home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အချစ်နဲ့ကျန်းမာရေး

အချစ်နဲ့ကျန်းမာရေး

မျက်လုံးထဲမှာ ကြယ်တွေ လိုးလိုးလက်လက်မြင်နေသလို၊ ဗိုက်ထဲမှာ လိပ်ပြာလေးတွေတရွရွပြေးနေသလို၊ ဒူးတွေပဲချောင်နေသလိုလို ….တစ်စုံတစ်ယောက်ကိုချစ်ရတယ်ဆိုတာ တယ်တော့ဘာနဲ့မှမတူတဲ့ခံစားမှုပါ။ ဒါပေမယ့် အဲဒီ အချစ်ခံစားမှုဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးသယ်လာပေးနိုင်တယ်ဆိုတာ သိပါသလား။

“ကျွန်တော်တို့ လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးရဲ့သတ္တဝါတွေဖြစ်တာနဲ့အညီ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးစွမ်းရည်အပြည့်နဲ့ လုပ်နိုင်လာကြပါတယ်” လို့ AMC ရဲ့ နှလုံးအထူးကုတစ်ဦးဖြစ်သူ Baran Kilical ကပြောပါတယ်။ အချစ်ခံရခြင်း ဒါမှမဟုတ် ချစ်ခြင်းတရားဟာ စိတ်ဖီးစီးမှုအခြေအနေကနေ နှလုံးကျန်းမာရေးအထိ အရာရာတိုင်းကို သက်ရောက်မှုရှိပါတယ် လို့ သူကဆိုပါတယ်။ ချစ်ခြင်းတရားဟာ ဘယ်လိုတွေကောင်းကျိုးတွေသယ်လာပေးနိုင်သလဲဆိုတာကို သိပ္ပံနည်းကျ လေ့လောထားတဲ့အချက်တွေကတော့ ဒီမှာပါ။

(၁) အသက်ရှည်စေတယ်

သုတေသနတွေအရ လူမှုဆက်ဆံရေးကောင်းတည်ဆောက်ခြင်းဟာ အသက်ရှည်ခြင်းနဲ့ တိတိကျကျ ဆက်စပ်နေပါတယ်။ အမေရိကန်သုတေသနဂျာနယ်တစ်ခုမှာ အသက် သုံးဆယ်ကနေ ခြောက်ဆယ့်ကိုးနှစ်ကြား လူပေါင်းငါးထောင်ရဲ့ အချစ်ရေးအခြေအနေကိုဆန်းစစ်ထားမှုကိုဖော်ပြခဲ့ပါတယ်။ ခိုင်မာမြဲမြံတဲ့ ချစ်ခြင်း ရှိတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတွေဟာ လက်မထပ်ထားတဲ့သူတွေထက်ပိုပြီး အသက်ရှည်ကြတာကိုတွေ့ရပါတယ်။ လူမှုဆက်ဆံရေးနဲ့ ချစ်ခြင်းတရားမှာအဆင်မပြေတဲ့သူတွေမှာတော့တခြားသူတွေထက် သေဆုံးနိုင်ခြေနှစ်ဆပိုမြင့်တာတွေ့ခဲ့ရပါတယ်။

“လေ့လာမှုတွေအများကြီးက ဒီအချက်ကိုထောက်ခံနေပါတယ်။ အထူးသဖြင့် အမျိူးသားတွေအတွက် ပိုပြီးတော့သိသာပါတယ်။ လက်ထပ်ခြင်းဟာ အမျိူးသားတွေထက်စာရင် အမျိူးသမီးတွေထက်ပိုပြီး ကျန်းမာရေးကို အထောက်အကူပြုတာတွေ့ရပါတယ်” လို့ သူကဆိုပါတယ်။ တခြားသောသုတေသနတွေအရလည်း ပေါင်းသင်းဆက်ဆံရေးနဲ့ချစ်ခြင်းတရားမကောင်းတဲ့သူတွေဟာ ရောဂါဝေဒနာခံစားရခြင်းနဲ့ အသက်သေဆုံးမှုနှုန်းပိုမြင့်တာကိုတွေ့ရပါတယ်။ “အထီးကျန်ခြင်းဟာ အမျိုးသားရော အမျိုးသမီးရောအတွက်ပါ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးနိုင်ခြေမြင့်တက်စေပါတယ်” လို့ Dr. Kilical ကဆိုပါတယ်။

