backup og meta

တင်ပါးပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်းသက်သာစေဖို့ နည်းလမ်း(၉)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တင်ပါးပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်းသက်သာစေဖို့ နည်းလမ်း(၉)ချက်

    ဝက်ခြံပေါက်တဲ့အချိန်ဆိုရင် တော်တော်လေး စိတ်ညစ်ရတယ်နော်။ ဘက်တီးရီးယားပိုးတွေ၊ အဆီ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေက မွေးညှင်းပေါက်ထဲ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံေတွ ပေါက်လာနိုင်ပါတယ်။ တော်တော်များများက မျက်နှာမှာပဲ ဝက်ခြံပေါက်တတ်တယ်လို့ ထင်မှတ်ထားတတ်ကြပေမယ့် တကယ်တော့ ဝက်ခြံဆိုတာ ကိုယ်ခန္ဓါနေရာအနှံ့ ပေါက်နိုင်ပါတယ်။ အထူးသဖြင့် တင်ပါးလိုနေရာမှာ ဝက်ခြံပေါက်လာပြီဆိုရင်တော့ ယားတိုင်းလည်း ကုတ်ချင်သလို ကုတ်မရနဲ့ စိတ်ကသိကအောက် နိုင်လွန်းပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ တင်ပါးပေါ်က ဝက်ခြံလေးတွေကို အိမ်မှာ သဘာဝအတိုင်း ပျောက်ကင်းသက်သာစေနိုင်တဲ့ နည်းလမ်း (၉)ချက်ကို ဝေမျှပေးမယ်နော်။

    ၁။ ပုံမှန်ဆေးကြောသန့်စင်ပါ။

    လူတော်တော်များများက ရေချိုးပြီဆိုရင် လိင်အင်္ဂါနဲ့ တင်ပါးကို သေချာသန့်ရှင်းရေးလုပ်ဖို့ မေ့လျော့တတ်ပါတယ်။ အဲ့လိုနေရာတွေက အတွင်းခံကျပ်ကျပ်တွေနဲ့ မကြာခဏ ပွတ်မိတာ၊ ချွေးအရမ်းထွက်တတ်တဲ့အပြင် ခုလို သေချာမသန့်ရှင်းတဲ့အခါမှာ ဝက်ခြံပေါက်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ တင်ပါးကို မနက်တစ်ခါ၊ ညတစ်ခါ ဆပ်ပြာနဲ့ သေချာဆေးကြောပေးဖို့ မမေ့နဲ့နော်။

    ၂။ အဝတ်အစားကို ချောင်ချောင်ချိချိဝတ်ဆင်ပါ။

    ဝက်ခြံဆိုတာ ဘက်တီးရီးယားပိုးတွေ အရေပြား ချွေးပေါက်ထဲ ဝင်သွားလို့ ပေါက်လာတာပါ။ ဒီတော့ ကျပ်သိပ်နေတဲ့ အဝတ်တွေကို အမြဲဝတ်တဲ့အခါ တင်ပါးအရေပြားပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေကို ချွေးပေါက်ထဲ ဝင်ဖို့ တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ ဒါ့အပြင် အတွင်းခံဘောင်းဘီ၊ ဘောင်းဘီအကျပ်တွေ နေ့စဉ်ဝတ်တဲ့အခါ ချွေးအထွက်လွန်ပြီး အရေပြားအပေါ်ယံဆဲလ်တွေ လျင်မြန်စွာ ပျက်စီးနိုင်ပါတယ်။ ဒီတော့ ဝက်ခြံက မသက်သာလာဘဲ ပိုပြီး ဆိုးလာဖို့ပဲ ရှိတော့တာပေါ့။ အဲ့ဒီတော့ တင်ပါးပေါ်မှာ ဝက်ခြံ၊ အဖုအပိမ့်လေးတွေ ရှိရင် အကောင်းဆုံးက လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစား၊ ဘောင်းဘီ၊ ချည်သားအတွင်းခံေတွ ဝတ်ပေးသင့်ပါတယ်။

    ၃။ အဝတ်ကို ရေစွတ်ပြီး ခုထိုင်ပေးပါ။

    ရေမချိုးခင်လေးမှာ အဝတ်သန့်သန့်ကို မပူ၊ မအေး ရေနွေးနွေးထဲ စိမ်ထားပါ။ ရေကို ညှစ်ပြီး ခုံပေါ်မှာ လုံးထားလိုက်ပါ။ ဝက်ခြံပေါက်နေတဲ့ တင်ပါးအရေပြားကို အဝတ်ပေါ် ခုပြီး ထိုင်ပေးပါ။ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ ဝက်ခြံထဲက ဘက်တီးရီးယားနဲ့ ပြည်တွေ ထွက်လာပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ရေစိမ်ကန်ထဲမှာ ရေနွေးနွေးလေး ဖြည့်ထားပြီး အနည်းဆုံး ၁၅မိနစ်ခန့် စိမ်ထားပေးလို့ ရပါတယ်။

    ၄။ လက်ဖက်ဆီနဲ့ လိမ်းပေးပါ။

    ဝက်ခြံတွေကို ထိရောက်လျင်မြန်စွာ သက်သာပျောက်ကင်းစေတဲ့ ဆီအဖြစ် နာမည်ကြီးတဲ့ လက်ဖက်ဆီနဲ့ တင်ပါးပေါ်က ဝက်ခြံအဖုအပိမ့်လေးတွေကို ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပါ။ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အပြင် အရေပြားကိုလည်း ပြန်လည်ချောမွေ့သွားစေမှာပါ။

    ၅။ Fabric Softeners တွေနဲ့ အဝတ်မလျှော်ပါနဲ့။

    အဝတ်အစား ချည်သားတွေကို ပျော့ပျောင်းစေဖို့ အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ဖွပ်ပြီးတဲ့အခါမှာ ပျော့ဆေးအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ဒီ ပျော့ဆေး (Fabric Softener) ဟာ အရေပြားကို နီရဲပြီး ယားယံစေလို့ ဝက်ခြံပေါက်နေတဲ့အည၉၉ချိန်မှာ ဒီလိုပျော့ဆေးမျိုးတွေနဲ့ အတွင်းခံဘောင်းဘီေလျှာ်တာမျိုး မလုပ်သင့်ပါဘူး။

    ၆။ ဇင့်ဓါတ်ပါတဲ့ ခရင်မ်လိမ်းပေးပါ။

    ဆေးဆိုင်တွေမှာ အလွယ်တကူရနိုင်တဲ့ ဇင့်ဓါတ်ခရင်မ်တွေဟာ ဝက်ခြံကြောင့် ယားယံတာကို သက်သာစေပြီး အချိန်တိုအတွင်း သက်သာပျောက်ကင်းစေတဲ့ အာနိသင်ပါရှိပါတယ်။ ဆေးဆိုင်မှာ မေးဝယ်လို့ ရသလို အရေပြားဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း လိမ်းပေးလို့လည်း ရပါတယ်။

    ၇။ အပြင်က ပြန်လာတာနဲ့ ရေချိုးပါ။

    ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အပြင်မှာ တစ်နေကုန် လှုပ်ရှားသွားလာနေတဲ့အခါ တင်ပါးတစ်ဝိုက်က ချွေးတွေ၊ အညစ်အကြေးနဲ့ အနံ့အသက်တွေ ထွက်နေမှာပါ။ ရေမချိုးဘဲ ပစ်ထားလိုက်တဲ့အခါ ဝက်ခြံတွေက ပိုဆိုးဖို့ပဲ ရှိတော့တာပေါ့။ ဒါကြောင့် အပြင်က ပြန်ရောက်လာပြီဆိုတာနဲ့ ရေချိုးပေးဖို့ လိုတယ်နော်။ အထူးသဖြင့် လေ့ကျင့်ခန်း၊ အားကစားလုပ်ပြီး ချွေးအရမ်းထွက်နေတဲ့အချိန်ဆိုရင်လည်း အိမ်ပြန်ရောက်ပြီး ချွေးတိတ်ပြီဆိုတာနဲ့ ရေချိုးပေးရပါမယ်။

    ၈။ ကြေးချွတ်ပါ။

    ရေချိုးတဲ့အခါ လူတော်တော်များများက တင်ပါးနေရာကို ကြေးချွတ်ဖို့ မေ့တတ်ကြပါတယ်။ အရေပြားပေါ်က အပေါ်ယံဆဲလ်တွေက ပျက်စီးပြီး ဆဲလ်အသေတွေ စုပုံလာတဲ့အခါ ဝက်ခြံကို ပိုပြီး ဖြစ်လာစေတော့တာပေါ့။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ်ဖြစ်ဖြစ် ဖော့အပျော့စားလေးကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောပေးဖို့ အရေးကြီးတယ်နော်။

    ၉။ ဆားငန်ရည် အသုံးပြုခြင်း

    ဆားမှာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ရေ ၂ခွက်၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းကို သမအောင် ရောမွှေပြီး အဝတ်သန့်သန့် တစ်ထည်ကို စိမ်ထားပါ။ ပြီးသွားရင် ဝက်ခြံပေါက်နေတဲ့ တင်ပါးအရေပြားတစ်ဝိုက်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။

    ဒီနည်းလမ်း ၉ ချက်ကို မှန်မှန်လေး လုပ်ပေးမယ်ဆိုရင် တင်ပါးပေါ်က ဝက်ခြံတွေကို အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းသွားစေမှာ အသေအချာပဲနော်။ အကယ်လို့ ဝက်ခြံက လုံးဝမသက်သာဘူး၊ ပိုးဝင်ပြီး အနာရင်းသလိုဖြစ်နေရင်၊ ပိုဆိုးလာတယ်လို့ ခံစားရရင် အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement