home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စတွေကို ရှောင်ရှားလိုတဲ့၊ လူမှုရေးကိစ္စတွေကို စိုးရိမ်ပူပန်မှုများတဲ့ အခြေအနေကို Social Anxiety Disorder လို့ ခေါ်ဝေါ်ပါတယ်။ မိမိ မနှစ်ခြိုက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားလိုတာ သဘာဝဖြစ်ပါတယ်။

ဒါပေမယ့် လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို ကြောက်ရွံ့စိုးရိမ်စိတ်များနေတာ၊ သူစိမ်းတရံစာများနဲ့ မတွေ့ဆုံလိုတာ၊ မိတ်ဆုံစားပွဲ တွေ့ဆုံပွဲတွေကို ရှောင်ကြဉ်တာ စတာတွေကတော့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ မိမိကို အများက ဝေဖန်မှာ၊ ကဲ့ရဲ့မှာ စတာတွေကို စိုးရိမ်စိတ်များနေတာကြောင့် ဖြစ်ပါတယ်။ တခါတရံမှာ ဒီပြဿနာကို ခံစားနေရသူများကိုယ်တိုင်က သူတို့အနေနဲ့ ဖြစ်သင့်တာထက် လွန်ကဲနေတာကို သိမြင်ကြပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မထိန်းနိုင်ကြပါဘူး။

လူမှုဆက်ဆံရေးကို ကြောက်ရွံ့ရှောင်ရှားတာဟာ သာမန်ရှက်ကြောက်တတ်တဲ့ အခြေအနေနဲ့ မတူပါဘူး။ ရှက်ကြောက်ခြင်းဟာ တခဏတာပဲဖြစ်ပြီး နေ့စဉ်ဘဝကို အနှောက်အယှက်မပေးနိုင်ပါဘူး။ လူမှုဆက်ဆံရေးကို ရှောင်ရှားခြင်းကတော့ အစွဲအလန်းတခုလို ပျောက်ပျက်ဖို့ ခဲယဉ်းပြီး နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။ တနေ့တာ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ မိတ်တွေများနဲ့ ပေါင်းသင်းဆက်ဆံရေးမှာဖြစ်စေ လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်လာစေနိုင်ပါတယ်။

လက္ခဏာများ

လူမှုဆက်ဆံရေးကို ကြောက်ရွံ့နေသူတယောက်ဟာ လူအများ အထူးသဖြင့် သူစိမ်းတရံများကြားကို ရောက်ရှိသွားမယ်ဆိုရင် အောက်ပါရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

– မျက်နှာနီမြန်းခြင်း

– ပျို့အန်ခြင်း

ချွေးအလွန်ထွက်ခြင်း

– ခြေတုန်လက်တုန်ဖြစ်ခြင်း

– စကားပြောရန်ခက်ခဲခြင်း

– မူးဝေခြင်း၊ သတိလစ်ခြင်း

– နှလုံးခုန်မြန်ခြင်း

စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီး

– လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာ စိတ်ပူလွန်းခြင်း

– ပွဲအစီအစဉ်တခုခုအတွက် ကြိုတင်ပြီး စိတ်လှုပ်ရှားပူပန်နေခြင်း

– လူများလာလျှင် ထောင့်တနေရာရာကပ်နေခြင်း

– မိမိစိတ်လှုပ်ရှား၊ စိတ်ဖိစီးနေသည်ကို တခြားသူများသိသွားမည်ကို စိုးရိမ်ခြင်း

– ပူပန်စိုးရိမ်စိတ်များပြီး အလုပ် (သို့မဟုတ်) ကျောင်းပျက်ခြင်း

– အရက်ဖြင့် ရဲဆေးတင်ခြင်း စတဲ့အမူအကျင့်တွေ တွေ့ရတတ်ပါတယ်။

ဘာကြောင့်ဖြစ်တတ်သလဲ

အကြောင်းအရင်းကိုတော့ အတိအကျမသိကြသေးပါဘူး။ ယေဘုယျအားဖြင့် ပတ်ဝန်းကျင်အကြောင်းခြင်းရာများနဲ့ မျိုးရိုးဗီဇအပေါ် မူတည်တယ်လို့ ယူဆကြပါတယ်။ ဆိုးရွားခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဥပမာ လူအများရှေ့မှာ အရှက်တကွဲ ဖြစ်ဖူးခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ မိသားစုပဋိပက္ခဖြစ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရဖူးခြင်း စတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ မိဘတွေမှာ ဖြစ်ပွားတဲ့ ရာဇဝင်ရှိရင်လည်း သားသမီးတွေမှာပါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ငယ်စဉ်ကတည်းက စိုးရိမ်စိတ်ကြီးလွန်းတဲ့ မိဘတွေရဲ့ ထိန်းကျောင်းမှုအောက်မှာ ကြီးပြင်းလာတဲ့ ကလေးတွေမှာလည်း လူမှုဆက်ဆံရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကြောက်ရွှံ့တတ်တာကို တွေ့ရတတ်ပါတယ်။

ဘယ်လိုကုသမလဲ

စိုးရိမ်ပူပန်စိတ်ကြောင့် လူမှုဝန်းကျင်ကို ရှောင်ဖယ်နေသူများကို ကုသရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ တဦးနဲ့တဦးလည်း ကုသမှုခံယူရပုံခြင်း ပြောင်းလဲမှု ရှိနိုင်ပါတယ်။ များသောအားဖြင့် စိတ်ကျန်းမာရေးပညာရှင်များက သင့်တော်ရာကုထုံးနဲ့ ကုသပေးကြပါတယ်။ ဥပမာ အဆိုးမြင်တဲ့ အတွေးအကြံတွေနေရာမှာ အကောင်းမြင်တွေးတောတတ်တဲ့ စိတ်သဘောထားပြောင်းလာနိုင်တဲ့ သိမှတ်မှုနဲ့အမူအကျင့်ပိုင်းဆိုင်ရာကုထုံး (Cognitive behavioral therapy)၊ ကြောက်ရွှံ့ထိတ်လန့်တတ်တဲ့ အရာတွေကို ဖြည်းဖြည်းချင်းထိတွေ့စေတဲ့ကုထုံး (Exposure therapy) စတာတွေ ဖြစ်ပါတယ်။

နားလည်တတ်ကျွမ်းသူတွေနဲ့ ကုသမှုခံယူနေသလိုပဲ တဖက်မှာလည်း နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနိုင်ပါတယ်။ စိုးရိမ်ပူပန်စိတ်မြင့်စေနိုင်တဲ့ ကဖိန်းကို သုံးစွဲမှုလျှော့ချသင့်ပါတယ်။ ကော်ဖီ၊ ချောကလက်၊ ကဖိန်းပါတဲ့ဆိုဒါ စတာတွေ ဖြစ်ပါတယ်။ နေ့စဉ် ၈နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်သင့်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာ စိုးရိမ်ပူပန်စိတ်နဲ့ လူမှုဝန်းကျင်ကို ကြောက်တဲ့စိတ်တွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အရက်သောက်သုံးခြင်းကိုလည်း ရှောင်ရပါမယ်။ ကုသနေတဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 29/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။