(၂) နှလုံးကျန်းမာရေး

အချစ်ရဲ့ သင်္ကေတကို နှလုံးနဲ့ဖော်ပြလေ့ရှိကြပါတယ်။ တကယ်လဲ ချစ်ခြင်းတရားဟာ နှလုံးကျန်းမာရေးကို အများကြီးသက်ရောက်မှုရှိပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရသူတွေဟာ တကိုယ်တည်းသမားတွေ ဒါမှမဟုတ် အိမ်ထောင်ကွဲတွေထက် နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေ အများကြီးလျော့ပါတယ်။ “ ချစ်နေတဲ့သူတွေ အချစ်ခံရတဲ့သူတွေမှာ အလိုအလျောက်တုန့်ပြန်တဲ့အာရုံကြောစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းပိုမိုကောင်းမွန်ပြီး နှလုံးခုန်ခြင်းလိုမျိုး ခန္ဒာကိုယ်ရဲ့ လုပ်ငန်းတွေကိုကောင်းမွန်စေပါတယ်။

ဒါ့အပြင် ဖိစီးမှုကိုတုန့်ပြန်ခြင်းကိုလျော့ကျစေပြီး အချစ်က သွေးပေါင်ချိန်ကိုလဲ ကျစေပါတယ်။ ဆန့်ကျင်ဖက်အနေနဲ့ သီးခြားနေသူတွေ၊ အထီးကျန်နေသူတွေ၊ ဒါမှမဟုတ် မချစ်နှစ်သက်သူ သူစိမ်းတွေနဲ့နေရသူတွေမှာတော့ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို မြန်စေပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပွားလာစေပါတယ်” လို့ သုတေသနတွေကို ကိုးကားပြီး သူကဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ သာယာတဲ့အိမ်ထောင်ရေးရှိသူတွေဟာ နှလုံးတိုက်ခိုက်ခံရပြီးနောက် သေဆုံးမှုနှုန်း ၁၄ ရာခိုင်နှုန်းလျော့ကျတာကိုတွေ့ရပါတယ်။

(၃) အချစ်နဲ့အဆုတ်ကျန်းမာရေး

ပျော်စရာကောင်းတဲ့ချစ်ခြင်းတရားကို ပိုင်ဆိုင်ထားရလို့ ကောင်းကျိုးရတဲ့အထဲမှာ နှလုံးသာမက အဆုတ်လဲပါပါတယ်။ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ထားသူတွေမှာ အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်နိုင်ချေလဲလျော့ပါတယ်။ လက်မထပ်ထားတဲ့၊ အချစ်မရှိတဲ့သူတွေထက်စာရင် အသက်ရှူစက်တပ်ရနှုန်းလဲ နည်းပါတယ်။ နမိုးနီးယားကြောင့်သေဆုံးနိုင်ခြေ ဆယ့်သုံးရာခိုင်နှုန်းလဲ ပိုလျော့ပါတယ်။

(၄) အချစ်နဲ့စိတ်ဖိစီးမှု

အချစ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလဲ တိုးတက်စေပါတယ်။ ချစ်နေတဲ့အခါ ခန္ဒာကိုယ်က အောက်ဆီတိုစင်၊ ဒိုပါမင်း၊ ဆီရိုတိုနင် နဲ့ တက်စတိုစတီရုန်းတွေထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းတွေက ဦးနှောက်ကိုသက်ရောက်တဲ့အခါ လူကိုပိုလို့နေထိုင်ကောင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးပါတယ်။ ချစ်စခင်စမှာ အောက်စီတိုစင်ကမြင့်တက်နေပြီး တည်ငြိမ်တဲ့ရည်ရှည်အချစ်ရေးမှာတော့ ပြန်ကျသွားပါတယ်။ ဒါပေမယ့် အဲဒီ အောက်စီတိုစင်နည်းနည်းလေးကပဲ ကျန်းမာရေးအတွက်ကောင်းကျိုးတွေ အများကြီးဖြစ်စေပါတယ်။

ဒီလိုဆိုလို့ အချစ်မရှိတဲ့ တကိုယ်တည်းသမားတွေ က ဒီကောင်းကျိုးတွေ လုံးလုံးမရတော့ဘူးတော့မဟုတ်ပါဘူး။ “မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်ပြီး အပြုသဘောဆောင် နွေးထွေးတဲ့ဆက်ဆံရေးရှိရင်လဲ သင့်ကိုကျန်းမာစေမှာပါပဲ” လို့ Dr. Kilical က ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကျိုးများတဲ့ ချစ်ခြင်းတရားကို ကျွန်မတို့ ဘဝမှာ ကောင်းမွန်တဲ့အရာတွေဆောင်ကြဉ်းပေးလာအောင် ဉာဏ်ရှိရှိအသုံးချသင့်နေပြီပဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Seinn Moe Satt မှ ရေးသားသည်။ 01/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။