဘဦးစီးတဲ့ စိတ်အားထက်သန်မှုမျိုးမဟုတ်ဘဲ ကိုယ်သည်ဟာကို ဘယ်လိုအောင်မြင်အောင် မှန်မှန်ကန်ကန်လုပ်မလဲဆို ဆန္ဒ ဦးစီးတဲ့ စိတ်အားထက်သန်မှုမျိုး ရှိနေပါစေ။ လောဘပါတဲ့ စိတ်အားထက်သန်မှုက အပျက်ဘက်ကို ဦးတည်တာများပါတယ်။ လောဘကြောင့် မလုပ်သင့်တာလုပ်မိပြီး စာရိတ္တကျိုးပေါက်မှုဖြစ်လာတဲ့အခါ ကိုယ့်လိပ်ပြာကိုယ်ရှက်ပြီး ယုံကြည်မှုပျောက်ဆုံးတတ်ပါတယ်။

    စိတ်နေသဘောထား အကြောင်းအကျဉ်းလောက် ပြောပြပေးပြီးပြီဆိုတော့ ကိုယ်နေဟန်ထားဖက်လှည့်လိုက်ရအောင်။

    သည်မှာ စာရေးသူပြောချင်တဲ့ ကိုယ်နေဟန်ထားက ခါး မတ်မတ်နေဖို့၊ ခေါင်းမော့ထားဖို့ ၊ လမ်းကို ဘယ်လို လျောက်ဖို့ စတဲ့ အပေါ်ယံ အမူအကျင့်တွေ အကြောင်း ဦးစားပေးမပြောချင်သေးပါဘူး။ ဒါတွေ အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်။ တမင် အတင်းလုပ်ယူလို့ စိတ်ကျဉ်းကြပ်လာပြီဆိုတာနဲ့  ကိုယ့်ရဲ့ ကိုယ်နေဟန်ထားပါ တောင့်တောင့်ကြီးဖြစ်လာပြီး တကယ်အဆင်မပြေဖြစ်ကုန်မှာ။

    စာရေးသူ ဂရုစိုက်စေချင်တဲ့ ကိုယ်နေဟန်ထားနဲ့ ပတ်သတ်တဲ့ အချက်က နှစ်ချက်ပဲ ရှိပါတယ်။ မျက်နှာထားနဲ့ ကာလံဒေသံ ယဉ်ကျေးမှုပါ။ စိတ်ကို ထင်ဟပ်အပြဆုံးက မျက်နှာ မိုလို့ပါ။ မျက်နှာထား လို့ဆိုတဲ့နေရာ မှာ မျက်လုံး အကြည့်နဲ့ အပြုံးအရယ် ကိုပါ ဆိုလိုပါတယ်။  ပြုံးမနေရင်တောင် မျက်လုံးအကြည့်ကတည်ငြိမ်ပြီး  မျက်နှာထားကြည်လင်ပြေလျော့နေတာမျိုးက တစ်ဖက်လူ အနေနဲ့ ရင်းနှီးဖို့ လွယ်မှာဖြစ်သလို လေးစားမှုအဟန့်တစ်ခုပါ ရှိနေပါလိမ့်မယ်။ နောက်တစ်ခုက ကာလဒေသရဲ့ ယဉ်ကျေးမှုကို သတိပြုဖို့ပါ။ ဘယ်နေရာဆို ဘယ်လိုမဝတ်သင့်ဘူးလဲ၊ ဘယ်သူဆိုရင်တော့ ဘယ်လို မသုံးနှုန်းသင့်ဘူးလဲ စတဲ့ လူမှုရေးထုံးတမ်း (social etiquette) တွေဟာ အချိန်အခါနဲ့ နေရာ အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

    အဲ့ဒါလေးကို မလွတ်သွားဘူးဆိုရပါပြီး။ အချုပ်အနေနဲ့ကတော့ ကိုယ့်ရဲ့ ကိုယ်နေဟန်ဟာ ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ အရင်ဖြစ်ပြီး ပြီးမှ သူများအမြင်နဲ့ လိုက်ချိန်ညှိကြည့်ပါ။ ခါးတအားမတ်နေအောင်၊ ခေါင်းငုံ့မနေအောင်၊ လမ်းလျှောက်တဲ့ပုံစံ smart ကျအောင်က အတင်းကြီး ပြင်ယူထားလည်း အပေါ်က စိတ်နေစိတ်ထားနဲ့ ကိုယ်နေဟန်ထား အတွက် အဓိကကျတဲ့ အချက်တွေ ရှိမနေရင် အလကားပါပဲ။ အပေါ်ကအချက်တွေ ပြည့်စုံနေတဲ့လူ အတွက်တော့ သည်အပေါ်ယံ အမူအရာတွေက လေ့ကျင့်စရာမလို ကျွဲကူးရေပါ အလိုလို ဖြစ်ပါလာလိမ့်မယ်။

    မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ယူခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ရရှိနိုင်ကြပါစေ။

    ရေးသားသူ – နှင်းနုအေး

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement