backup og meta

Orthorexia (သို့မဟုတ်) အစားအသောက်ရွေးချယ်ရာတွင် စိတ်စွဲလွန်ခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Orthorexia (သို့မဟုတ်) အစားအသောက်ရွေးချယ်ရာတွင် စိတ်စွဲလွန်ခြင်း

    ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်မှာစိုးပြီး အစားအစာများကို တရားလွန်ရှောင်ကြဉ်ခြင်း၊ ရွေးချယ်ခြင်း ပြုလာပြီဆိုရင်တော့ သတိပြုရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီပြဿနာကို ဆေးပညာမှာတော့ orthorexia လို့ ခေါ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုပြီး အစားအသောက်တွေကို အလွန်အကျွံ ဇီဇာကြောင်ရွေးချယ်ခြင်း ဖြစ်ပါတယ်။

    ဘယ်အရာက Orthorexia ပြဿနာကိုဖြစ်စေသလဲ

    ပထမတော့ မိမိကျန်းမာရေးအတွက် စားသောက်မှုပုံစံကို ဂရုပြုရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစွန်းရောက်ပြီး စိတ်အစွဲကြီးလာပါတယ်။ အပြည့်စုံဆုံးကိုမှ လိုလားခြင်း၊ စိတ်ပူပန်ခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေများကလည်း ဒီပြဿနာကို ပိုဆိုးစေပါတယ်။ တခါတရံမှာ မိမိသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အရ ကျန်းမာရေးကို အထူးဂရုစိုက်ရသူတွေမှာလည်း ဒီပြဿနာရှိလာတယ်လို့ ဆိုကြပါတယ်။

    ဥပမာအားဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အော်ပရာအဆိုတော်များ၊ ဘဲလေးကခြေသည်များ၊ သံစုံတီးဝိုင်း ဂီတပညာရှင်များ၊ အားကစားသမားများ စသူတွေပဲ ဖြစ်ပါတယ်။ အသက်အရွယ်၊ ကျားမကွဲပြားမှု၊ ပညာအရည်အချင်း၊ လူမှုစီးပွားရေးအခြေအနေ စတာတွေပေါ်မှာလည်း မူတည်တယ်လို့ သိရပါတယ်။

    တခါတရံမှာ အစားအသောက်ကို ပုံမှန်စိတ်နဲ့ပဲ ကျန်းမာရေးကို ရှေးရှုရွေးချယ်တာလား၊ စိတ်စွဲလွန်ပြီး ရွေးချယ်နေတာလားဆိုတာ ခွဲရခက်ပါတယ်။ ရောဂါအမည်တပ်နိုင်ဖို့ ခက်ခဲပါတယ်။

    အဲဒီအခါမှာ ဒီပြဿနာရှိမရှိ သိနိုင်ဖို့အချက်ကို စွိတ်စွဲခြင်းကြောင့် ဘယ်လိုထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေသလဲဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ လူမှုရေး၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စတာတွေပေါ် ထည့်သွင်းစဉ်းစားပါတယ်။ ဥပမာ ကိုယ်အလေးချိန် အလွန်အကျွံ ကျဆင်းခြင်း၊ သူငယ်ချင်းများနဲ့ အတူသွားလာ စားသောက်ဖို့ ငြင်းဆန်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘယ်လိုသတ်မှတ်မလဲ

    ကျန်းမာရေးအတွက် အစားအသောက်ကို သာမန်ရွေးချယ်တတ်ခြင်းနဲ့ စိတ်စွဲလွန်ရွေးချယ်ခြင်း အကြားမှာ ခွဲခြားနိုင်ဖို့ အောက်ပါအတိုင်း သတ်မှတ်ချက်အချို့ ရှိပါတယ်။

    ၁။ အစားအသောက်အပေါ် အာရုံစိုက်လွန်ကဲမှု

    ဒီအပိုင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီး အာရုံစိုက်လွန်ကဲနေတတ်တာကို ဆိုလိုပါတယ်။ သိသာစွာ သိမြင်နိုင်တဲ့ အချက်တွေကတော့

    – အမူအကျင့်/အတွေးအကြံ။ အစားအသောက်ကို အမြဲသတိထား ရွေးချယ်နေမှသာ ကျန်းမာရေးကောင်းနိုင်မယ်လို့ ယူဆပါတယ်။

    – စိတ်ပူပန်ခြင်း။ အစားအသောက်ကို စိစစ်ရွေးချယ်တတ်ခြင်းနဲ့ ပတ်သက်တဲ့ မိမိဖာသာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက်ပြီဆိုရင် စိတ်ပူပန်ခြင်း၊ ရှက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မသန့်မရှင်းသလို ခံစားရခြင်း၊ စိတ်ပျက်ခြင်း စတဲ့အာရုံမျိုးတွေ ခံစားရပါတယ်။

    – ဆိုးရွားစွာ ကန့်သတ်ခြင်း။ အစားအသောက်ကို ကန့်သတ်ရွေးချယ်လာပြီး အချိန်ကြာလာတာနဲ့အမျှ လုံးဝစားသောက်ချင်စိတ်ပျောက်ပြီး ကိုယ်ခန္ဓာမှ အဆိပ်ထုတ်သန့်စင်သည့် ပုံစံကိုသာ အာရုံစိုက်ခြင်း၊ မစားဘဲနေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ၂။ နေ့စဉ်ဘဝကို ထိခိုက်စေသော အမူအကျင့်ပြောင်းလဲခြင်း

    ဒုတိယအစိတ်အပိုင်းကတော့ တနေ့တာ ပုံမှန်လည်ပတ်မှုတွေကို အဟန့်အတား ဖြစ်လာခြင်းပါပဲ။ အောက်ပါနည်းလမ်းတွေနဲ့ ဖြစ်တတ်ပါတယ်။

    – ကျန်းမာရေးထိခိုက်ခြင်း။ အာဟာရမပြည့်ဝခြင်း၊ ကိုယ်အလေးချိန်ဆိုးရွားစွာကျခြင်း၊ အစားအသောက်ပျက်ခြင်းနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း

    – လူနေမှုဘဝထိခိုက်ခြင်း။ အစားအသောက်ကို အလွန်အကျူး ရွေးချယ်နေတတ်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်ပြီး လူမှုရေး ပညာရေးကိစ္စရပ်များမှာ ထိခိုက်လာခြင်း

    – စိတ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်း။ ရုပ်ရည်သွင်ခြင်၊ မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ကျေနပ်မှု စတာတွေအတွက် အစားအသောက်နဲ့ပတ်သက်ပြီး မိမိဖာသာ သတ်မှတ်ထားသော စည်းမျဉ်းစည်းလမ်းများအပေါ် အလွန်အကျူးမှီခိုလာခြင်း

    ထိခိုက်မှုများ

    ၁။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျာ

    အစားအသောက်ကို စိစစ်လွန်းတာကြောင့် လိုအပ်တဲ့ အစာအာဟာရဓာတ်တွေ မရတဲ့အခါမှာ အာဟာရပြတ်ခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးခုန်နှေးခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ပိုမိုဆိုးရွားလာတဲ့အခါ အစာချေဖျက်နိုင်မှုပြဿနာ၊ ဓာတ်ဆားနှင့်ဟော်မုန်းများ ဟန်ချက်မညီခြင်း၊ အရိုးများ မကောင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဆိုပါပြဿနာများဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြေရှိတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

    ၂။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

    အစားအစာတွေကို ဇီဇာကြောင်လွန်းပြီး မိမိဖာသာသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိတဲ့အခါ အပြစ်ရှိပြီး စက်ဆုပ်သလိုခံစားရတတ်ပါတယ်။ ဒီအဖြစ်အပျက်ကို ချေဖျက်နိုင်ဖို့ ကိုယ်ခန္ဓာမှ အဆိပ်ဓာတ်ထုတ်သန့်စင်ခြင်း၊ အစာမစားဘဲနေခြင်း စတဲ့နည်းလမ်းတွေ လုပ်ဆောင်လာတတ်ပါတယ်။ ကြာလာရင် ပတ်ဝန်းကျင်ကို အာရုံစိုက်မှုနည်းလာခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း ကျဆင်းလာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။

    ၃။ လူမှုရေးပြဿနာများ

    အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာကြောင်လွန်းတယကြောင့် လူမှုရေးကိစ္စတွေပါ ထိခိုက်လာပါတယ်။ ညစာစားပွဲများ ရှောင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် စားသုံးရန်ငြင်းဆန်ခြင်း စတာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ပတ်သက်တဲ့ မိမိရဲ့သဘောထားဟာ သူတပါးထက် သာလွန်ထူးကဲသလို စိတ်ကြီးဝင်လာတတ်ပါတယ်။ လူမှုရေးအရ ဘေးကို ရောက်လာတတ်ပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ

    ဦးစွာ မိမိအခြေအနေကိုသိအောင် စေ့ငုရပါမယ်။ တတ်နိုင်သလောက် စိတ်ကိုပယ်ဖျောက်ရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်စားသောက်တယ်ဆိုပေမယ့် အလွန်အကျွံဖြစ်မလာအောင် ဂရုပြုသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများရဲ့ အကူအညီကို ရယူသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများဆိုရာမှာ ဆရာဝန်၊ စိတ်ပညာရှင်၊ အာဟာရပညာရှင် စသူတွေဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement