backup og meta

စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ

    အထီးကျန်ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းဟာ တချိန်မဟုတ် တချိန်မှာ ကြုံတွေ့နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလိုမှာ ကြေကွဲဝမ်းနည်းမယ်၊ စိတ်ဓာတ်ကျ နေမယ်ဆိုရင်တော့ ပြဿနာတခုခုရှိနေပါပြီ။ စိတ်ဓာတ်ကျခြင်းဆိုတာ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ဗလာသက်သက်ဖြစ်ခြင်း စတဲ့ခံစားမှုတွေ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် သင်ယခင်က စိတ်ဝင်တစား လုပ်ကိုင်ဖူးတဲ့ ကိစ္စရပ်တွေကိုတောင် နှစ်သက်ကျေနပ်ခြင်း မရှိတော့ပါဘူး။ တဦးနဲ့တဦး သက်ရောက်ခံရပုံမတူပေမယ့် ယေဘုယျအားဖြင့် နေ့စဉ် နေထိုင်လှုပ်ရှားမှု၊ အလုပ်အကိုင် စတာတွေကို ထိခိုက်လာနိုင်ပုံခြင်း တူပါတယ်။

    စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ

    စိတ်ကျခြင်းကို ကုသရာမှာ ဆေးဝါးကုသခြင်း၊ စိတ်ကျန်းမာရေးကုထုံးများနဲ့ ကုသခြင်းဆိုပြီး ရှိပါတယ်။ နောက်အရေးကြီးတဲ့တခုကတော့ လူရောစိတ်ပါ လန်းဆန်းကျန်းမာစေဖို့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။

    ယခုဆက်လက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ စိတ်ဓာတ်ကျချိန်မှာ သတိပြုကျင့်သုံးသင့်တဲ့ နေထိုင်မှုပုံစံတွေပဲ ဖြစ်ပါတယ်။

    ၁။ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာတွေကိုပဲ ရွေးချယ်စားသုံးရပါမယ်။ အကောင်းဆုံးကတော့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အသင့်စား သရေစာတွေကို လုံးဝရှောင်ရှားပေးဖို့ပါပဲ။ ပြည့်ဝဆီ၊ ပုံပြောင်းဆီ ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ရှားရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အောက်ပါ အာဟာရဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးသင့်ပါတယ်။

    ဖက်တီးအက်ဆစ်။ Omega-3 နဲ့ omega-6 တို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖက်တီးအက်ဆစ်တွေ ဖြစ်ပါတယ်။ သူတို့ကို

    – ငါးအမျိုးမျိုး

    – အခွံမာသီး၊ အစေ့

    – လတ်ဆတ်သော အသီးအရွက်များ

    – သံလွင်ဆီ စတာတွေမှာ တွေ့ရပါတယ်။

    အမိုင်နိုအက်ဆစ်။ ဦးနှောက်ထဲက လျှပ်ကူးပစ္စည်းတွေကို အမိုင်နိုအက်ဆစ်နဲ့ အဓိက ဖွဲ့စည်းထားပါတယ်။ စိတ်ကျန်းမာရေးအတွက် အရေးပါတာမို့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အောက်ပါ အစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါတယ်။

    – အသား

    – နို့ထွက်ပစ္စည်းများ

    အသီးအရွက်အချို့

    ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းများ။ ကာဘိုဟိုက်ဒရိတ်ဟာ နေလို့ထိုင်လို့ကောင်းစေတဲ့ လျှပ်ကူးပစ္စည်းဖြစ်တဲ့ ဆီရိုတိုနင်ကို ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ကာဘိုဟိုက်ဒရိတ်ဟာ အမိုင်နိုက်ဆစ်ကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်ဖို့လည်း အားပေးပါတယ်။ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း ဟင်းသီးဟင်းရွက်များ၊ လိမ္မော်သီး၊ သစ်တော်သီး စသည့် အသီးများကို ရွေးချယ်စားသုံးနိုင်ပါတယ်။

    ၂။ လေ့ကျင့်ခန်း

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဟာ ကိုယ်ခန္ဓာကနေ စိတ်ကျခြင်းကို ဆန့်ကျင်ပေးတဲ့ သဘာဝပစ္စည်းများကို ထုတ်လုပ်ပေးပါတယ်။ တရက်ကို နာရီဝက်လောက်နဲ့ တပတ်ကို ၃ရက်ကနေ ၅ရက်ထိ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့်

    – စိတ်ဖိစီးမှုလျော့ကျစေခြင်း

    – စိတ်ပိုင်းဆိုင်ရာတိုးတက်စေခြင်း

    – မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း

    – ညအချိန်ကောင်းစွာ အိပ်ပျော်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရပါတယ်။

