backup og meta

သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ

    သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ …… အချစ်ရေးနဲ့ ပတ်သက်ပြီး လူငယ်တချို့ လာမေးထားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးကို ရေးဖို့ အကြံရလိုက်တာပါ။ ၂၁ ရာစုမှာ ကျွန်တော် မြင်ရသလောက် အချစ်ရေး တော်တော်များများ မခိုင်မြဲကြသလို သိပ်ပြီး ပူလောင်ကြပါတယ်။ တစ်ခါတလေ ဘာပြဿနာမှလည်း မရှိဘဲနဲ့ ၂ယောက်တည်း တကျက်ကျက်နဲ့ စကားတွေများရတာ၊ ရန်ဖြစ်ရတာ၊ ပြတ်ရတာနဲ့ စိတ်မကောင်းစရာပါ။

    ဒီတော့ ကျွန်တော်က အေးချမ်းသာယာတဲ့ ချစ်ခြင်းမေတ္တာမှာ ဘယ်လို အမူအကျင့်တွေ တွေ့ရတတ်လဲဆိုတာကို ခုဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ဒီအချက်တွေကို ကြည့်ရင်းနဲ့ လူငယ်တွေလည်း ကိုယ် ဘယ်နေရာက မှားနေလဲ၊ ကိုယ်နဲ့ ကိုယ့်ချစ်သူ ဆက်ဆံရေးက အေးချမ်းနေလား၊ ပူလောင်နေလားဆိုတာ သုံးသပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

    သာယာပျော်ရွှင်တဲ့ ချစ်ခြင်းမေတ္တာဆိုသည်မှာ

    ချစ်ခြင်းမေတ္တာမှာ ပူလောင်ခြင်း၊ အေးမြခြင်း ရသ ၂မျိုးလုံးကို ခံစားရပါတယ်။ အေးမြခြင်းက ချစ်ခြင်းမေတ္တာ၊ ပူလောင်ခြင်းက စွဲလမ်းမှု ဝေဒနာလို့ ခွဲလို့ ရပါတယ်။ ကိုယ်တွဲနေတဲ့ ချစ်သူရယ်၊ ကိုယ့်အပေါ် မူတည်ပြီး ချစ်ခြင်းမေတ္တာနဲ့ အေးချမ်းနေလား၊ စွဲလမ်းမှုတွေ များပြီး ပူလောင်နေလားဆိုတာ ကိုယ်တိုင် မမြင်ရင်တောင်မှ ဘေးလူတွေက မြင်နိုင်တယ်နော်။

    သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ

    သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တက ဘာတွေဖြစ်မလဲဆိုတော့ အေးချမ်းပြီး အတ္တကင်းတဲ့ အဖြူရောင်ချစ်ခြင်းနဲ့သာ ချစ်ကြတဲ့ ချစ်သူစုံတွဲတွေဆိုရင်

    ၁။ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းတိုင်ပင်လိုစိတ် ရှိတယ်။ ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာကို ရင်ဖွင့်ပြသလို ကိုယ့်ချစ်သူရဲ့ ပူလောင်မှုကိုလည်း ကိုယ်က ဝေမျှတယ်။ ညှိနှိုင်းတိုင်ပင်မှသာ တစ်ယောက်နဲ့ တစ်ယောက် မျိုသိပ်ထားရတဲ့ ခံစားချက်တွေက ပေါ့ပြီး လွတ်လပ်သွားမှာပါ။

    ၂။ ယုံကြည်မှု ရှိကြတယ်။ ယုံကြည်မှုဆိုတာ နှစ်ဦးနှစ်ဖက် ပေးရသလို ကိုယ့်ဘက်ကလည်း တည်ဆောက်ယူရပါတယ်။ ဒါမှ မျှတတယ်လို့ ဆိုရမှာပါ။ ကိုယ်က ဘယ်လောက်ပဲ ယုံကြည်အောင် နေနေ တစ်ဖက်သားက သံသယ ဝင်နေတာ ဒါမှမဟုတ် ကိုယ်က ချစ်သူ အမြင်မှားရလောက်အောင် အနေအထိုင်၊ အပြောအဆိုတွေ မဆင်ခြင်တာမျိုးက ယုံကြည်မှုကို ပျက်စီးစေနိုင်ပါတယ်။ ယုံကြည်မှု ပျက်စီးသွားပြီဆိုတာနဲ့ တည်ဆောက်ထားခဲ့သမျှ အလကား ဖြစ်သွားတော့မှာပါ။

    ၃။ မှီခိုမှု ကင်းတယ်။ ဒီနေရာမှာ မှီခိုမှုဆိုတာ ကိုယ့်ဘာသာ ရပ်တည်နိုင်တာကို ဆိုလိုတာပါ။ စိတ်ပိုင်းဆိုင်ရာအရ ဖေးမကူညီတာမျိုးကို မှီခိုမှုလို့ မခေါ်ပါဘူး၊ ပေးဆပ်မှုလို့ ခေါ်ပါတယ်။ ဒီနေရာမှာ မင်းမရှိလို့ မဖြစ်ဘူး၊ မင်းသာမရှိရင် ဘဝကြီးပျက်သွားလိမ့်မယ် ဆိုပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို အဓိပ္ပါယ်မရှိသလို ပစ်ထားပြီး ဘာလုပ်လုပ် ချစ်သူကိုပဲ တမ်းတမ်းတတ စွဲလမ်းနေရင်တော့ အဆင်မပြေပါဘူး။

    ၄။ တစ်ယောက်အကြောင်း တစ်ယောက် သိလိုစိတ်ရှိတယ်။ ကိုယ့်ချစ်သူ တစ်နေ့တာ ဘာလုပ်နေလဲ၊ ဘာအမှတ်တရ မျိုးတွေ ရှိခဲ့လဲဆိုတာ အမြဲတမ်း စိတ်မှာ သိချင်စိတ် ဖြစ်သလို ကိုယ့်ဘဝရဲ့ တစ်နေ့တာ အမှတ်တရတွေကိုလည်း ကိုယ့်ချစ်သူကို ဝေမျှပေးချင်တယ်။ ဖုန်းကို အတင်းယူဖွင့်တာ၊ ဖေ့စ်ဘုတ် အကောင့်ကို ပတ်စဝေါ့တောင်းပြီး ဝင်စစ်တာမျိုးကတော့ သိလိုစိတ်ထက် မသင်္ကာစိတ်လို့ ခေါင်းစဉ်တပ်ရမှာပါ။

    ၅။ ကိုယ်ပိုင်အချိန် ထားထားတယ်။ တကယ် ချစ်တဲ့သူတွေမှာ ချစ်သူ ၂ဦး အတူရှိနေချင်တဲ့ အချိန်ကာလမျိုးတွေလည်း ရှိသလို ကိုယ်တစ်ဦးတည်း လွတ်လွတ်လပ်လပ် နေလိုစိတ် (Personal Space) ထားထားကြပါတယ်။ ဒါမျိုး အမူအကျင့်သည် ချစ်သူရီးစားဘဝတင်မက လင်မယား ဖြစ်လာခဲ့ရင်တောင် ကိုယ်ပိုင် သီးသန့်ချိန်လေး ထားထားဖို့ လိုပါတယ်။ ဥပမာ – ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်မှာ ကိုယ် ဝါသနာ ပါတာမျိုးတွေ လုပ်တာ၊ သူငယ်ချင်း၊ မိသားစုနဲ့ လျှောက်လည်တာ၊ အပြင်သွားစားတာမျိုးပေါ့။ ကိုယ်ကလွဲပြီး တခြား ဘယ်သူ့ကိုမှ အချိန်မပေးရဘူးဆိုတာကတော့ ချုပ်ချယ်ခြင်း အတ္တ တစ်မျိုးပါပဲ။

    ……………..

    ၆။ ပျော်လိုတဲ့ စိတ်နဲ့ နောက်ပြောင်ကျီစယ်ခြင်းဟာ ကိုယ်ရော တစ်ဖက်လူကိုပါ ပျော်ရွှင်စေသလို ချစ်ခြင်းမေတ္တာကိုလည်း တိုးစေနိုင်တယ်။ အမြဲတမ်း အတည်ပေါက် စကားတွေချည်း ပြောနေတာထက် တစ်ခါတလေ ပေါ့ပေါ့ပါးပါးနဲ့ ချစ်သူ ဘဝကို စိတ်လွတ်ကိုယ်လွတ် ပျော်ကြည့်လိုက်ပါ။

    ၇။ ကိုယ့်ချစ်သူရဲ့ ဘဝရည်မှန်းချက်တွေကို နားလည်ပေးတယ်၊ မြေတောင် မြှောက်ပေးတယ်၊ အောင်မြင်စေဖို့ ဆုတောင်းပေးတယ်၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးတယ်။

    ၈။ ပြဿနာဖြစ်လာတဲ့အခါ ပုံကြီးချဲ့တာမျိုးထက် ၂ဦးသား ခေါင်းချင်းဆိုင်ပြီး သူ့အမြင်၊ ကိုယ့်အမြင်ကို ပြောတယ်၊ အဖြေရှာတယ်၊ တိုင်ပင်ကြပါတယ်။ တစ်ခုခုဆို စိတ်ကောက်တာမျိုး၊ စိတ်ဆိုးပြီး အော်ငေါက်လိုက်တာမျိုးက ရေရှည်မှာ အဆင်မပြေစေပါဘူးနော်။

    ၉။ ပူလောင်ခြင်းထက် အေးမြခြင်းကိုပဲ ခံစားရတယ်။ မယုံကြည်မှုတွေ မရှိဘဲ ကိုယ့်ချစ်သူက ကိုယ့်အပေါ် သစ္စာမပျက်ဘဲ ချစ်နေတယ်လို့ အကြွင်းမဲ့ ယုံကြည်သလို ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးမှုကိုလည်း ခံစားရတယ်။

    ၁၀။ ကိုယ့်ချစ်သူကို ဒီဟာ မကြိုက်လို့၊ ဟိုဟာ မကြိုက်လို့ဆိုပြီး အတင်းပြောင်းခိုင်းတာ၊ ပုံသွင်းခိုင်းတာမျိုး မရှိဘူး။ မကြိုက်ခဲ့ဘူး၊ အပြစ်အနာအဆာ ရှိနေခဲ့ရင်တောင် ကိုယ့်ချစ်သူဆိုတဲ့ စိတ်နဲ့ နားလည်ခွင့်လွှတ်ပေးနိုင်တယ်။ ကောင်းစေချင်လို့ဆိုပြီး ကိုယ်ဖြစ်စေချင်သလို အကုန်ပြောင်းခိုင်းတာကတော့ သခင်နဲ့ ကျွန် ဆက်ဆံရေး သာသာပါပဲ။

    …………..

    ၁၁။ နှစ်ဦးသား ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားခြင်းမျိုး မရှိဘူး။ တချို့ကျတော့လည်း လူသိထင်ရှားဆိုတာထက် ကိုယ်နဲ့ ရင်းနှီးနေတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကို အသိပေးတာမျိုးတော့ ရှိပါတယ်။ ဒါကိုတော့ တိတ်တိတ်ပုန်းလို့ ဆိုလို့ မရပါဘူး။

    ၁၂။ ချစ်ခြင်းမေတ္တာမှာ တစ်ဦးတည်းကပဲ ချစ်နေတာ၊ တစ်ဦးတည်းကပဲ ပေးဆပ်နေတာမျိုး မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပေးတာရော၊ ယူတာရော၊ ချစ်နေတာရော၊ ချစ်ခြင်းမေတ္တာတွေ ပေးနေတာရောက ညီတူမျှတူ ဖြစ်ရပါမယ်။ တစ်ဖက်ဖက်က ပိုနေတဲ့အခါ ဟန်ချက်က စတင်ပျက်ပါတယ်။ ဘယ်လို ပျက်သလဲဆိုရင် ငါကတော့ သူ့ကို ပိုချစ်တာ၊ သူက ငါ့ကို ငါချစ်သလောက် မချစ်ဘူးဆိုတဲ့ အတွေးတွေ စတင်ဝင်ရာကနေ သိမ်ငယ်စိတ်တွေ၊ စွဲလမ်းစိတ်တွေ၊ အပိုင်စိုးလိုတဲ့ စိတ်တွေ ဝင်လာတော့တာပါ။

    ၁၃။ ဘယ်လောက်ပဲ စိတ်ဆိုးပါစေ၊ ရန်စကားမပြောဘူး၊ စိတ်နာစေမယ့် အပြုအမူမျိုး၊ စကားလုံးမျိုး မသုံးဘူး၊ တစ်ယောက်ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး အနိုင်မယူပါဘူး။ ကိုယ်ချစ်တဲ့သူကို အတင်းကြီး နိုင်ဖို့ ကြိုးစားတယ်ဆိုတာ ချစ်ခြင်းမေတ္တာ မဟုတ်ပါဘူး။

    ၁၄။ ပစ်ထားခဲ့မလား ဆိုတဲ့ မကောင်းတဲ့ အတွေးတွေ မဝင်သလို ကိုယ်တိုင်လည်း အကောင်းဆုံး နေထိုင်တယ်၊ ကိုယ့်ချစ်သူကလည်း အများကြီး ချစ်ပေးတယ်၊ ၂ ဦးလုံးကလည်း သိတယ်၊ ဒါဆိုရင်ပဲ လုံလောက်ပါပြီ။

    ဒီတော့ ကိုယ်နဲ့ ကိုယ့်ချစ်သူကြား ဆက်ဆံရေးက ချစ်ခြင်းမေတ္တာ များနေလား၊ အဆိပ်အတောက်တွေ များနေလား၊ စွဲလမ်းမှုတွေ၊ အတ္တတွေ များနေလားဆိုတာ သဘောပေါက်လောက်ပြီလို့ မျှော်လင့်ပါတယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသားစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement