backup og meta

ထူးထူးဆန်းဆန်း အိပ်မက်တွေ ရဲ့ နောက်ကွယ်က အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထူးထူးဆန်းဆန်း အိပ်မက်တွေ ရဲ့ နောက်ကွယ်က အကြောင်းရင်း

    ကျွန်တော်တို့ တစ်ခါတလေ မနက်အိပ်ရာထလိုက်တဲ့အခါ ကိုယ်အိပ်နေစဉ် မက်တဲ့ အိပ်မက်တွေအကြောင်း ပြန်တွေးမိတတ်ပါတယ်။ ဒီအိပ်မက်တွေက ပျော်စရာ ကောင်းတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အနောက်ကနေ သရဲတစ္ဆေ သို့မဟုတ် ကိုယ်ကြောက်တဲ့ အကောင် တစ်ကောင်ကောင်က လိုက်လို့ ထွက်ပြေးရတာလည်း ဖြစ်နိုင်တယ်။ ဘာအဓိပ္ပာယ်မှန်း စဉ်းစားလို့မရလောက်အောင် ထူးထူးဆန်းဆန်း အိပ်မက်တွေ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

    ဥပမာ – ကိုယ်မသွားဖူးတဲ့ နေရာတစ်နေရာရာကို ရောက်သွားတာ၊ ဘဝမှာ မတွေ့ဖူးတဲ့ သူတချို့နဲ့ တွေ့ပြီး ထူးဆန်းတဲ့ စကားတွေ ပြောနေတာ၊ အိပ်မက်ထဲမှာ ဇောက်ထိုးမိုးမျှော် လမ်းလျှောက်နေတာ၊ ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့တဲ့ သဘာဝလွန် လောကထဲ ရောက်သွားတာမျိုးပေါ့။

    ဒီလိုမျိုး အကြောင်းရင်း တိတိကျကျ ဖော်ပြလို့ မရတဲ့ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေဆိုတာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ မသိစိတ်က ဖန်တီးလိုက်တဲ့ အိပ်မက်လို့ ယူဆလို့ ရပါတယ်။ ဗေဒင် နက္ခတ် ယုံကြည်သူအနေနဲ့လည်း ကိုယ် ယုံကြည်ရာကို လက်ခံလို့ ရပါတယ်။ ကျွန်တော်ကတော့ ဒီဆောင်းပါးမှာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ရှုထောင့်ကနေပဲ ပြောပြပေးချင်ပါတယ်။

    ထူးထူးဆန်းဆန်း အိပ်မက်တွေ ရဲ့ နောက်ကွယ်က အကြောင်းရင်း

    လူတွေဟာ စိတ်ညစ်စရာ၊ ကြောက်ရွံ့စရာ၊ စိုးရိမ်ထိတ်လန့်မှုကို ရင်ဆိုင်လာရတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ လူတွေက မျက်လုံးနှစ်လုံး ပွင့်ပြီး အသိစိတ်ပုံမှန် ရှိနေတဲ့ အချိန်မှာလည်း ကိုယ့်ရဲ့ စိတ်ကတည်ငြိမ်ခြင်းမရှိဘဲ လှုပ်ရှားနေတယ်။

    အိပ်ပျော်သွားတဲ့ အချိန်မှာတောင် ကိုယ့်ရဲ့ မသိစိတ်အထိပါ ဒီစိတ်ဖိစီးမှုတွေက သွားပြီး သက်ရောက်မှုဖြစ်စေတဲ့အတွက် ဦးနှောက်ကနေ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ထွက်လာပါတယ်။ အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာမှန်း အမည်ဖော်မရတဲ့ အိပ်မက်မျိုးတွေပေါ့။

    ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။

    ၁။ အိပ်မက်ဆိုတာ ကိုယ့်အနေနဲ့ အလွယ်တကူ ထိန်းချုပ်မရတဲ့ အရာဖြစ်တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးတလည် တွေးနေစရာတော့ မလိုပါဘူး။

    ၂။ မနက်ပိုင်း နိုးလာပြီဆိုရင် မျက်လုံးလေးကို စုံမှိတ်၊ ကိုယ့်စိတ်ကို အေးချမ်းစေမယ့် အတွေးလေးတွေ တွေးကြည့်ပါ။ ဝင်လေ၊ ထွက်လေကို အာရုံစိုက်မှတ်ပြီး သေချာရှူသွင်း၊ ရှူထုတ် လုပ်ကြည့်ပါ။

    ၃။ အမြဲတမ်း အိမ်မှာပဲ အောင်းနေရတဲ့သူတွေအတွက် တင်းနေတဲ့ ခြေထောက်၊ လက်အကြောလေးတွေကို ဖြည်းဖြည်းချင်း ကွေးညွန့်ပြီး ဖြေဆန့်ကြည့်ပါ။

    ၄။ အလုပ်ကိစ္စ၊ မိသားစုပြဿနာတွေကြောင့် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ကလေးကို တတ်နိုင်သလောက် ဖြေလျှော့ထားကြည့်ပါ။

    ၅။ ဖြစ်နေတဲ့ ပြဿနာက ဘာလဲ၊ ဘယ်လို အဖြေရှာနိုင်မလဲ၊ ဘာတွေ ညှိနှိုင်းလုပ်ယူလို့ ရမလဲ စတာတွေကို ခေါင်းအေးအေး ထားပြီး တွေးကြည့်ပါ။

    ၆။ တစ်နေ့တာလုံးကို ပုံမှန်အတိုင်းလေးပဲ ဖြတ်သန်းပါ။

    ၇။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ သီးသန့်အချိန်လေးမှာ ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အရာမှန်သမျှ လုပ်ပါ။

    ၈။ အားလပ်ချိန်မှာ တရားထိုင်ပါ၊ ယောဂကျင့်ပါ၊ ဝင်လေထွက်လေ မှတ်ပါ၊ စာဖတ်ပါ။

    ၉။ စိတ်ညစ်တာကိုပဲ ထိုင်တွေးပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်ပါ။ အစာအာဟာရကို သေချာဂရုစိုက်ပါ။ ရေများများ သောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ အခြေအနေ မပေးရင်တောင် ကိုယ့်အိမ်ထဲမှာဖြစ်ဖြစ် ၁၀ မိနစ်လောက် လမ်းပတ်လျှောက်ပေးလို့ ရပါတယ်။ နောက်ဆုံး အသားအရေ ထိန်းသိမ်းတာကအစ၊ အိမ်သန့်ရှင်းရေးလုပ်တာ အစုံလုပ်လို့ ရပါတယ်။ အဓိကက ကိုယ့်စိတ်ကို ညစ်စေမယ့်အတွေးတွေ မဝင်အောင် တားဆီးဖို့ပါပဲ။

    ၁၀။ ညဘက်ကို ဖုန်းမသုံးပါနဲ့။ ည ၁၂ နာရီ မထိုးခင် စောစောအိပ်ရာဝင်ပါ။ တစ်နေ့တာ ကြုံတွေ့ခဲ့သမျှ စိတ်ဖိစီးမှုတွေကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။ ဘာဆို ဘာမှမတွေးပါနဲ့။ ခေါင်းကစလို့ ခြေဖျားအထိ တစ်ကိုယ်လုံးမှာ တောင့်တင်းနေတဲ့ ကြွက်သားတွေ၊ စိတ်တွေကို ဝင်လေ ထွက်လေနဲ့အတူ ဖြေလျှော့လိုက်ပါ။

    ၁၁။ နောက်ဆုံး မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ပြုံးပြုံးလေး အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။

    ၁၂။ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ချိန်မှန်မှန်အိပ်ပါ။

    ဒီပုံစံအတိုင်းလေး ကိုယ့်ရဲ့ စိတ်ဖိစီးမှုနဲ့ အိပ်စက်မှုပုံစံကို ပြင်ဆင်သွားမယ်ဆိုရင် ထူးဆန်းတဲ့ အိပ်မက်တွေ သိပ်ပြီး မမက်အောင် ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးသား ဖြစ်သွားမှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement