backup og meta

သီချင်းနားထောင်ရင်း စာကျက်နေသလား

သီချင်းနားထောင်ရင်း စာကျက်နေသလား

တေးဂီတသံဟာ စာကျက်မှတ်ရာမှာ၊ အလုပ်လုပ်ရာမှာ အထောက်အကူပေးကြောင်း လူအများက လက်ခံထားကြပါတယ်။ သီချင်းနားထောင်ရင်း စာလုပ်ရတာ၊ လှုပ်ရှားရတာ ပိုမိုလန်းဆန်းတက်ကြွတယ်လို့ ခံယူထားကြပါတယ်။ တချို့ကလည်း ဒီလိုဆူညံသံနဲ့ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

တေးဂီတဟာ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အထူးသဖြင့်

စိတ်ပိုင်းဆိုင်ရာ ခံစားမှုကောင်းမွန်စေခြင်း

– စိတ်ဓာတ်တက်ကြွစေခြင်း

မှတ်ဉာဏ်ကိုတိုးတက်စေခြင်း၊ ဦးနှောက်ကိုလှုံ့ဆော်ပေးခြင်း

– နာကျင်ပင်ပန်းမှုကို သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။

အထက်ပါအကျိုးကျေးဇူးတွေနဲ့ ချိန်ထိုးရင် တေးဂီတဟာ စာကျက်မှတ်ခြင်းကို ယေဘုယျအားဖြင့် အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီအဆိုကို သဘောမတူနိုင်ပါဘူး။ တေးဂီတသံဟာ လူအားလုံးကိုတော့ တသမတ်တည်း မသက်ရောက်နိုင်ပါဘူးလို့ ဆိုပါတယ်။

ဘယ်လို အထောက်အကူပြုသလဲ

အာရုံစူးစိုက်ပြီး ဖတ်မှတ်ရတဲ့အလုပ်ဟာ သင့်ကိုစိတ်ပင်ပန်းစေပါတယ်။ ဒီလိုအချိန်မှာ သာယာငြိမ့်ညောင်းတဲ့၊ ဒါမှမဟုတ် စိတ်ဓာတ်တက်ကြွဖွယ်ရာဖြစ်တဲ့ တေးဂီတဟာ သင့်ကို ကူညီနိုင်ပါတယ်။ ဘယ်လိုကူညီနိုင်သလဲဆိုတာကတော့ အောက်ပါအတိုင်းပါပဲ။

စိတ်အားတက်ကြွစေပါလိမ့်မယ်

အိမ်စာတွေရေး၊ assignment တွေပြင်၊ ပါဝါပွိုင့်တွေ တပုံတပင်နဲ့ လုံးလည်ချာလည်လိုက်နေတဲ့ သင့်ကို စာဆက်ဖတ်ချင်အောင် ဂီတက စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ပင်ပန်းငြီးငွေ့ဖွယ်အခြေအနေမှာ သီချင်းနားထောင်ပေးခြင်းဟာ သင့်ကိုယ်သင်ဆုချခြင်းတမျိုးပါပဲ။ စိတ်အားတက်ကြွဖွယ် တေးဂီတများကို နားဆင်ခြင်းအားဖြင့် သင့်ဦးနှောက်ဟာ ပြန်လည်လန်းဆန်းပြီး အလုပ်ဆက်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အလုပ်လုပ်နေစဉ်၊ စာဖတ်နေစဉ် နားထောင်သလို လုပ်လက်စအလုပ်ကို ခဏရပ်တန့်ပြီး သီချင်းနားထောင်ခြင်းဟာလည်း အလုပ်ကို ကောင်းကောင်းဆက်လုပ်နိုင်ဖို့ စိတ်ဓာတ်ခွန်အား ပေးနိုင်ပါလိမ့်မယ်။

စိတ်ကို ကြည်လင်လန်းဆန်းစေပါလိမ့်မယ်

သီချင်းနားထောင်ခြင်းဟာ သင့်ကို စိတ်ဓာတ်တက်ကြွစေရုံသာ မကပါဘူး။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အပြုသဘောဆောင်တဲ့စိတ်၊ အကောင်းမြင်တဲ့စိတ်ကို တိုးတက်စေပါလိမ့်မယ်။

သုတေသနတွေအရ စိတ်ကြည်လင်လန်းဆန်းချိန်မှာ စာပေကို ဖတ်မှတ်လေ့လာရင် ရလဒ်ကောင်းတွေ ပိုမိုရရှိနိုင်ပါတယ်။ နည်းလမ်းအသစ်၊ အတွေးအခေါ်သစ်တွေ ပေါ်လာနိုင်ပါတယ်။ စာဖတ်ခြင်း၊ စာကျက်ခြင်းဟာ သင့်ကို စိတ်ဖိစီးစေတဲ့အရာဖြစ်ပါတယ်။ တေးဂီတနားထောင်ခြင်းဟာ ဖိစီးမှုတွေကို လျှော့ချပြီး သင့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

အာရုံစူးစိုက်မှုကို မြင့်မားစေပါတယ်

၂၀၀၇ ခုနှစ်က စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဂန္တဝင်တေးဂီတဟာ ဦးနှောက်ရဲ့စုပ်ယူမှုကို အားကောင်းစေပါတယ်။ အချက်အလက်အသစ်တွေကို အလွယ်တကူ မှတ်သားနိုင်ဖို့ အထောက်အကူပေးပါတယ်။ တကယ်တော့ သင့်ဦးနှောက်ဟာ သင်ကိုယ်တိုင်သတိမထားမိလိုက်ဘဲ သင့်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ အကြောင်းအရာအသစ်တွေကို အချိန်နဲ့အမျှ မှတ်သားပြီး အကန့်ငယ်များထဲ ဆက်တိုက်ထည့်သွင်းထားပါတယ်။ သုတေသီတွေရဲ့ ထုတ်ဖော်ချက်အရ ဦးနှောက်ဟာ ဖြစ်ရပ်တွေ၊ ကြိုတင်မျှော်တွေးခန့်မှန်းမှုတွေအတွက် အာရုံစိုက်ရာမှာ တေးဂီတသံက ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြောင်းအရာသစ်ကို လေ့လာရာမှာ တေးဂီတသံကို နားဆင်သင့်ပါတယ်။

မကောင်းတဲ့အချက်တွေရှိသလား

ဂီတသံဟာ လူအားလုံးကိုတော့ တူညီတဲ့ အကျိုးကျေးဇူး  မပေးပါဘူး။ ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာရုံလွဲချော်နိုင်ပါတယ်

တေးဂီတရဲ့ အကျိုးသက်ရောက်မှု တစ်ခုကတော့ သင့်ကို လမ်းလွဲသွားစေနိုင်တာပါပဲ။ စိတ်ဖိစီးပူဆွေးချိန်မှာလည်း စိတ်ကို မြှင့်တင်ပေးနိုင်သလို ခက်ခဲတဲ့သင်ခန်းစာတွေကို လေ့လာနေချိန်မှာ အာရုံမစူးစိုက်နိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။

လုပ်ငန်းဆောင်ရွက်နေစဉ် အသုံးပြုတဲ့မှတ်ဉာဏ်အပေါ် ထိခိုက်စေပါတယ်

အလုပ်လုပ်နေစဉ်သုံးတဲ့ မှတ်ဉာဏ်ဆိုတာဟာ ပြဿနာတခုကိုဖြေရှင်းနေစဉ်၊ လေ့လာနေစဉ်၊ တခြား သိမှတ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေစဉ်မှာ လိုအပ်တဲ့ အချက်အလက်တွေကို ထုတ်သုံးတဲ့ မှတ်ဉာဏ်ကို ရည်ညွှန်းပါတယ်။ ပြုစုထားတဲ့စာရင်း၊ ဖြစ်ရပ်တခုရဲ့ နောက်ဆက်တွဲကိစ္စရပ်တွေ၊ ပြဿနာတပုဒ်ကို ဖြေရှင်းရတဲ့ အဆင့်များ စတာတွေ ပါဝင်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သီချင်းသံကြောင့် လူတချို့မှာ အဆိုပါစွမ်းရည်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ခြုံငုံနားလည်နိုင်စွမ်းကို ကျစေနိုင်ပါတယ်

စာပိုဒ်အများကြီးပါတဲ့ စာကိုဖတ်ပြီးချိန်မှာ အရေးကြီးတာက ဆိုလိုတဲ့ အကြောင်းအရာကို ခြုံငုံနားလည်တတ်ဖို့ ဖြစ်ပါတယ်။ ကျယ်လောင်ပြီး မြန်ဆန်တဲ့ သီချင်းသံအချို့ဟာ အဆိုပါစွမ်းရည်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

နိဂုံး

ခြုံငုံကြည့်ရမယ်ဆိုရင် တေးဂီသသံဟာ လူအားလုံးကို တူညီတဲ့အကျိုးကျေးဇူး မပေးပါဘူး။ ဒါကြောင့် အများနဲ့စုပြီး လုပ်ကိုင်ဆောင်ရွက်ရာမှာ၊ ဖတ်မှတ်လေ့လာရာမှာ မိမိက သီချင်းသံနားထောင်ချင်ပေမယ့် ပတ်ဝန်းကျင်မှာ အဆင်မပြေနိုင်တဲ့သူ ရှိနိုင်တာကို သတိပြုရပါမယ်။ သီချင်းသံကို ခပ်တိုးတိုးသာနားထောင်ပြီး သာယာငြိမ့်ညောင်းတဲ့ သံစဉ်ကို နားဆင်သင့်ပါတယ်။ စာဖတ်နေစဉ်၊ အလုပ်လုပ်နေစဉ်မှာ နားထောင်တာထက် ခဏနားချိန်မှာ နားထောင်တာ ပိုကောင်းပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/does-music-help-you-study Accessed Date 5 August 2020

ယခုပုံစံ

23/08/2020

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

သီချင်းဆိုပါ…………….



Dr. Thant Zin မှ ရေးသားသည်။ · 23/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement