backup og meta

စိတ်အတက်အကျမြန်ရောဂါရှင်တွေ နဲ့ လိင်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်အတက်အကျမြန်ရောဂါရှင်တွေ နဲ့ လိင်ကျန်းမာရေး

    လိင်မှုဘ၀ သာယာခြင်းဆိုတာ စိတ်၊ ခန္ဓာကျန်းမာရေးနဲ့ ဆက်စပ်မှု အများကြီးရှိတယ်ဆိုတာ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ လူက စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်ရမှာပေါ့။ ဒီနေ့ဆောင်းပါးလေးကတော့ စိတ်အတက်အကျမြန်ရောဂါရှင်တွေ မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder)

    ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ များသောအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ ရောဂါအစပျိုးလာတတ်ကြပါတယ်။ သူ့ရဲ့ နာမည်လိုပါပဲ၊ စိတ်ဓာတ်ဟာ အမြင့်ဆုံးထိရောက်အောင် ထိုးတက်သွားလိုက်၊ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားလိုက်နဲ့ စိတ်အပြောင်းအလဲ အဖြစ်မြန်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါမှာ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ အဆင့်ဆိုပြီး စုစုပေါင်း ၃ဆင့် ရှိပါတယ်။ အဆင့်တစ်ခုစီတိုင်းမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

    ၁။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၁ (Mania)

    စိတ်အတက်အကျမြန်ရောဂါရှင်တွေ မှာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်၊ စိတ်လှုပ်ရှားနေမယ်၊ စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊ အရာရာကို အားရပြီး စိတ်တိုင်းကျ ကျေနပ်နေမယ်။ ပြောရမယ်ဆိုရင်တော့ စိတ်အခြေအနေ အမြင့်ဆုံးထိ ရောက်တဲ့ အဆင့်ပါပဲ။ ဒီအဆင့်မှာ

    • စိတ်လွတ်လက်လွတ် ပိုက်ဆံကို သုံးဖြုန်းတာ
    • အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ
    • မူးယစ်ဆေးဝါး သုံးစွဲတာ
    • အလွန်အမင်း မြူးကြွလန်းဆန်းနေတာ
    • ပုံမှန်မဟုတ်ဘဲ စကားအရမ်းပြောတာ
    • အတွေးမြန်တာ
    • အိပ်ချိန်စိတ် သိပ်ပြီးမဖြစ်တာ
    • အာရုံမစူးစိုက်နိုင်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
    • စိတ်အလွန်အကျွံတက်ကြွခြင်းကြောင့် လုပ်ငန်းခွင်၊ ကျောင်းနဲ့ လူမှုရေးမှာ ပြဿနာတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။

    ၂။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၂ (Hypomania)

    အဆင့် ၁ မှာ ဖြစ်ခဲ့တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ သိပ်မပြင်းထန်တဲ့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ၊ အခက်အခဲ ပြဿနာတွေကို သိပ်ပြီး ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိတ်အခြေအနေက ရုတ်တရက် တက်ကြွလာတာကို ကိုယ်တိုင်ရော ဘေးလူတွေပါ သတိထားမိမှာဖြစ်ပါတယ်။

    ၃။ စိတ်ဓာတ်ကျခြင်း အဆင့် (Depression)

    ဒီအဆင့်မှာ စိတ်ဓာတ်ဟာ အောက်ဆုံးအခြေအနေထိ ထိုးဆင်းသွားတတ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ စိတ်ကျရောဂါရှင်တွေမှာ တွေ့ရတတ်တဲ့ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အရာရာ အမှောင်ပကတိ ဖုံးသွားသလို ဘဝကြီးဟာ အဓိပ္ပာယ်မရှိတော့သလို လက္ခဏာတွေ တွေ့ရပါတယ်။ ဒါ့ပြင်

    • အရာရာကို လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းမယ်။
    • ကိုယ့်အတွက် ပျော်ရွှင်မှုကို ရရှိခဲ့တဲ့၊ ကိုယ့်ဝါသနာပါတဲ့ အလုပ်တွေကို စိတ်ဝင်စားမှု ပျောက်သွားမယ်။
    • မျက်စိကြောင်ပြီး အိပ်မပျော်တော့တာ၊ ဒါမှမဟုတ် အကြာကြီး အိပ်ပစ်လိုက်တာမျိုး
    • အစား စားချင်စိတ်မရှိတာ၊ အစားအရမ်းစားလိုက်တာ
    • မောပန်းလွယ်တာ၊ အားမရှိတဲ့ ပုံပေါက်တာ
    • ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလို့ ခံစားရတာ
    • မလိုအပ်ဘဲ အပြစ်ရှိတယ်လို့ ခံစားရတာ
    • ကိုယ့်ဘဝကို အပြစ်တင်တာ
    • အာရုံစူးစိုက်နိုင်ခြင်းမရှိတာ
    • ဘာကိုမှ သေချာမတွေးတောနိုင်တာအပြင် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ တွေးတာ၊ ကြံစည်တာ၊ လက်တွေ့ပြုမူတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါရှင်တွေ နဲ့ လိင်ကျန်းမာရေး

    အထက်မှာ ပြောခဲ့သလိုပါပဲ။ စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝဆိုတာ ဆက်စပ်မှုရှိနေတဲ့ အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်က တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့သူတွေမှာ ပိုပြီးတောင် လိင်စိတ်ဆန္ဒ ပြောင်းလဲမှုတွေ ကြုံလာနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

    စိတ်ဓာတ်တက်ကြွနေတဲ့ အဆင့် Mania နဲ့ Hypomania မှာ

    • လိင်စိတ်ထကြွသောင်းကျန်းပေမဲ့ လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားချိန်မှာတောင် စိတ်ကျေနပ်မှုကို မခံစားမိတာ
    • သူစိမ်းတွေအပြင် လူပေါင်းများစွာနဲ့ လိင်ဆက်ဆံခြင်းပြုလိုစိတ် ဖြစ်လာတာ
    • တစ်ကိုယ်ရေ အာသာဖြေခြင်းကို အလွန်အကျွံလုပ်တာ
    • ကိုယ့်အိမ်ထောင်၊ ချစ်သူနဲ့ မဟုတ်ဘဲ တခြားသူတွေနဲ့ ဖောက်ပြန်မှု ကျူးလွန်တာ
    • ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်း အပြုအမူတွေ လုပ်တာ
    • အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံတာ၊ အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်း ပြုကျင့်တာ
    • အပြာရုပ်ရှင်ထဲကအတိုင်း ကြမ်းတမ်းစွာ လိင်ဆက်ဆံမှု ပြုတာ
    • အတွေးထဲမှာ ကာမကိစ္စပဲ အချိန်ပြည့် ဝင်နေပြီး တခြားဘယ်လိုအရာကိုမှ စဉ်းစားလို့၊ အာရုံစိုက်လို့ မရတော့တာ အစရှိတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

    စိတ်အတက်အကျမြန်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ လိင်စိတ်ထကြွသောင်းကျန်းခြင်း လက္ခဏာတွေဟာ ဝေဒနာရှင်တွေကိုရော မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဖက်ကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ လိင်စိတ်ဆာလောင်မှုကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကိုပါ သစ္စာဖောက်လိုတဲ့ စိတ်တွေ ပေါ်လာတယ်။

    စိတ်အတက်အကျမြန်ရောဂါ ရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေမှာလည်း ကိုယ်နဲ့ သက်တူရွယ်တူတွေအပြင် တခြားလူကြီးတွေကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ စော်ကားခြင်း၊ ဆဲဆိုခြင်းပြုတာတွေ လုပ်တတ်ပါတယ်။

    စိတ်ဓာတ်ကျခြင်း အဆင့် (Depression) မှာတော့ အပေါ်မှာ တွေ့ရတဲ့ လက္ခဏာတွေနဲ့ လုံးဝဆန့်ကျင်ဘက်အခြေအနေ၊ ဘာမှမဆိုင်တော့တဲ့ လူတစ်ယောက်လို စိတ်ခံစားမှုတွေ ပြောင်းသွားနိုင်ပါတယ်။

    လိင်စိတ်ဆန္ဒ နည်းသွားတာ၊ လိင်ဆက်ဆံလိုစိတ်မရှိတော့တဲ့ အခြေအနေကို ရောက်သွားမယ်။ ကိုယ့်ရဲ့ လက်တွဲဖော်အနေနဲ့လည်း ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေကို နားလည်လက်ခံနိုင်ခြင်း မရှိတဲ့အခါ သူတို့အတွက် စိတ်ရှုပ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ မနှစ်မြို့စရာတွေကို ခံစားရနိုင်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါကို ဘယ်လိုဖြေရှင်းမလဲ။

    ၁။ အရင်ဆုံး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ လက္ခဏာကို သိနားလည်ထားရပါမယ်။ ကိုယ့်မှာ ဒီစိတ်ရောဂါ ရှိနေတာ သေချာတယ်၊ လက္ခဏာတွေကို မကြာခဏ တွေ့ရတတ်တယ်ဆိုရင် စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုလည်း ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူကို ဖွင့်ပြောပြထားဖို့ လိုပါတယ်။

    ၂။ ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံ၊ မကောင်းတဲ့ အကျင့်တွေကြောင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတာဆိုရင် ဒီအကျင့်တွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရပါမယ်။

    ၃။ စိတ်ကုထုံးအပြင် လိုအပ်ရင် ဆေးဝါးအကူအညီကိုပါ ယူထားသင့်ပါတယ်။ ကိုယ့်မှာ တခြားကျန်းမာရေးပြဿနာတွေ ရှိရင်၊ သောက်နေတဲ့ ဆေးဝါးတွေ ရှိရင် ဆရာဝန်ကို အရင်ဆုံးပြောပြပြီး ကိုယ်နဲ့ ကိုက်ညီမှုရှိမယ့် ဆေးဝါးတွေကို ညွှန်းခိုင်းလို့ ရပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာ၊ ဆေးပြောင်းသောက်တာမျိုး မလုပ်သင့်ပါဘူး။

    ၄။ စိတ်ကျန်းမာရေးဆိုတာ ပေါ့ဆလို့ ရတဲ့ အရာမဟုတ်ပါဘူး။ စိတ်ကြောင့်ပဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လိင်မှုဘဝကို ထိခိုက်စေနိုင်သလို မလိုလားအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။

    ၅။ ကိုယ်ကတော့ စိတ်ထိန်းရင် ရမှာပါလို့ တွေးထားပေမဲ့ စိတ်ရောဂါဆိုတာ ထင်ထားသလောက် ထိန်းချုပ်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့် အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကုသမှုခံယူဖို့နဲ့ ကိုယ့်ရဲ့ အခြေအနေကို သေချာဖွင့်ပြောပြထားဖို့ လိုအပ်တယ်ဆိုတာကို သိထားရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement