လူတိုင်းကတော့ ဘာမှလုပ်စရာ မရှိရင် တစ်ခုခုကို ထိုင်တွေးနေတာပါပဲ။ အဲဒီအတွေးတွေက တစ်ခုပြီး တစ်ခု ဆင့်ပွားလာရာကနေ ကိုယ့်စိတ်ကို ဒုက္ခဖြစ်စေနိုင်လောက်တဲ့ မကောင်းတဲ့ အတွေးတွေဘက်ကို ရောက်သွားတတ်ပါတယ်။ လူဆိုတဲ့ အမျိုးက ကောင်းတာတွေဆိုရင် သိပ်သတိမထားမိပေမဲ့ မကောင်းတဲ့ အတွေးတွေဆိုရင်တော့ ခေါင်းထဲက ဆွဲထုတ်မရအောင် သိမ်းထားတတ်ပါတယ်။ ဒီလိုအခြေအနေကိုတော့ စိတ်အကျဉ်းကျခြင်း၊ စိတ်ချောင်ပိတ်မိခြင်း (Rumination) လို့ ခေါ်ပါတယ်။
အတွေးလွန်တာ (Overthinking) နဲ့ ဘာကွာသွားလဲ။
Overthinking ဖြစ်တဲ့သူတွေဟာ ကောင်းတာ၊ မကောင်းတာကို ရည်ရွယ်ပြီး တွေးတာမဟုတ်ဘဲ ကိုယ်တွေးချင်ရာ လျှောက်တွေးနေတတ်တာပါ။ Rumination အမျိုးအစားကတော့ ဘယ်လိုအတွေးကနေပဲ စသည်ဖြစ်စေ မကောင်းတဲ့ အတွေးတွေဘက်ကို အမြဲရောက်သွားတတ်ပြီး ဒါကို ထပ်တလဲလဲ တွေးနေရင်း ဘာကိုမှ မလုပ်ချင်မကိုင်ချင် ဖြစ်သွားတတ်ပါတယ်။
များသောအားဖြင့် စိတ်အကျဉ်းကျတဲ့သူတွေဟာ ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။
ဘယ်လိုအခြေအနေကြောင့် စိတ်ချောင်ပိတ်မိတဲ့ အကျင့် ဖြစ်လာရတာလဲ။
• ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ ထိခိုက်တုန်လှုပ်မှုကြီး ဖြစ်ခဲ့ဖူးတာ
• စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေ၊ လူတွေနဲ့ နေ့စဉ် ရင်ဆိုင်ဆက်ဆံနေရတာ
• ကြာကြာတွေးရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အဖြေတစ်ခုခုရှာနိုင်မယ်လို့ ယုံကြည်ထားတာ
• အရာရာကို ပြီးပြည့်စုံဖို့၊ စင်းလုံးချော မှန်စေချင်တဲ့ ပင်ကိုယ်စရိုက်ရှိတာ
• စိတ်အနည်းငယ် မူမမှန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အတွေးအခေါ်တွေ အစွန်းရောက်လွန်းနေခြင်း
• တခြားသူတွေရဲ့ ဘဝဇာတ်ကြောင်းကို အလွန်စိတ်ဝင်စားခြင်း၊ တခြားသူအစား ပူပန်ပေးတတ်ခြင်း
ဒီလို အမူအကျင့်တွေ ရှိတဲ့သူတွေမှာ လိုတာထက်ပိုပြီး တွေးတာ၊ အတွေးထဲမှာ ချောင်ပိတ်မိတဲ့ အကျင့်တွေ ဖြစ်လာမယ်။ တဖြည်းဖြည်း မကုသဘဲ ထားထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်မှာရော လူမှုရေး၊ မိသားစုမှာပါ အဆင်မပြေမှုတွေ ကြုံလာမယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါအပြင် စိတ်ကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အတွေးလွန်တတ်တဲ့ သူတွေမှာ အတွေ့များတဲ့ အမူအကျင့်တွေ
• တစ်ခုခုကိုတွေးနေရင်း ပိုပြီးဝမ်းနည်းပူဆွေးလာတာ၊ ဒေါသထွက်တာ၊ စိတ်ဓာတ်ကျလာတာ
• အရာရာကို မကောင်းမြင်လာတာ၊ အပြစ်မြင်စိတ်တွေ ပိုများလာတာ
• ဖြစ်နေတဲ့ ပြဿနာကို အဖြေရှာမရဘဲ အတွေးထဲမှာပဲ အချိန်ကုန်ဆုံးသွားတာ
• အတွေးထဲ စိတ်ရောက်နေပြီး လက်တွေ့ဖြေရှင်းဖို့ စိတ်အားထက်သန်မှု မရှိတော့တာ
• ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အာရုံမစိုက်နိုင်တော့တာ
• အတွေးလွန်မှုကြောင့် စိတ်ဖိစီးမှုတွေ ပိုခံစားလာရတာ၊ ပြဿနာတွေ ပိုဖြစ်လာတာ စတဲ့ ပြဿနာတွေကို တွေ့နိုင်ပါတယ်။
စိတ်ချောင်ပိတ်ခြင်းကို ဘယ်လို ထိန်းချုပ်ကြမလဲ။
ကိုယ့်ကိုယ်ကိုယ် မရပ်မနား တွေးနေမိတယ်၊ ကိုယ်တွေးနေတဲ့ အရာတွေကလည်း ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေနိုင်တဲ့အရာတွေမှန်း ရိပ်မိလာပြီဆိုရင် ဒါကိုပဲ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အဲ့အတွက် အကောင်းဆုံးနည်းလမ်းတွေကတော့
၁။ ကိုယ်တစ်ခုခုကို စတွေးမိပြီဆိုတာနဲ့ တွေ့ရာအလုပ်တစ်ခုလုပ်ပါ။ ရုံးအလုပ်မှ မဟုတ်ပါဘူး။ အိမ်အလုပ်ပဲဖြစ်ဖြစ်၊ ဖုန်းသုံးတာဖြစ်ဖြစ်၊ အိပ်လိုက်တာ၊ လမ်းထလျှောက်တာ၊ ပြေးလိုက်တာ အကုန်လုပ်လို့ ရပါတယ်။ အဓိက တွေးနေမယ့်ကိုယ့်စိတ်ကို အလုပ်တစ်ခုခု ပေးခြင်းဖြင့် အာရုံလွှဲလိုက်တာပါပဲ။
၂။ ပြဿနာတစ်ခုခု ဖြစ်ရင် ဒါကိုထပ်တလဲလဲ မတွေးပါနဲ့။ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသာ လက်တွေ့စဉ်းစားပါ။ ပြဿနာတိုင်းဟာ ရှောင်ပြေးရင်၊ စိတ်ထဲမှာ ကျိတ်ခံစားနေရုံနဲ့ မပြီးသွားပါဘူး။ ဖြေရှင်းလိုက်မှ၊ အမှားကို တောင်းပန်လိုက်မှသာ ဒီဝန်ထုပ်ဝန်ပိုးစိတ်က ငြိမ်းအေးသွားမှာပါ။
၃။ ကိုယ်တွေးနေတဲ့အရာတွေက ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့ မကောင်းတဲ့အရာတွေကို လက်ခံပါ။ ဒီအချက်ကို မငြင်းပါနဲ့။ အတိတ်မှာ မှားခဲ့တာတွေ ရှိရင်လည်း ကိုယ်မှားခဲ့သူကို တောင်းပန်ပါ။ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ နောင်တတွေ၊ အပြစ်တင်စိတ်တွေ၊ ယူကြုံးမရဖြစ်တဲ့စိတ်တွေ အကုန်လုံးကို သင်ပုန်းချေနိုင်ဖို့ ကြိုးစားပါ။
၄။ စိတ်က မကောင်းတဲ့အရာတွေကို တွေးဖို့ စတင်လိုက်ပြီဆိုတာနဲ့ ဒီအတွေးတွေကို အမြန်ဖျောက်ပြီး လက်ရှိအချိန်၊ အနာဂတ်အချိန်တွေကို ပြန်လည်မှန်းဆကြည့်ပါ။ ပြီးသွားခဲ့တဲ့ အတိတ်တွေကို တမ်းတပူဆွေးနေရတာထက် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမှ သာယာအေးချမ်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။
၅။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တဲ့ စိတ်ကို လျှော့ပါ။ ကိုယ့်မှာ ရှိတဲ့ ကောင်းတဲ့အရာတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ကိုယ်အကူအညီလိုအပ်တိုင်း ဘေးမှာ ရှိခဲ့တဲ့သူတွေအားလုံးကို ပြန်သတိရပါ။ ဘယ်သူမှမရှိခဲ့ရင်လည်း ကိုယ့်ဆီမှာ ကိုယ်တစ်ယောက်လုံး ရှိနေတာကို ပြန်တွေးပြီး ဘဝကို ရှေ့ဆက်လှမ်းပါ။
၆။ စိတ်ထဲမှာ အတွေးတစ်ခုခု ဖြစ်လာပြီဆိုရင် ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြကြည့်ပါ။ အနည်းဆုံးတော့ အဖြေရှာမရခဲ့ရင်တောင် ကိုယ်တစ်ယောက်တည်း စိတ်ထဲမှာ ကြိတ်ခံစားနေရတာ မဟုတ်တဲ့အတွက် ရင်ထဲ နည်းနည်းတော့ ပေါ့သွားမှာပါ။
၇။ စိတ်ကို တည်ငြိမ်အေးချမ်းအောင် ပြန်စုစည်းဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။
မိမိရဲ့ စိတ်နဲ့ အမူအကျင့်ကို ကိုယ်တိုင် ပြင်ဆင်နိုင်မှ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်ရတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်လို့ မရဘူး၊ အကူအညီလိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချထားရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံး လုပ်ကြည့်တာ အကောင်းဆုံးပါပဲ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-bmi]