backup og meta

စိတ်ကျန်းမာအောင် ဗီဒီယိုဂိမ်း ကစားပေးရမယ်တဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာအောင် ဗီဒီယိုဂိမ်း ကစားပေးရမယ်တဲ့

    ငယ်ငယ်ကဆိုရင် ဗီဒီယိုဂိမ်းကစားတာက အပြစ်ကြီးတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ ခုခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းက ပြောင်းလဲလာနေပါပြီ။ ဗီဒီယိုဂိမ်းဟာ အကျိုးအမြတ်ကြီးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသလို အားကစားလည်းဖြစ်လာပါတယ်။

    ဒီလိုပါပဲ။ ဗီဒီယိုဂိမ်းကစားရင် ရူးတတ်တယ်၊ မျက်စိထိခိုက်တယ်၊ အကြောဆွဲတတ်တယ်ဆိုပြီး ရိုက်နှက်ခံခဲ့ရတဲ့ ခေတ်ကနေ ဗီဒီယိုဂိမ်းကစားရင် ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက်တွေ လှိုင်လှိုင်ကြီးထွက်ပေါ်လာတဲ့ ခေတ်ကို ရောက်ရှိလာပါပြီ။

    ကမ္ဘာကျော် Oxford Internet Institute Research က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ သုတေသန အစီရင်ခံစာအရဆိုရင် ဗီဒီယိုဂိမ်း ဆော့ကစားတာဟာ စိတ်ပျော်ရွှင်စေပြီး စိတ်ကျန်းမာရေးကို အကြီးအကျယ် အထောက်အကူဖြစ်စေပါတယ်တဲ့။

    အဆိုပါ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ အန်ဒရူး ပါဇီဘိုင်စကီးကတော့ ယုံတမ်းပုံပြင်တွေထက် ဒေတာအချက်အလက်တွေက ပိုပြီး ယုံချင်စရာဖြစ်တယ်လို့ဆိုခဲ့ပြီး ဗီဒီယိုဂိမ်းတွေဟာ ပါးစပ်ပြောစကားတွေထဲကလို စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ နည်းလမ်းမဟုတ်ဘူးလို့ကို ဆိုသွားတာပါ။

    ဂိမ်းဆော့ရင် စိတ်ကျန်းမာမှာလား

    Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies ဗီဒီယိုဂိမ်းတွေကို အခြေပြုပြီး သုတေသနပြုလုပ်ခဲ့တဲ့ အောက်စဖို့ဒ်ရဲ့ လေ့လာချက်အရဆိုရင် ဂိမ်းတွေရဲ့ လူ့ဦးနှောက်နဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုက မျှော်မှန်းထားတာထက်ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အဆိုပါသက်သေပြချက်ဟာ ဗီဒီယိုဂိမ်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာဆက်နွယ်မှုအကြားက မေးခွန်းအမြောက်အများကို အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။ ဗီဒီယိုဂိမ်းကစားတာဟာ စိတ်လှုပ်ရှားမှုတစ်မျိုးတည်းကို ပေးစွမ်းနိုင်တာမဟုတ်ပဲ စိတ်ချမ်းသာမှုနဲ့ စိတ်ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့သလို ဗီဒီယိုဂိမ်းက စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။

    နှစ်သက်ရာ ဗီဒီယိုဂိမ်းကို တစ်နာရီဝန်းကျင်ကစားပေးမယ်ဆိုရင် စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းတွေကို နည်းမှန်လမ်းမှန်ဆော့မယ်ဆိုရင် စိတ်ကျေနပ်နှစ်သိမ့်မှုကို ခံစားရစေနိုင်တာမို့ ဘဝနေထိုင်မှုနည်းလမ်းကောင်းတစ်မျိုးလို့လည်း ဆိုပါတယ်။

    အထူးသဖြင့် ဗီဒီယိုဂိမ်းတွေဟာ Brain-training Apps တွေလိုပါပဲ အသိအမြင်မူမမှန်တဲ့ရောဂါနဲ့ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါတွေကို ကုသရာမှာ အထူးအသုံးဝင်ပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်ဆိုင်ရာရောဂါတွေကို ဗီဒီယိုဂိမ်းနဲ့ ကုသကြတာဖြစ်ပါတယ်။ Brain-training ဂိမ်းတွေကစားတာဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို အကြီးအကျယ်အထောက်အကူပြုစေပြီး သက်ကြီးရွယ်အိုတွေကို စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေရရှိမှုတွေကို လျှော့ချပေးပါတယ်။

    ဒါ့အပြင် လေ့လာချက်တွေအရ ဗီဒီယိုဂိမ်းတွေကနေ လူ့ဦးနှောက်ကို သိသိသာသာ အကျိုးပြုတယ်ဆိုတာကို သိနားလည်လာရပါတယ်။ ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံသဘောမဆောင်ပဲ ပုံမှန်တကျနဲ့ စည်းနဲ့ဘောင်နဲ့ ဆော့ကစားမယ်ဆိုရင် …

  • ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတာ၊
  • ဖြတ်တိုးဉာဏ် အသုံးချနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးတာ၊
  • ပင်ကိုယ်အရည်အသွေးနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကို တိုးတက်စေတာစတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
  • ဒါကြောင့်လည်း ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေတစ်ခုထက်ပိုပြီး စိတ်အပန်းဖြေစရာနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်လာကြတာဖြစ်ပါ။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ရက်ကို ပျမ်းမျှ ၃ နာရီလောက်အထိ သူတို့ရဲ့  အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့  အသုံးချအပန်းဖြေနေကြပါတယ်။

    ကောင်းကျိုးချည်းပဲတော့မဟုတ်

    ဒါပေမယ့်လည်း တခြားတစ်ဖက်မှာတော့ WHO လို ကျန်းမာရေးအဖွဲ့အစည်းမျိုးတွေက ဗီဒီယိုဂိမ်းဆော့ကစားတာက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားဆဲဖြစ်ပါတယ်။

    ဗီဒီယိုဂိမ်းတွေဟာ အကြမ်းဖက်လိုစိတ်နဲ့ စိတ်ကျန်းမာရေးအန္တရာယ်တွေဖြစ်စေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေဆဲပါ။ ခုနောက်ပိုင်း သုတေသန စစ်တမ်းတွေအရဆိုရင်တော့ အဆိုပါအမူအကျင့်တွေဟာ ဗီဒီယိုဂိမ်းတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ မိသားစု ပတ်ဝန်းကျင် နောက်ကြောင်းအခြေအနေတွေနဲ့ ပိုမိုသက်ဆိုင်လေ့ရှိကြောင်းကိုတော့ သိလာရပြီဖြစ်ပါတယ်။

    တစ်ခုရှိတာက ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းကျိုးတွေပေးနိုင်သလို တစ်ခြားတစ်ဖက်မှာလည်း အလွန်အကျူးဆော့ကစားမှုတွေကြောင့် ဘေးထွက်ဆိုးကျိုးတစ်ချို့ကြုံရနိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။ တစ်ချို့သော လေ့လာသုတေသနပြုချက်တွေအရ ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံဆော့ကစားခြင်းဟာ ဦးနှောက်လုပ်ဆောင်ချက်တွေနဲ့ အလေ့အထတွေကို ပြောင်းလဲစေတယ်လို့လည်း ဆိုထားပါသေးတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement