backup og meta

ဘာကြောင့် နို့သီးခေါင်း နာကျင်နေတာလဲ


Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် နို့သီးခေါင်း နာကျင်နေတာလဲ

    အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ရင်သားရဲ့ ထိပ်ဖျားမှာတည်ရှိနေတဲ့ နို့သီးခေါင်းက ထိလွယ်ခိုက်လွယ်တဲ့ အစိတ်အပိုင်းတစ်ခုလို့ ဆိုလို့ရပါတယ်။

    အကြောင်းပြချက် အမျိုးမျိုးကြောင့် နို့သီးခေါင်းကို ထိခိုက်နာကျင်မှုဝေဒနာ ခံစားရစေနိုင်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေဝတ်ဆင်မိတာကစလို့ ရောဂါကူးစက်ခံရတာအထိ အကြောင်းပြချက်အမျိုးမျိုးကြောင့် နို့သီးခေါင်း နာကျင်နိုင်တာပါ။

    အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ နို့သီးခေါင်းနာကျင်တာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတရာ ဖြစ်ဖို့ အလွန်နီးစပ်လှပါတယ်။

    အမျိုးသမီးတစ်ယောက် ရုတ်တရက် နို့သီးခေါင်းနာကျင်မှုဝေဒနာ ခံစားလာရပြီဆိုရင် ဒီလိုဖြစ်ရတာဟာ ဘာကြောင့်လဲဆိုတာကို ဆန်းစစ်လေ့လာကြည့်ရအောင်။

    မတော်တဲ့ အဝတ်အစားတွေကြောင့်

    ကိုယ့်ရဲ့ ရင်သားအရွယ်အစားနဲ့ မတော်တဲ့ ဘရာစီယာမျိုးကို အချိန်ကြာမြင့်စွာ ဝတ်ဆင်နေမိတာမျိုး၊ အလွန်တင်းကျပ်လွန်းတဲ့ အဝတ်အစားမျိုးတွေကို ဝတ်ဆင်နေမိတာမျိုးတွေကြောင့် ရင်သားသာမက နို့သီးခေါင်းပါ နာကျင်မှုဖြစ်နိုင်ပါတယ်။ သာမန် ပြဿနာတစ်ခုလို့ ထင်မြင်စရာရှိပေမယ့် အလွန်ဆိုးရွားလာရင် နို့သီးခေါင်းကနေ သွေးယိုစီးတာအထိဖြစ်တတ်ပါတယ်။

    အရေပြားပြဿနာကြောင့်

    ယားနာတွေသာမက ရင်သားပတ်ဝန်းကျင်မှာ အရေပြားနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်စုံတရာရှိနေရင်လည်း ခုလို နို့သီးခေါင်းနာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဓာတ်မတည့်တာမျိုး၊ ထိခိုက်မိတာမျိုး၊ အဖျားဝေဒနာ၊ Eczema နဲ့ Dermatitis တို့လို ရောဂါတွေကြောင့်လည်း ခုလို နာကျင်တာနဲ့ ယားယံတာတွေဖြစ်နိုင်ပါတယ်။

    ရာသီသွေးဆင်းချိန် ဖြစ်နေတာကြောင့်

    တစ်ခါတစ်လေမှာတော့ ရာသီသွေးဆင်းနေတာရဲ့ သက်ရောက်မှုအဖြစ် နို့သီးခေါင်းတွေ နာနေတတ်ပါတယ်။ ကိုယ်တွင်းမှာ အက်စထရိုဂျင်လယ်ဗယ်မြင့်တက်လာပြီး ရင်သားမှာရှိတဲ့ တစ်ရှူးတွေ ရောင်ရမ်းလာတာကြောင့်ပါ။ ဒီဝေဒနာက ရာသီသွေးဆင်းချိန်ပြီးဆုံးချိန်မှာ အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။

    ကိုယ်ဝန်ကြောင့်

    ဟိုမုန်းအပြောင်းအလဲကြောင့် ရင်သားနဲ့ နို့သီးခေါင်းတို့ တင်းတာ၊ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရာသီထိမ်တာ၊ အော့အန်တာ၊ ပင်ပန်းနွမ်းနယ်တာမျိုးတွေကလည်း ကိုယ်ဝန်ရလာချိန်တွေမှာ ခံစားရတဲ့ လက္ခဏာတွေပါပဲ။ ရင်သားနာကျင်မှုကို သက်သာစေဖို့ဆိုရင် ကိုယ်ဝန်သည်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ maternity bra မျိုးပြောင်းလဲ ဝတ်ဆင်သင့်ပါတယ်။

    နို့တိုက်ချိန်ဖြစ်နေတာကြောင့်

    ရင်သွေးရလာပြီး နို့ချိုတိုက်ကျွေးနေရတဲ့ ကာလမျိုးတွေမှာလည်း နို့သီးခေါင်း နာကျင်တတ်ပါတယ်။ နောက်ပြီး ကလေးက နို့သီးခေါင်းကို ကိုက်မိတာကြောင့်လည်း နာကျင်နိုင်ပါတယ်။ ဒီလိုမျိုးကတော့ ခဏတဖြုတ်အတွင်း သက်သာသွားတတ်ပါတယ်။ ပိုမြန်မြန်သက်သာချင်ရင် အဆီပါဝင်တဲ့ လိမ်းဆေးတွေ လိမ်းကျံပေးလို့ရပါတယ်။

    ရောဂါပိုး ကူးစက်ခံထားရတာကြောင့်

    ဆက်တိုက်နာကျင်နေပြီဆိုရင်တော့ ရောဂါပိုးတစ်ခုခုကူးစက်ခံထားရတာကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ Mastitis ဟာ ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ နို့အုံမှာ ပေါက်ပွားပြီး ရှင်သန်နေတာကြောင့် နာကျင်မှုဝေဒနာကို ခံစားရတာပါ။ နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေမှာပိုအဖြစ်များပါတယ်။ ဒါ့အပြင် အဖျား ၁၀၁ ကျော်နေတာ၊ ချမ်းတုန်ဖျားတာနဲ့ ရင်သားမှာ အင်ပြင်ထတာတွေကြောင့်လည်း ခုလို နာကျင်နိုင်ပါသေးတယ်။

    ရင်သားကင်ဆာကြောင့်

    ရင်သားနဲ့ နို့သီးခေါင်း အလွန်အမင်းနာကျင်မှုဟာ ရင်သားကင်ဆာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်တာကို မမေ့ပါနဲ့။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပေမယ့် တချို့သော ရင်သားကင်ဆာဝေဒနာရှင်တွေမှာ ဒီလိုနာကျင်မှုမျိုး ခံစားရတတ်ပါတယ်။ တခြားသော ရင်သားကင်ဆာဝေဒနာတွေကတော့ နို့သီးခေါင်းအတွင်းထဲကို ချိုင့်ဝင်သွားတာ၊ အနီကွက်တွေထလာတာ၊ နို့မထွက်ပဲ နို့သီးခေါင်းပွင့်လာတာမျိုးတွေပါပဲ။

    Paget’s Disease ရောဂါရှိနေတာကြောင့်

    Paget’s Disease ဆိုတာက နို့သီးခေါင်းနာကျင်စေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ရင်သားကင်ဆာဝေဒနာရှင် ၄% လောက်ဟာ ဒီရောဂါကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ကင်ဆာရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ ဝေဒနာတစ်မျိုးပါ။ ဒါပေမယ့် Paget’s Disease ဟာ ရင်သားတစ်ဖက်ကိုသာ ဝေဒနာဖြစ်စေလေ့ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement