backup og meta

မျှဝေပါ။

သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ

ပူပင်သောကများတာ မကောင်းဘူးဆိုပေမယ့် သောကဆိုတာမျိုးက လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိနေနိုင်တာပါပဲ။ Anxiety လို့ ခေါ်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို မရောက်သည့်တိုင် လူတိုင်း သောကဖြစ်စရာ အတွေးတွေကို နေ့တိုင်းတွေးနေကြရတာမဟုတ်လား။

ဒီလိုသောကတွေများလာလေလေ လူတစ်ဦးတစ်ယောက်ရဲ့ တွေးခေါ်ပုံ ပြုမူလှုပ်ရှားပုံတွေဟာ ပြောင်းလဲလာလေလေဖြစ်ပြီးတော့ သာမန်အားဖြင့် ဘာမှမဟုတ်ဘူးလို့ ထင်ထားရတဲ့ အသေးအမွှားကိစ္စလေးတွေအပေါ်မှာတောင် သက်ရောက်လာနိုင်ပါတယ်။

လူတစ်ယောက် အရမ်းစိုးရိမ်ပူပန်နေရင်၊ ပူပင်သောကများနေရင် မယုံကြည်နိုင်စရာ အခြေအနေမျိုးတွေ ဖြစ်တာတတ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ဆောင်နေကျ အရာတွေမှာတောင် တွေဝေလာတာ၊ လွဲချော်လာတာ၊ တွန့်ဆုတ်လာတာတွေ ပိုပြီး ကြုံလာရတတ်ပါတယ်။

ဒါကြောင့်လည်း ဘယ်လိုသာမန်ကိစ္စတွေကို ပူပင်သောကများလွန်းသူတွေ လုပ်ဆောင်ရ ခက်ခဲနေတတ်သလဲဆိုတာကို ပြောပြပါရစေ။

  • အချိန်တိကျဖို့ ခက်တာ – ချိန်းဆိုထားမှုတွေမှာ နောက်ကျတာ ဒါမှမဟုတ် စောလွန်းနေတာမျိုး အမြဲဖြစ်ပါလိမ့်မယ်။
  • တဖက်သားကို ဂရုစိုက်ပေးဖို့ ခက်ခဲတာ – ဥပမာပြောရရင် ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဆိုတဲ့စကားက သာမန်စကားတစ်ခွန်းပါ။ လူတိုင်း အလွယ်တကူပြောဆိုနိုင်ပါတယ်။ Facebook လို ဆိုရှယ်မီဒီယာတွေ ပေါ်ကနေတဆင့်လည်း Birthday wish လုပ်ပေးလို့ရနေပါပြီ။ ဒါပေမယ့် ပူပင်သောကတွေများနေတဲ့အခါ သူများကို ဂုဏ်ပြုချင်စိတ်က ခေါင်းထဲမှာ နည်းနည်းလေးတောင်မှ ပေါ်မလာတော့ပဲ ကိုယ့်အပူနဲ့ကိုယ် လောင်မြိုက်ရင်း လျစ်လျူရှူမိသွားတတ်ကြပါတယ်။ ဒီသဘောမျိုးပါပဲ။

ပူပင်သောကများလွန်းရင် လုပ်ဆောင်ရခက်ခဲတတ်သည့် အပြုအမူများ

  • ဘဏ်တွေ၊ ငွေထုတ်စက်တွေမှာ ငွေသွားထုတ်ဖို့ ခက်ခဲတာ – ပိုက်ဆံသွားထုတ်တာပဲ လွယ်ပါတယ်လို့ လူတိုင်းတွေးမိကြမှာပါ။ ဒါပေမယ့် သောကများပြီး ရတက်မအေးဖြစ်နေသူတွေကတော့ ငွေသွားထုတ်တာက ဆုံးရှုံးမှုလို့ တွေးနေတတ်ကြပါတယ်။ ကိုယ့်မှာရှိနေတဲ့ ငွေကို ထုတ်ရင်ကောင်းမလား၊ မထုတ်ရင်ကောင်းမလားတွေးရင်း ချီတုံချတုံနဲ့ အချိန်တွေ ကုန်ဆုံးသွားတတ်ကြတာပါ။
  • ချက်ချင်ပြုတ်ချင်စိတ်မရှိတာ – အထူးသဖြင့် အမျိုးသမီးတွေ ပိုပြီး ကြုံရတတ်ပါတယ်။ စိတ်ညစ်လို့ ဟင်းမချက်ချင်ဘူးဆိုတဲ့ စကားမျိုးကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ ဟင်းပွဲတစ်ပွဲဖြစ်လာစေဖို့ အဆင့်ဆင့် ဆေးကြောသန့်စင်၊ လှီးဖြတ်၊ ကြော်လှော်ချက်ပြုတ်ရမယ့် အခြေအနေကို စိတ်အားထက်သန်မှု မရှိတော့တာမျိုးပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဟင်းချက်တာဟာ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကို လျော့ပါးသက်သာစေတဲ့ နည်းလမ်းတစ်ခုပါ။
  • အစိတ်အပိုင်းတွေ ဆက်စပ်ရမှာကို ဝန်လေးတာ – ဥပမာ ခုတင်တစ်လုံးကို တပ်ဆင်ဖို့ ဒါမှမဟုတ် ရင်သွေးကစားဖို့ အရုပ်အစိတ်အပိုင်းတွေ ဆက်ပေးဖို့ိကိစ္စမျိုးတွေကို သောကများနေသူတွေ မလုပ်နိုင်ကြပါဘူး။ ရှုပ်ထွေးပြီး အဆင့်ဆင့်လုပ်ရတဲ့ ဒီအလုပ်တွေကို လုပ်ရချိန်တွေမှာ စိတ်မရှည်တာမျိုး၊ စိတ်ပင်ပန်းတာမျိုး ခံစားရလေ့ရှိပါတယ်။
  • ဆုံးဖြတ်ချက်ချရခက်ခဲတာ – တစ်နေရာရာကို သွားမယ်ဆိုရင် ဘယ်လမ်းကသွားရမလဲ ဝေခွဲမရဖြစ်ပြီး ကြံ့ကြာနေတာမျိုးပေါ့။ ကိုယ်နဲ့အသင့်လျော်ဆုံးလမ်းကို အလွယ်တကူရွေးချယ်နိုင်ပေမယ့် ပူပင်သောကများနေသူတွေကတော့ ဒီလိုအရာမျိုးလေးတွေမှာတောင်မှ တိကျတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ သောက ထပ်ပွားနေရတတ်သူတွေပါ။ ရေအရင်ချိုးရမလား အစားအရင်စားရမလား ဝေခွဲမရလို့ ထိုင်ပြီး စိတ်ညစ်နေတာမျိုးပေါ့။
  • သာမန်ထက်ပိုပြီး တိရိစ္ဆာန်လေးတွေကို ကြောက်ရွံ့တတ်လာတာ – အကောင်ပလောင်တွေ မြင်တိုင်း ကိုယ့်ကိုယ် အန္တရာယ်ပေးမလားလို့ တွေးတော့ ပူပန်နေတတ်တာမျိုးပေါ့။ နေအိမ်တွေမှာ တွေ့ရတတ်တဲ့ အင်းဆက်ပိုးမွှားတွေကနေစလို့ အိမ်မွေးတိရိစ္ဆာန်တွေအဆုံး အကောင်တိုင်းကို ကြောက်ရွံ့ထိတ်လန်နေတတ်ကြပါတယ်။

သောကများရင် ရောဂါပွားမယ်

တကယ်တော့ သောကများတာမကောင်းပါဘူး။ ပူပင်သောကများခြင်းဟာ စိတ်ဝေဒနာတစ်မျိုးပါ။ anxiety disorder လို့ခေါ်ပါတယ်။ သောကများတဲ့အခါ အပေါ်မှာ ဖော်ပြခဲ့သလို အခက်အခဲတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကိုပါ ထိခိုက်နိုင်ပါတယ်။

သောကများတယ်ဆိုတဲ့စကားကို မကြာခဏကြားနေကြ ဖြစ်နေတာမို့သာ သိပ်ပြီးကြောက်စရာ မကောင်းလှဘူးလို့ ထင်နေကြတာပါ။ တကယ်တော့ ဒီပြဿနာကအတော်လေး လူကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ပူပင်သောကတွေ ကင်းဝေးအောင် နေထိုင်ဖို့ လူကြီးသူမတွေက ဆုံးမကြတာဖြစ်ပါတယ်။

အရာရာကို တွေးတောပူပင်ပြီး သောကပွားနေတတ်သူတွေအတွက် ကြာလာရင် Generalized anxiety disorder ဆိုတဲ့ စိုးရိမ်သောကများတဲ့စိတ်ဝေဒနာအဆင့်ကို ရောက်သွားနိုင်သလို တခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ကြုံဆိုင်ရနိုင်တာမို့ ပူပင်သောကကင်းဝေးအောင် ဂရုစိုက် နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/mental-health/simple-things-i-cant-do-because-anxiety?fbclid=IwAR3s-l-tRX0WUaZYTE6a0T1HYpqkQCrg1OQBntSkGJIZpRkyNoQPD6zFjNE

https://www.healthline.com/health/anxiety/effects-on-body#Mindful-Moves:-15-Minute-Yoga-Flow-for-Anxiety

ယခုပုံစံ

18/07/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement