backup og meta

ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

    နေ့စဉ်လူနေမှုဘဝမှာ စိတ်ကျန်းမာပျော်ရွှင်နေဖို့က အရေးကြီးလှပါတယ်။ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ကျန်းမာမှုမရှိဘူးဆိုရင် ဘဝက နေပျော်စရာဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုစိတ်မချမ်းမြေ့မှု၊ စိတ်မကျန်းမာမှုတွေဟာ ရာသီဥတု သက်ရောက်မှုကြောင့်လည်း ပိုဆိုးရွားနိုင်တယ်ဆိုရင် သင် အံ့သြနေမလား။

    လူမှုရေး၊ စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် COVID-19 လို ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကလည်း ဆီးကြိုနေတာမို့ ဒီခေတ်ဒီကာလမှာ လူဖြစ်ရတာ ခက်ခဲလိုက်တာလို့ လူအများစုက တွေးမိနေကြမယ် ထင်ပါရဲ့။

    ဒီလို ရှုပ်ထွေးများမြောင်လှတဲ့ လူဘဝထဲမှာ ရာသီဥတုတွေကလည်း သက်ရောက်မှုတွေ ပေးပါတယ်။ အေးရင်လည်း အေးလို့၊ ပူရင်လည်း ပူလို့၊ စိုစွတ်နေပြန်ရင်လည်း ပြဿနာတစ်မျိုးပေါ့။ ဒီလိုရာသီအကူးအပြောင်းတွေဟာ စိတ်ကျန်းမာရေး ပြဿနာရှိသူတွေအတွက်တော့ သာမန်ထက်ပိုမိုပြီး မလွယ်ကူလှတဲ့အခြေအနေမျိုးပါ။

    ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာကို Seasonal affective disorder (SAD) လို့ခေါ်ပါတယ်။ ရာသီအကူးအပြောင်းတွေမှာ အဖြစ်တတ်ဆုံး ပြဿနာပေါ့။ နောက်ပြီး ဒီရောဂါဟာ မြန်မာပြည်မှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်မျိုးလည်းဖြစ်တာမို့ သတိထားရမယ့် ကိစ္စပါ။

    ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

    လူအတော်များများက ကိုယ့်မှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတစ်စုံတစ်ရာရှိနေရင် အကြမ်းဖျဉ်းအားဖြင့် မသိတတ်ကြပါဘူး။ စိတ်ဓာတ်ကျရင်လည်း အဆင်မပြေလို့ စိတ်ဓာတ်ကျတယ်၊ ဝမ်းနည်းရင်လည်း ဝမ်းနည်းစရာကြုံလို့ ဝမ်းနည်းတယ်ဆိုတာမျိုး ပေါ့ပေါ့တွေးတတ်ကြတယ်။

    တကယ်တော့ ဒီဖြစ်ရပ်တွေမှာ နောက်ကွယ်က အကြောင်းတရားတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ခဏခဏ ဖြစ်နေတတ်တယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေက ချွတ်ချော်မှု တစ်စုံတစ်ရာ ရှိနေပြီလား ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။

    ရာသီအကူးအပြောင်းမှာ ပုံမှန်ထက်လွန်ကဲတဲ့ စိတ်အပြာင်းအလဲတွေ၊ စိတ်ခံစားချက်တွေ ကြုံလာရတယ်ဆိုရင် SAD ဖြစ်နေတာ ဒါမှမဟုတ် ဖြစ်ချင်နေတာဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို အသုံးချပြီး စိတ်ကို တည်ငြိမ်အောင် အာရုံစူးစိုက်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။

    နားထောင်ပါ

    ပြောချင်တာက လူအများနဲ့ ဆက်ဆံပြောဆိုဖို့ ပါပဲ။ လူတွေရဲ့ စကားတွေကို နားထောင်။ လူတွေနဲ့ အဆက်အသွယ် မပြတ်စေနဲ့ပေါ့။ ဘာမှမကြားရရင် တွေးချင်တာတွေ တွေးလာတတ်ပြီး အတွေးလွန်ကာ ပိုပြီး စိတ်ဓာတ်ကျတာမျိုး၊ စိတ်ဖိစီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်းနေသူတွေမှာ ပိုကြုံရနိုင်ပါတယ်။

    စကားတွေ ဆက်ပြောနေပါ

    အပေါ်မှာ ပြောခဲ့သလိုပဲ အဆက်အသွယ်တွေ မပြတ်စေဖို့ စကားတွေ ဆက်ပြောနေဖို့ လိုအပ်ပါတယ်။ တချို့က အခြေအနေတွေကို ရှောင်လွဲသွားဖို့ ကြိုးစားကြတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် စိတ်ခံစားချက်၊ စိတ်ကျန်းမာရေးအခြေအနေ တစ်ခုခုဖြစ်လာပြီဆိုရင် စကားတွေပြောနေဖြစ်ဖို့က အရေးကြီးပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ အထီးကျန် မနေဘူးဆိုတာကို နားလည်သဘောပေါက်နေစေမယ့် နည်းလမ်းကောင်း တစ်ခုမို့ပါ။

    ဘဝတူတွေကို ကူညီပါ

    ကိုယ်တစ်ယောက်တည်း စိတ်ကျနေတယ်၊ စိတ်ဖိစီးနေတယ်၊ စိတ်ပင်ပန်းနေတယ်လို့ မတွေးပါနဲ့။ အပြင်ပန်းမှာ သာမန်လူလို့ ထင်ရပေမယ့် ကိုယ့်လိုခံစားနေရသူတွေ အများကြီးပါ။ ဒီနေ့ခေတ်လို အဘက်ဘက်က ဖိအားတွေ ဝန်းရံနေတဲ့ခေတ်မျိုးမှာ လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ စိတ်ပင်ပန်းနေကြတာပါ။ ကိုယ့်လို ဘဝတူတွေကို မြင်တဲ့အခါ ကူညီပါ။ ကိုယ်တိုင်လည်း စိတ်ချမ်းသာမှုကြောင့် စိတ်ဝေဒနာတွေ စိတ်ပင်ပန်းတာတွေ လျော့ပါးသွားပါလိမ့်မယ်။

    အဆင်ပြေတယ်လို့ လွယ်လွယ်မတွေးပါနဲ့

    အဆင်ပြေသွားမှာပါလို့ တွေးလိုက်တာဟာ အဆင်ပြေသွားတာမဟုတ်ပါဘူး။ အဆင်မပြေတာကို မပြေဘူးလို့ မှန်မှန်ကန်ကန်တွေးပါ။ ပြောပါ။ တကယ်အဆင်ပြေမှ အဆင်ပြေတယ်ပြောပါ။ ဒီလိုမှမဟုတ်ရင် ဝန်ထုပ်ဝန်ပိုးက ကိုယ့်ဆီမှာ ကျန်ခဲ့ပါလိမ့်မယ်။ ဒီအမူအကျင့်က ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ပိုထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

    မတူခြားနားမှုကို သိနားလည်ပါ

    လူတိုင်းမှာ မတူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ပုံသဏ္ဍာန်မျိုးစုံ အနေအထားမျိုးစုံနဲ့ မတူခြားနားစွာ ရင်ဆိုင်ကြရတာပါ။ ချမ်းသာတဲ့လူလည်း ချမ်းသာတဲ့အလျောက် ဆင်းရဲတဲ့လူလည်း ဆင်းရဲတဲ့အလျောက်ပေါ့။ “သူတို့က အဆင်ပြေနေတယ်၊ ငါ့ကျ ဆင်မပြေဘူး” လို့ မတွေးပါနဲ့။ တခြားလူတွေဟာ ကိုယ်နဲ့အတူတဲ့ တခြားအခြေအနေတွေမှာ ခက်ခဲနေကြတာဖြစ်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း အခက်အခဲတွေ ကြုံနေရတယ်ဆိုတဲ့ အတွေးက စိတ်ကိုပိုပြီးပင်ပန်းစေနိုင်ပါတယ်။ နောက်ပြီး ဒီအတွေးက မှန်ကန်တဲ့အချက်လည်းမဟုတ်ပါဘူး။

    ဒီအချက်တွေက ပြောင်းလဲချင်လာတဲ့၊ ကျချင်၊ တက်ချင်၊ ပင်ပန်းချင်တဲ့ စိတ်ကို ဟန့်တားနိုင်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ပုံမှန် စိတ်ကျန်းမာစေမယ့် နည်းလမ်းတွေဖြစ်တဲ့

    • အာဟာရပြည့်ဝအောင်မှီဝဲစားသောက်တာ၊
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊
    • အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊
    • ယောဂကစားတာ၊
    • မိသားစုနဲ့ အချိန်ဖြုန်းတာ၊
    • ဖုန်းနဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုလျှော့ချတာတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement