ဘယ်လိုလူမျိုးကတော့ စိတ်ရောဂါမဖြစ်နိုင်ဘူးဆိုပြီး သတ်မှတ်လို့ရလား။
နာမည်ကြီး အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတယ် ဆိုတဲ့ သတင်းတွေတက်လာရင် သူတို့အကြောင်း ဘာမှမသိကြတဲ့ ဘေးလူတွေက “ရုပ်ကလေး ချောနေလျက်နဲ့ ဘာလို့သတ်သေသွားရတာလဲ၊ ဝင်ငွေကလည်း ကောင်းနေတာပဲ၊ အဆိုတော်ဆိုတာ ငါတို့ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားတတ်လိုက်တာ၊ အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ကြဘူးနော်၊ သူတို့ထက် အဖြစ်ဆိုးတဲ့သူတွေ လောကမှာအများကြီးမရှိတာတောင် မသတ်သေကြဘူး” အစရှိသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ၊ ကာယကံရှင်နဲ့လည်း မသက်ဆိုင်တဲ့အရာတွေကို အများဆုံး ပြောတတ်ကြပါတယ်။
အပေါ်မှာလည်း တစ်ခေါက်ပြောခဲ့ပြီးပါပြီ။ စိတ်ကျန်းမာရေးဆိုတာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဘယ်လိုလူမျိုးမို့လို့ စိတ်ရောဂါဖြစ်ခွင့်မရှိဘူးဆိုပြီး တရားသေသတ်မှတ်တာက လောကနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့တွေးခေါ်မှုပုံစံ ကျဉ်းမြောင်းတယ်ဆိုတာကို ပြသနေတာပါပဲ။
စိတ်ကျန်းမာရေးပြဿနာသည် ကုသရခက်တယ်ဆိုတာ ဟုတ်သလား။
ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက်တစ်ခုခုရှိရင် သောက်စရာဆေးရှိတယ်၊ အာထရာဆောင်း ရိုက်ပြီး စစ်ကြည့်လို့ ရတယ်၊ မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ထုတ်လိုက်လို့ ရတယ်၊ လွယ်တာတော့ မဟုတ်ပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ တော်တော်များပါတယ်။ စိတ်ကျန်းမာရေးပြဿနာမှာ ဝေဒနာရှင်က စိတ်ဓာတ်ကျနေတဲ့ လက္ခဏာပြနေရင်တောင် ဒီလူဆီမှာ စိတ်ကျရောဂါရှိတယ်လို့ အတိအကျပြောလို့ မရသလို တခြားစိတ်ရောဂါတွေ မရှိဘူးလို့လည်း အလွယ်တကူသတ်မှတ်လို့ မရပါဘူး။
လူနာရှင်ရဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝနေထိုင်မှုပုံစံ၊ စကားပြောဆိုမှု၊ ခြေဟန်လက်ဟန် မျက်နှာဟန်ပန်အမူအရာတွေ၊ ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်အကြာကြီး ဆွေးနွေးပြီးမှ ရောဂါဇစ်မြစ်ကို သတ်မှတ်လို့ ရပါတယ်။ ရောဂါသိပြီးသွားရင်လည်း တွေးခေါ်မှုပိုင်းဆိုင်ရာ စိတ်ကုထုံးတွေ၊ စိတ်ငြိမ်စေတဲ့ ဆေးတွေ၊ စိတ်လေ့ကျင့်ခန်းတွေ စတာတွေကို လုပ်ပေးဖို့အတွက် လူနာတွေကိုယ်တိုင်က စိတ်မရှည်ကြသလို ရောဂါပျောက်ဆေးမဟုတ်တဲ့အတွက် သိပ်ပြီး ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေလည်း မရှိကြပါဘူး။ နောက်တစ်ချက်က စိတ်ရောဂါတွေဟာ အချိန်အကြာကြီး ရောဂါကိုပိုးမွေးသလို မွေးပြီးမှ ဖြစ်လာတဲ့ပြဿနာဖြစ်တဲ့အတွက် ကုသဖို့အချိန်ဟာလည်း နှစ်ရှည်လများစွာ ကြာမြင့်နိုင်ပါတယ်။
ကိုယ့်ရဲ့စိတ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာများတွေ့လာရင် ဘာလုပ်သင့်လဲ။
- ကိုယ်ချစ်ရတဲ့၊ ယုံကြည်ရတဲ့သူတွေကို ကိုယ့်ပြဿနာများအကြောင်း ရင်ဖွင့်ပါ။
- ရင်ဖွင့်စရာလူမရှိရင် စိတ်ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
- ကိုယ်တစ်ယောက်တည်း ဒီလိုမျိုးခံစားနေရတယ်လို့ မသတ်မှတ်ထားပါနဲ့၊ ကိုယ့်လိုပဲ စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေ အများကြီးရှိပါတယ်။
- စိတ်ရောဂါ၊ စိတ်ကျန်းမာရေးပြဿနာဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဒါတွေကို လိုက်ပြီးနှိမ့်ချဆက်ဆံနေသူတွေရဲ့ အပြုအမူတွေကသာ ရှက်စရာကောင်းတာပါ။
- စိတ်ညစ်ရင် စိတ်ထွက်ပေါက်ဖြစ်စေမယ့် အရာတစ်ခုခု ထလုပ်ပါ။
- မကောင်းတဲ့ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဖွင့်ထုတ်ပါ။ ရင်ထဲ မျိုသိပ်မထားပါနဲ့။
- စိတ်ကျန်းမာရေးပြဿနာရှိလို့ ကိုယ်ဟာ တခြားသူတွေထက် တစ်ဆင့်မနိမ့်သွားပါဘူး။ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေကို အရှိအတိုင်း လက်ခံပါ။ မကောင်းဘူးထင်ရင် ပြင်ဆင်ပါ။ လောကမှာ အပြစ်အနာအဆာကင်းပြီး အမှားအယွင်းမရှိတဲ့သူဆိုတာ မရှိပါဘူး။ လဲကျရင် ပြန်ရပ်ပါ။ အမှားလုပ်ခဲ့မိရင် သင်ခန်းစာယူပြီး ပြင်ဆင်ပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။