    ၃။ ကိုယ်အလေးချိန် လျှော့ချခြင်း

    ကိုယ်အလေးချိန်လျှော့ချခြင်းဟာ မိမိကိုယ်ကို လေးစားယုံကြည်မှုရှိစေတဲ့အပြင် ကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။ ဒီအတွက် မစားမသောက်ဘဲ အငတ်ခံနေစရာတော့ မလိုပါဘူး။ သင့်တော်တဲ့ အစားအစာများကို ပုံမှန်စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်မယ့် နည်းလမ်းကောင်းတခု ဖြစိပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ပြီး နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်ပါတယ်။

    ၄။ တရားထိုင်ခြင်း

    တရားထိုင်ခြင်းဟာ မိမိစိတ်ကို တည်ငြိမ်အေးချမ်းအောင် ရှုမြင်ခြင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အစဉ်အလာအရ တရားထူးရဖို့ ဖြစ်ပေမယ့် အခုအခါမှာ စိတ်ဖိစီးမှုလျှော့ချဖို့အတွက်ပါ ကျင့်သုံးလာကြပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ကျခြင်းနဲ့ တွဲနေတတ်တဲ့ စိုးရိမ်ပူပန်ခြင်းကိုပါ သက်သာလျော့ပါးစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ တစုံတခုကို အာရုံစူးစိုက်ထားခြင်း စတာတွေလည်း အကျုံးဝင်ပါတယ်။

    ၅။ အိပ်စက်ခြင်း

    စိတ်ကျခြင်းရဲ့ တွေ့ရအများဆုံး နောက်ဆက်တွဲပြဿနာကတော့ အိပ်မပျော်ခြင်း ဖြစ်ပါတယ်။ ညအချိန်အိပ်ရာပေါ် လှဲနေပေမယ့် အိပ်မပျော်ဘဲ ဦးနှောက်ဟာ အတွေးများစွာနဲ့ အလုပ်လုပ်နေရပါတယ်။ အိပ်မပျော်လို့ ပင်ပန်းနွမ်းနယ်လာရင် စိတ်ကျခြင်းပါ ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် ကောင်းကောင်းအိပ်စက်ပေးခြင်းဟာ စိတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ အိပ်ချိန်ကို ပုံမှန်သတ်မှတ်ခြင်း၊ အိပ်ရာဝင်ခါနီး နှစ်နာရီခန့်မှာ ကဖိန်းပါတဲ့အရည်များ သောက်သုံးခြင်းကနေ ရှောင်ရှားခြင်း၊ တရားထိုင်ခြင်း၊ မိမိစိတ်ကို သတိကပ်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးနိုင်ပါတယ်။

    ၆။ ပေါင်းသင်းဆက်ဆံရေး

    စိတ်ကျချိန်မှာ မိမိနဲ့ အနီးကပ်ပေါင်းသင်းဆက်ဆံသူများဟာ အရေးကြီးပါတယ်။ အဆိုးမြင်စိတ်နဲ့ မိမိစိတ်ကို အနှောင့်အယှက်ပေးမယ့်သူတွေ မဖြစ်ရပါဘူး။ အကောင်းမြင်စိတ်ရှိပြီး မိမိကို ချစ်ခင်သူ၊ စာနာနှစ်သိမ့်ပေးနိုင်သူတွေကိုပဲ အနားမှာ ရှိစေသင့်ပါတယ်။

    ၇။ စိတ်ဖိစီးမှုကို လျှော့ချခြင်း

    စိတ်ဖိစီးခြင်းဆိုတာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတခုပါပဲ။ မထူးဆန်းပါဘူး။ ဒါပေမယ့် နေ့တိုင်းမှာ စိတ်ဖိစီးနေရင်တော့ လူနေမှုဘဝကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျနေချိန်မှာ ပိုဆိုးပါတယ်။ တဦးနဲ့တဦး စိတ်ဖိစီးမှုဖြေဖျောက်စရာ နည်းလမ်းတွေကတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် အောက်ပါနည်းလမ်းတွေကို ကျင့်သုံးနိုင်ပါတယ်။

    – မိမိသဘောကျသော ရုပ်ရှင်တကားကြည့်နေခြင်း

    – စာအုပ်ကောင်းကောင်းတအုပ်ဖတ်ခြင်း

    – ဝါသနာပါရာကို လုပ်ဆောင်နေခြင်း

    – သီချင်းနားထောင်ခြင်း

    – နေ့စဉ်မှတ်တမ်းရေးခြင်း

    – လေ့ကျင့်ခန်းပြုလုပ်ခြင်း

    – အပင်များ ပျိုးထောင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    နိဂုံး

    စိတ်ဓာတ်ကျခြင်းဆိုတာ အလေးအနက်ထားပြီး ဖြေရှင်းသင့်တဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်။ ဝမ်းနည်း အထီးကျန်တဲ့ ခံစားချက်တွေ ပေါ်လာပြီဆိုရင် မိမိစိတ်ကို သတိထားပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးပါ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီး အိပ်ရေး၀၀အိပ်ပါ။ တရားထိုင်ပါ။ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါလို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement