backup og meta

စိတ်ဓါတ်ကျတဲ့အခါဖတ်ဖို့


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓါတ်ကျတဲ့အခါဖတ်ဖို့

    စိတ်ဓါတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။

    တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။ အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။ ဒါမှမဟုတ် ကိုယ်တကယ်ပြောပြဖို့ ယုံကြည်ရလောက်တဲ့သူမရှိတာလည်းပါတယ်။ ဘယ်နေရာရယ်မသေချာပေမယ့် ဒီနေရာကနေ အဝေးဆုံးကိုထွက်သွားချင်တယ်။ ကိုယ်ဆိုတဲ့တည်ရှိမှု မရှိတော့ရင်ကောင်းမယ်။ မနက်ဖြန်ဆိုတာ မရှိတော့ရင်ကောင်းမယ်လို့ တွေးဖူးတဲ့အချိန်တွေပေါ့။ အဲဒီအချိန် အပြန်ပြန်အလှန်လှန်မေးမိတဲ့မေးခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။

    ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။

    ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိပပ မပြောနိုင်ပေမယ့် ဒီလိုတွေခံစားနေရတာ၊ ခံစားခဲ့ဖူးတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ စိတ်ဓါတ်ကျတာက ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။ ကျရှုံးလို့ စိတ်ဓါတ်ကျနေတဲ့သူတွေရှိသလို အောင်မြင်နေတဲ့သူတွေမှာလည်း စိတ်ဓါတ်ကျတာပါပဲ။ တကယ်တမ်းပြောရရင် ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေနဲ့ အောင်မြင်နေတယ်လို့ ထင်ရသူတွေက စိတ်ဓါတ်ကျမှုကို ပိုလို့တောင်ခံစားရနိုင်သေးတယ်ဆိုတာ ကိုယ့်ဘဝကိုယ်နှုတ်ယူသွားတဲ့သူတွေကိုကြည့်ရင် သိမြင်နိုင်ပါလိမ့်မယ်။ အခက်အခဲတွေကြုံနေရတဲ့အချိန် စိတ်ဓါတ်ကျတဲ့အချိန်မှာ ပိုပြင်းထန်တဲ့ရိုက်ခတ်မှုက “ငါတစ်ယောက်တည်းပဲ” ဆိုတဲ့ခံစားချက်ပါ။ လူတိုင်း စိတ်ဓါတ်ကျမှုကို ခံစားရနိုင်ပါတယ်။ အောင်မြင်နေတာနဲ့ ပျော်ရွှင်နေတဲ့ပုံပေါက်နေတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ မရှိဘူးလို့ ကောက်ချက်ချလို့မရနိုင်ပါဘူး။ လောကဓံရဲ့ သက်ရောက်မှုက လူတိုင်းအပေါ်မှာရှိနေပါတယ်။ လူတိုင်းစိတ်ဓါတ်ကျနိုင်ပါတယ်။ ကိုယ်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။

    ကိုယ်ဘယ်နေရာထိ ရောက်ခဲ့ပြီးပြီလဲဆိုတာကိုကြည့်ပါ။

    တောင်တက်ဖူးတဲ့သူတွေဆိုပိုသိပါလိမ့်မယ်။ တောင်တက်တဲ့အခါ အရမ်းပင်ပန်းလွန်းလို့ ရပ်တန့်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် တောင်အောက်ကိုပြန်ကြည့်ပြီး ငါ ဒီအထိတောင် တက်လာခဲ့ပြီးပြီပဲဆိုတဲ့စိတ်နဲ့ နောက်ဆုံးမှာ ထိပ်ဆုံးထိရောက်ရှိစေခဲ့တယ်မလား။ အခုလည်း စိတ်ဓါတ်ကျတဲ့အခါ ကိုယ်စခဲ့ရတဲ့နေရာလေးကို ပြန်ကြည့်ပါ။ ကိုယ်ဟာ ဘယ်လောက်သေးသေးသိမ်သိမ်စခဲ့ရတာလဲ။ ဘယ်လောက်သေးငယ်တဲ့အစက်အပျောက်လေးတစ်ခုကနေ စခဲ့ရတာလဲ။ အခု ကိုယ်ဒီနေရာကိုရောက်လာအောင် နတ်တွေဖန်ဆင်းပေးလိုက်တာမဟုတ်ဘူး။ ကိုယ်တိုင်ကြိုးစားခဲ့ရတာ။ ကိုယ်တိုင်လုပ်ယူခဲ့တာ။ ကိုယ်တိုင်တည်ဆောက်ခဲ့တာ။ ကိုယ်တိုင်ရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာခဲ့တာ။ အခုချိန်ကျမှ ဒီလိုအဖြစ်အပျက်လေးတွေက ကိုယ့်ကိုရပ်တန့်စေနိုင်မှာတဲ့လား။

    မမေ့ပါနဲ့။ “အရဲရင့်ဆုံး စစ်သူကြီးတွေဟာ တစ်ချိန်တုန်းက အရမ်းကို နုနယ်တဲ့ ကလေးတွေဖြစ်ခဲ့ဖူးကြတယ်” ဆိုတာကို။

    ပြဿနာတိုင်းမှာ အဖြေရှိတယ်။

    ဆန်ဖရန်စ္စကိုတံတားပေါ်ကနေ ခုန်ချပြီး သတ်သေတာမှာ အသက်မသေဘဲ ကယ်တင်လို့ရလိုက်တဲ့သူတွေကို အင်တာဗျူးတစ်ခုလုပ်တာမှာ သိလိုက်ရတာတစ်ခုက သူတို့ခုန်ချလိုက်တဲ့အချိန် ရေပြင်ကိုမရောက်သေးတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့သိမြင်မှုက သူတို့ဘဝမှာ လက်ရှိကြုံနေရတဲ့ပြဿနာမှန်သမျှဟာ ဖြေရှင်းလု့ိရနိုင်တယ်ဆိုတာပါပဲတဲ့။ သိပ်ကိုစိတ်မကောင်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။ လူတွေဟာ စိတ်ဓါတ်ကျတဲ့အခါ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းလို့မရတော့ဘူးလို့ တွေးကြတယ်။ ဒါဟာ အဆိုးရွားဆုံးပဲလို့ တွေးကြတယ်။ ဝမ်းနည်းပူဆွေးကြတယ်။ နောက်ဆုံးမှာကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့နည်းလမ်းကိုတောင် သုံးဖို့စဉ်းစားကြတယ်။ အမှန်တကယ်တော့ ပြဿနာတွေအခက်အခဲတွေက လူကြောင့်ဖြစ်လာသလို ဖြေရှင်းနိုင်တာလည်း ဒီလူပါပဲ။ အသက်ရှင်နေသ၍ ကိုယ်ရပ်တည်နေသမျှ ဘယ်လိုပြဿနာမျိုးကိုမဆို ကိုယ်ဟာ ရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာမရှိပါဘူး။ ကိုယ်သေချာကိုင်တွယ်လိုက်ရင် အဆုံးသတ်မှာ ပြေလည်သွားကြတာပါပဲ။

    ကိုယ့်ကိုဂရုစိုက်ကြပါတယ်။

    စိတ်ဓါတ်ကျတဲ့အခါ ဝမ်းနည်းနေတဲ့အခါမှာ ကိုယ့်အနီးအနားမှာ ဘယ်သူမှမရှိဘူး။ ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ဘူးလို့ ထင်တတ်ကြတယ်။ အမှန်တကယ်တော့ ကိုယ်ထင်တာထက် ကိုယ့်အနီးအနားက လူတွေက ကိုယ့်အပေါ်မှာ ဂရုတစိုက်ရှိကြပါတယ်။ ချစ်ခင်မြတ်နိုးကြပါတယ်။ ကျွန်တော်တို့ဟာ အချစ်ခံကြရပါတယ်။ ကိုယ်အချစ်ခံရတယ်ဆိုတာကို သတိမမူမိတာပါ။ ကိုယ့်ဘက်က ဆက်သွယ်ပြောဆိုတာမလုပ်တဲ့အခါ သူတို့လည်း ဘယ်သိနိုင်ပါ့မလဲ။ အကြားအမြင်ရနေကြတဲ့သူတွေမဟုတ်ဘူးလေ။ ကိုယ့်ဘက်က အကူအညီတောင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲ အကူအညီပေး နွေးထွေးပေးကြမယ့်သူတွေအများကြီးပါ။

    တချို့လူတွေကိုရှောင်ပါ။

    ဘဝထဲမှာရှိတဲ့တချို့လူတွေကတော့ ကိုယ့်စိတ်ဓါတ်ကျမှုတွေကို ဖြစ်ပေါ်စေတဲ့သူတွေဖြစ်နေတတ်တယ်။ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့သူတွေဖြစ်နေတတ်တယ် အဲဒီလိုလူတွေကိုတော့ ရှောင်ဖို့ အကြံပေးချင်တယ်။ ကိုယ့်အပေါ် ဘာကောင်းရာကောင်းကျိုးမှမပေးဘဲ စိတ်မချမ်းမြေ့မှုတွေကိုပဲ ပေးနေတယ်ဆိုရင်တော့ ရှောင်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement