backup og meta

သစ်သီးဝလံတွေ များများစား စိတ်ချမ်းသာစေသား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီးဝလံတွေ များများစား စိတ်ချမ်းသာစေသား

    စိတ်ဓာတ်ကျတာက လူတော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဘဝအခြေအနေကို ပြောင်းလဲစေနိုင်တဲ့အထိ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတလေမှာ ကုထုံးခံယူရတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။ စိတ်ဖိစီးတိုင်း ကုထုံး ခံယူဖို့ လိုတာလားဆိုတော့ ခံယူနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီမတိုင်ခင်မှာတော့ စိတ်ဖိစီးတာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊ နေထိုင်မှုပုံစံတွေကို ပြောင်းလဲတာတွေ လုပ်ဆောင်ပေးပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

    စိတ်ဓာတ်ကျတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတစ်ရပ်ဆိုပေမယ့် စိတ်ဓာတ်ကျတာကို သက်သာစေဖို့ အစားအသောက်နဲ့ ကုသလို့ ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက် အခုနောက်ဆုံးတွေ့ရှိထားတဲ့ Aston universityက လေ့လာမှုလေး  တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ စိတ်ဓာတ်ကျတာကို သက်သာချင်တယ်ဆိုရင် သစ်သီးဝလံတွေ စားပေးလို့ ရတယ် ဆိုတာပါ။

    စိတ်ဓာတ်ကျတာကို သစ်သီးဝလံတွေက ဘယ်လိုများ သက်သာစေတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    သစ်သီးဝလံတွေ များများစား စိတ်ချမ်းသာစေသား

    သစ်သီးဝလံတွေ များများစား စိတ်ချမ်းသာစေသား

    သစ်သီးဝလံကို မကြာခဏဆိုသလို စားသုံးလေ့ရှိသူတွေ၊ သစ်သီးဝလံကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်တဲ့ လက္ခဏာတွေ ပိုမိုတွေ့ရှိရသလို စိတ်ဓာတ်ကျမှုလည်း ကင်းကြပါတယ်။

    လေ့လာမှုအတွင်း တွေ့ရှိခဲ့ရတာက နေ့စဉ် စားသုံးမှုမှာ သစ်သီးဝလံ ပါဝင်အောင် စားသုံးလေ့ရှိသူတွေဟာ  သစ်သီးမစားတဲ့သူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ နည်းပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေ တွေ့ရှိခဲ့တာက အာလူးကြော်လိုမျိုး အာဟာရ ပါဝင်မှု နည်းပါးတဲ့ သွားရေစာတွေကို စားသုံးတာက စိတ်ပူပန်မှုကို တိုးစေနိုင်တယ်ဆိုတာပါ။

    ဒီလေ့လာမှုအတွင်း အရွယ်ရောက်ပြီးသူ ၄၂၈ ဦးကို စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အချိုကဲတဲ့ သရေစာတွေကို စားသုံးမှုနဲ့ ၎င်းတို့ရဲ့ စိတ်ကျန်းမာရေး အခြေအနေကြား ဆက်စပ်မှုကို လေ့လာခဲ့တာပါ။

    ဒီလေ့လာမှုအတွင်း အသက်အရွယ် အပိုင်းအခြား၊ ကျန်းမာရေး အခြေအနေ၊ လေ့ကျင့်ခန်း လုပ်ဆောင်မှု အတိုင်းအတာတွေ အားလုံးကို ထည့်သွင်းလေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း တွေ့ရှိခဲ့တာက အာဟာရ ကြွယ်ဝတဲ့ သစ်သီးတွေ များများစားသုံးသူတွေက အချိုကဲတဲ့ သရေစာတွေ စားသုံးတဲ့သူတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုကောင်းတာကို တွေ့ရှိခဲ့ရပါတယ်။

    လေ့လာမှု ရလဒ်မှာ သစ်သီးဝလံ များများစားတဲ့သူတွေကအခြားသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ နည်းပြီး စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ တစ်ပတ်တာအတွင်း စားတဲ့ပမာဏထက် စားတဲ့အကြိမ်ရေက စိတ်ကျန်းမာရေးအပေါ် ပိုပြီးသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဟင်းသီးဟင်းရွက်တွေကိုတော့ ထည့်မလေ့လာထားပါဘူး။

    အာဟာရတန်ဖိုးနည်းတဲ့ အာလူးကြော်လိုမျိုး သရေစာတွေကို စားတာက နေ့စဉ်ဘဝမှာ ဟိုမေ့ဒီမေ့ ဖြစ်စေပြီး ဒီကနေမှ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမေ့တာတွေ များလာတာက စိတ်ရှုပ်ထွေးတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ကျန်းမာရေးမကောင်းတာနဲ့ ဆက်စပ်နေပါတယ်။

    နေ့စဉ် စားသုံးမှုမှာ သစ်သီးဝလံတွေ ပါအောင် စားပေးပါ

    နေ့စဉ်နေ့တိုင်းမှာ သစ်သီးဝလံတွေ ပါအောင် စားသုံးပေးတာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်သလို သိမြင်မှုစွမ်းရည် နဲ့ အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စေပါတယ်။

    သစ်သီးဝလံတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေ၊ အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုလုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ သစ်သီးတွေက ချက်ပြုတ်ပြီး စားသုံးရတာ မဟုတ်တာကြောင့်လည်း အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိစေပြီး စိတ်ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    လေ့လာမှုရဲ့ ကန့်သတ်ချက်များ

    ဒီလေ့လာမှုရဲ့ အားနည်းချက်ကတော့ သစ်သီးတွေစားတာနဲ့ စိတ်ကျန်းမာရေးက ဘာကြောင့်ကောင်းသွားလဲဆိုတဲ့ အကြောင်းရင်းကို လေ့လာထားတာ မဟုတ်ပါဘူး။ ဒီလေ့လာမှုအရ အာဟာရတန်ဖိုးနည်းပါးတဲ့ သွားရေစာတွေကို စားတာက မေ့လွယ်တာကို ဖြစ်စေတယ်။ ဒီကနေမှ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာပါ။

    တခြားလေ့လာချက်တွေဆိုရင်လည်း အသီးအရွက်၊ အသီးအနှံတွေနဲ့ စိတ်ကျန်းမာရေးကြား ဆက်စပ်မှုကို လေ့လာပေမယ့် အသီးအရွက်နဲ့ သစ်သီးတွေကို ခွဲခြားလေ့လာတာမျိုး မရှိပါဘူး။ စားတဲ့အကြိမ်ရေနဲ့ ပမာဏကို ခွဲပြီး လေ့လာတာမျိုးက ပိုလို့တောင် မရှိပါဘူး။

    ဒီလေ့လာချက်အရ ဖြစ်နိုင်တာကတော့ နေ့စဉ်စားသောက်ပုံက စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနေတယ်ဆိုတာပါ။ ဒီလိုပဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သွားရေစာတွေ စားသုံးမှုကို လျှော့ချလိုက်တာက ကိုယ်ကျန်းမာရေးကိုရော စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေမှာပါ။

    ဒါကြောင့် အတိုချုပ်ပြောရမယ်ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ သစ်သီးတစ်ခွက်စာလောက် ပါအောင် စားပေးတာက ကျန်းမာရေးအတွက် အရှုံးမရှိပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement