backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ကျဆန့်ကျင်ဆေးတွေဟာ ကိုယ်အလေးချိန်တိုးစေသလား


Dr. Thant Zin မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ကျဆန့်ကျင်ဆေးတွေဟာ ကိုယ်အလေးချိန်တိုးစေသလား

နောက်ပိုင်းမှာ စိတ်ကျဆေးတွေမှာ ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ့လာရပါတယ်။ သုတေသနတခုမှာဆိုရင် စိတ်ကျကုဆေးကို သောက်သုံးသူများရဲ့ ၂၅%ခန့်ဟာ ကိုယ်အလေးချိန်တက်လာတယ်လို့ ဆိုထားပါတယ်။

တဦးချင်းအခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ သုံးစွဲသူချင်းမှာတောင် တချို့က ပိုပြီး ကိုယ်အလေးချိန် မြင့်တက်နိုင်ပါတယ်။

ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ကျရောဂါ ကုသတဲ့ဆေးဝါးတွေနဲ့ ကိုယ်အလေးချိန် မြင့်တက်မှုအကြား ဘယ်လိုဆက်စပ်မှု ရှိနေသလဲ ဆိုတာပါပဲ။

ဖြစ်စဉ်ကို တိကျစွာ မသိရသေးပေမယ့် သီအိုရီတချို့အရတော့ စိတ်ကျကုသဆေးတွေဟာ ဆီရိုတိုနင်လို့ခေါ်တဲ့ ကိုယ်ခန္ဓာထဲက သဘာဝလျှပ်ကူးပစ္စည်းကို ချိန်ညှိပေးရင်း စိတ်ပူပန်မှုကို လျော့ပါးစေပါတယ်။ အဆိုပါဆေးတွေဟာ စားသောက်မှုပုံစံကိုလည်း ပြောင်းလဲစေတတ်ပါတယ်။ ပေါင်မုန့်၊ ခေါက်ဆွဲ၊ အချိုပွဲ စတဲ့ ကစီဓာတ်များတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးလာကြပါတယ်။

လူအများဟာ စိတ်ဓာတ်ကျလာချိန်မှာ စားသောက်ပုံပါ ပြောင်းလဲလာပါတယ်။ လူတချို့ဟာ စိတ်ဓာတ်ကျလာချိန်မှာ ပိုမိုဆာလောင်လာကြပြီး တချို့ကတော့ အစားပျက်ကြပါတယ်။ စိတ်ကျကုသဆေးတွေ သောက်ချိန်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ပြီး ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမယ့်တချက်က စိတ်ကျခြင်းကြောင့် နွမ်းနယ်ပြီး လှုပ်ရှားမှုများနည်းသွားနိုင်ခြင်းပါပဲ။ အဆိုပါ အခြေအနေမှာလည်း ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။

အောက်ပါ စိတ်ကျကုသဆေးများဟာ ကိုယ်အလေးချိန်ကို တိုးစေနိုင်တယ်လို့ သိရပါတယ်။

Tricyclic အမျိုးအစား စိတ်ကျကုဆေးများ

ဒီဆေးဝါးတွေဟာ စိတ်ကျကုဆေး အမျိုးအစားတွေထဲမှာ အစောဆုံးပုံစံပဲ ဖြစ်ပါတယ်။ အဆိုပါဆေးဝါး အမျိုးအစားတွေဟာ ခေတ်ပေါ်ဆေးတွေလောက် သုံးစွဲမှု သိပ်မရှိတော့ပေမယ့် တခြားသော ကုသမှုတွေနဲ့ မထိရောက်ခဲ့ရင်တော့ သုံးစွဲနေရတုန်း ဖြစ်ပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး တမျိုးကတော့ ကိုယ်အလေးချိန် မြင့်တက်ခြင်းပါပဲ။

အောက်ပါဆေးဝါးတွေကတော့ Tricyclic ဆေးအမျိုးအစားတွေ ဖြစ်ကြပါတယ်။

• amitriptyline (Elavil)

• amoxapine

• desipramine (Norpramin)

• doxepin (Adapin)

• imipramine (Tofranil-PM)

• nortriptyline (Pamelor)

• protriptyline (Vivactil)

• trimipramine (Surmontil)

MAOI ဆေးအမျိုးအစားများ

MAOI ဆေးဝါးတွေမှာလည်း ကိုယ်အလေးချိန်တက်စေတဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် အစားအစာ (သို့) ဆေးဝါးတချို့နဲ့တွဲသုံးရင် သွေးပေါင်ချိန် တက်လာစေတတ်ပါတယ်။ ဒါကြောင့် MAOI ဆေးတွေ သုံးစွဲနေချိန်မှာ အစားအသောက် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

အောက်ပါဆေးဝါးတွေကတော့ MAOI ဆေးအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

• isocarboxazid (Marplan)

• phenelzine (Nardil)

• tranylcypromine (Parnate)

SSRI ဆေးအမျိုးအစားများ (Selective serotonin reuptake inhibitors)

SSRI ဆေးတွေဟာ စတင်သုံးစွဲချိန်မှာ ကိုယ်အလေးချိန်ကျသွားတတ်ပေမယ့် ရေရှည်သုံးစွဲရင် ကိုယ်အလေးချိန် ပြန်တက်လာတတ်ပါတယ်။ အောက်ပါဆေးဝါးတွေ ဖြစ်ပါတယ်။

• citalopram (Celexa)

• fluoxetine (Prozac)

• paroxetine (Brisdelle, Paxil, Pexeva)

• sertraline (Zoloft)

အခြားစိတ်ကျကုဆေးများ

ကိုယ်အလေးချိန်တက်နိုင်ခြေ အနည်းငယ်ရှိတဲ့ ဆေးဝါးတွေကတော့ အောက်ပါဆေးဝါးတွေ ဖြစ်ပါတယ်။

• desvenlafaxine (Pristiq)

• escitalopram (Cipralex, Lexapro)

• levomilnacipran (Fetzima)

• nefazodone (Serzone)

• venlafaxine (Effexor)

• venlafaxine ER (Effexor XR)

• vilazodone (Viibryd)

• vortioxetine (Trintellix)

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

စိတ်ဓာတ်ကျတဲ့အခါ နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ကုသဖို့၊ စိတ်ကျဆန့်ကျင်ဆေးများ စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါတယ်။ စိတ်ကျဆေးများသုံးစွဲရာမှာလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသုံးစွဲဖို့နဲ့ ဘေးထွက်ဆိုးကျိုးတွေကို သတိချပ်ဖို့ လိုအပ်ပါတယ်။

စိတ်ကျဆေးကြောင့် ရရှိတဲ့အကျိုးကျေးဇူးက ဘေးထွက်ဆိုးကျိုးထက် ပိုမိုများပြားနေတဲ့အခါ ဆေးဝါးကိုဆက်လက်သုံးစွဲဖို့ ဆရာဝန်က ညွှန်ကြားမှာပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် မြင့်တက်ခြင်းလို ဘေးထွက်ဆိုးကျိုးကိုတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ထိန်းညှိနိုင်ပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ်အလေးချိန်ကျဆေးများ သုံးစွဲခြင်း၊ စိတ်ကျဆေးများ ရပ်ပစ်ခြင်း စတာတွေ မပြုလုပ်သင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement