backup og meta

သွားကျဲ လို့ စိတ်ညစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကျဲ လို့ စိတ်ညစ်နေပြီလား

    အားရပါးရ ပြုံးလိုက်မယ်လို့ ကြံလိုက်ကာမှ သွားကျဲ နေလို့ အသာလေး ပါးစပ်ပိတ်နေလိုက်ရသူတွေ ရှိလား။ သွားကျဲတာက သွားပြဿနာချည်းပဲ မဟုတ်ပါဘူး။ ဘယ်သူမှ မပြောပေမယ့် ကိုယ့်ဟာကိုယ်တော့ ယုံကြည်မှုနည်းတာပေါ့။ ရှေ့သွားကျဲနေရင် ပိုဆိုးသေး။ စကားတောင် ခပ်ဟဟ မပြောရဲဘူး။ ငါ ဘာတွေများ လုပ်မိလို့ သွားကျဲရတာလဲလို့ရော တွေးဖူးလား။ ငယ်ငယ်ကတော့ လူကြီးတွေက သွားကျိုးရင် သွားဖုံးကို လျှာနဲ့ သွားမထိုးနဲ့၊ သွားခေါလိမ့်မယ်လို့ ပြောဖူးတယ်မလား။ ဒီလိုမျိုးတွေ လုပ်မိလို့ သွားကျဲတာလား။ ဒီလို ကျဲတဲ့အတိုင်းပဲထားရမှာလား။ ဘာမှလုပ်လို့ မရတော့ဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။

    သွားကျဲတာက ဘယ်သွားမှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူတွေက ရှေ့သွားကျဲမှပဲ ဂရုစိုက်ကြတာပါ။ ဘာလို့ဆို ကြည့်လို့မကောင်းဘူး ထင်တာကိုး။ သွားကျဲတာကို ဆေးပညာအရ Diastemaလို့ ခေါ်ပါတယ်။ ကလေးမှာရော၊ လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ ကလေးတွေက ငယ်သွားလဲတဲ့ အချိန်မှာ သွားကျဲတတ်ပါတယ်။ သွားကျဲတာက ကျန်းမာရေးအရ ပြဿနာ သိပ်မရှိပေမယ့် ကြည့်မကောင်းဘူးလို့ ခံစားရတာကြောင့် သွားဖာဖို့ ကြိုးစားကြပါတယ်။

    သွားကျဲ စေတဲ့ အကြောင်းရင်းများ

    • သွားနဲ့ မေးရိုး အရွယ်အစားမမျှတာ

    သွားကသေးသေး မေးရိုးက ကြီးကြီးဆိုရင် သွားဖုံးမှာ သွားတွေ သူ့နေရာနဲ့သူ ပေါက်ဖို့ သွားတွေက နည်းနည်းချဲထားရမှာပါ။ ဒီတော့ သွားကျဲလာတာပေါ့။ သွားအရွယ်အစားတွေ၊ မေးရိုးတွေဆိုတာ မျိုးရိုးနဲ့ ဆိုင်ပါတယ်။ ဆိုလိုတာက သွားကျဲတာက မျိုးရိုးလိုက်တတ်ပါတယ်။

    • သွားအပြည့်မပေါက်တာ၊ သွားသေးနေတာ

    များသောအားဖြင့်တော့ အပေါ်သွားစွယ်တွေမှာ အဖြစ်များပါတယ်။ ဒီသွားစွယ်လေးတွေသာ ပေါက်မလာဘူး ဒါမှမဟုတ် သေးနေမယ်ဆိုရင် ရှေ့သွားနှစ်ချာင်းကြားမှာ နေရာလွတ် (ကျဲ) နေမှာပါ။

    • အပေါ်လျှာခင်ကြီးနေခြင်း (labial frenum)

    လျှာအောက်မှာ လျှာခင်ရှိသလို အပေါ်နှုတ်ခမ်းအတွင်းသားနဲ့ သွားဖုံးကြားမှာ ဆက်ပေးထားတဲ့ တစ်ရှူးလေးရှိပါတယ်။ အပေါ်လျှာခင်လို့ပဲ အလွယ်ခေါ်ကြတာပေါ့။ ဒီတစ်ရှူးက အပေါ်ရှေ့သွားနှစ်ချောင်းကြားက သွားဖုံးမှာ လာတွယ်တာပါ။ ဒီတစ်ရှူးကြီးနေမယ်ဆိုရင် သွားနှစ်ခုကြား အတင်းတိုးဝင်နေတဲ့အတွက် သွားကျဲလာပါတယ်။

    • သွားဖုံးရောဂါ

    သွားဖုံးမကောင်းဘူး။ သွားဖုံးရောင်နေမယ်ဆိုရင် သွားတွေနဲ့လာမှာပါ။ သွားတွေနဲ့လာရင်ပဲ ဖြစ်ဖြစ်၊ သွားတွေ ကျွတ်ကုန်ရင်ပဲ ဖြစ်ဖြစ် သွားကျဲလာမှာပါ။

    • မျိုချတဲ့ ပုံစံမမှန်ခြင်းတစ်ခုခုကို မျိုချတဲ့အခါ လျှာက အာခေါင်ကို ဖိ၊ အားယူပြီး မျိုချတာပါ။ လျှာအစား ရှေ့သွားတွေကို သွားဖိမယ်၊ ဒါမျိုး ခဏခဏ လုပ်မယ်ဆိုရင် သွားခေါတာ၊ သွားကျဲတာ ဖြစ်လာမှာပါ။
    • သွားကျဲစေတဲ့အကျင့်

    လက်မစုပ်တာ၊ နှုတ်ခမ်းစုပ်တာ၊ လျှာနဲ့ သွားတွေကို ဟိုထိုး ဒီထိုးလုပ်တာ စတဲ့အကျင့်တွေက သွားခေါတာ၊ သွားကျဲတာ ဖြစ်စေပါတယ်။

    • ငယ်သွားလဲတာ

    ကလေးတွေမှာ ငယ်သွားလဲတဲ့အခါ သွားကျဲတတ်ပါတယ်။ သွားပြန်ပေါက်လာရင်တော့ ကျဲတာတွေ ပြန်စိသွားတတ်ပါတယ်။ ဒါက ကလေးတွေမှာ ပုံမှန်ပဲ ဖြစ်တဲ့အတွက် ကုသစရာ မလိုပါဘူး။

    တခြားလက္ခဏာများ

    သွားကျဲတာက သူ့ချည်းသက်သက်ဆို ဘာလက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် သွားဖုံးရောဂါကြောင့်ဆိုရင်တော့ သွားကျဲတာအပြင်

    • သွားဖုံးတွေရဲတာ၊ ကြွတာ
    • သွားဖုံးတွေ နာတာ
    • သွေးထွက်တာ
    • ရေစီးကမ်းပြိုတာ
    • ခံတွင်းနံ့ဆိုးတာ
    • သွားတွေနဲ့လာတာ စတာတွေ တွေ့ရတတ်ပါတယ်။

    ကုသနည်း

    ပြောခဲ့သလိုပဲ သွားကျဲတာက ရောဂါတစ်ခုခုကြောင့် မဟုတ်ဘူးဆိုရင် ဒီတိုင်းထားလို့ရပါတယ်။ ကုကြတယ်ဆိုတာက ကြည့်လို့မကောင်းဘူးလို့ ခံစားရတာကြောင့်ပါ။ ကုသနည်းတွေကတော့

    • Braces တပ်တာပါ။ အသုံးအများဆုံးနည်းလမ်းလို့ ပြောလို့ရပါတယ်။
    • Veneers or Bonding – resinကို ကျဲနေတဲ့ သွားကြားမှာ ထားပြီး မီးရောင်ပြလိုက်တာပါ။ Braces မတပ်ချင်သူတွေအတွက် နောက်တစ်နည်းပါ။
    • သွားအစားထိုးတာ
    • ခွဲစိတ်တာ
    • သွားဖုံးရောဂါတွေရှိရင် ကုသတာ စတာတွေပဲ ဖြစ်ပါတယ်။

    သွားကျဲ တာကို ကာကွယ်လို့ရလား။

    သွားမကျဲအောင် လုံးဝကာကွယ်လို့ရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သွားဖုံးရောဂါကြောင့် သွားမကျဲအောင်တော့ ကာကွယ်လို့ရပါတယ်။ ဥပမာပြောရရင်

    • တစ်နေ့ နှစ်ခါသွားတိုက်မယ်
    • သွားပွတ်ကြိုးသုံးမယ်
    • သွားကို ပုံမှန်စစ်ဆေးမယ်
    • ကလေးတွေမှာ လက်မစုပ်တတ်တဲ့ အကျင့်ကို ဖျောက်ပေးမယ်
    • မှန်မှန်ကန်ကန် မျိုချနိုင်အောင် သင်ပေးထားပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement