အရက်စွဲလမ်းတာကို တချိန်တုန်းက “Dipsomania” လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ ၁၈၄၉ ခုနှစ်ရောက်မှသာ ဆွီဒင်ဆေးပညာရှင် မက်ဂ်နက်စ် ဟက်စ်က ဒီကနေ့ခေတ်မှာ သုံးစွဲနေတဲ့ “Alcoholism” လို့ စတင်ပြောင်းလဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။ အရက်ဟာ လူ့သမိုင်းတစ်လျှောက်လုံး နည်းမှန်လမ်းမှန်ရော၊ မတော်လောဘနဲ့ရော အသုံးပြုခြင်းကို ခံခဲ့ရတဲ့ အရာတစ်ခုပါ။ ဘေဘီလိုနီးယန်း၊ အီဂျစ်၊ ရောမခေတ်တွေတစ်လျှောက် သမိုင်းမှတ်တမ်းတွေတိုင်းမှာ အရက်ဟာ မပါမဖြစ် အရာတစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးတော့ ကိုးကွယ်ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာရော ဆိုးသွမ်းယုတ်ညံ့တဲ့ ဖြစ်ရပ်တွေမှာပါ ပါဝင်ဆက်နွယ်နေလေ့ရှိပါတယ်။