backup og meta

မျှဝေပါ။

အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့

အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့ က ဘာတွေများ ဖြစ်မလဲ!

ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်တဲ့ အရေပြား ကျန်းမာမှ ခန္ဓါကိုယ်လည်း လှပကျန်းမာမှာအသေအချာပါနော်။ ဒီလောက်ညွှန်းနေရအောင် အရေပြားက ဘာများလုပ်ပေးနေလို့လဲလို့ဆိုပြီး အတွေးဖြစ်မိနေရင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။

အရေပြားက ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ…….

ခန္ဓါကိုယ်ကိုနေရာလပ်မကျန်ဖုံးအုပ်ထားတဲ့ အပေါ်ယံအရေပြားလွှာက ခန္ဓါကိုယ်ကို အခုလိုစောင့်ရှောက်ပေးပါတယ်။

  • ကိုယ်တွင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခံတပ်သဖွယ် ကာကွယ်ပေးတယ်
  • နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ်
  • ပတ်ဝန်းကျင်က အရာတွေကြောင့် ခန္ဓါကိုယ် မထိခိုက်ရအောင် ကာကွယ်ပေးတယ်
  • လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးပြီး ဆဲလ်တွေ ကျန်းမာအောင် လုပ်ဆောင်ပေးတယ်
  • အရေပြား ကျန်းမာစေဖို့ လိုအပ်တဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးတယ်
  • ဗီတာမင် D လိုမျိုး လိုအပ်တဲ့ ဗီတာမင်တွေ ရရှိအောင် စုပ်ယူပေးပြီး ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတယ်၊ ကျန်းမာအောင်လုပ်ဆောင်ပေးတယ်
  • ကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးတယ်။

အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့

အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့ ကတော့ –

နေရောင်ကနေ ကာကွယ်ပေးပါ

နေရောင်ခြည်က ဗီတာမင် D ကို ပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည် ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာ အပါအဝင် အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေစဉ် နေလောင်ကာခရင်မ် လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။

ဆေးလိပ်သောက်သုံးမှုက အသားအရေကို တော်တော်လေး ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေနိုင်သလို အရေးအကြောင်းတွေ နဲ့ အခြားသော အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေ ရရှိမှုနဲ့သွေးစီးဆင်းရောက်ရှိမှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ရေချိုးချိန်ကို ကန့်သတ်ပါ

ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလို ဖြစ်တာကြောင့် အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေကို အချိန်အကြာကြီး ချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။

ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့

ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကို ခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာ သုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။

ရေခြောက်အောင်သုတ်ပါ

ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ် ရေခြောက်အောင်သုတ်ပေးပါ။ ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓါတ်လျော့စေပြီး အသားအရေ ခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။

အစိုဓါတ်ထိန်းပါ

အရေပြားကို အစိုဓါတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ

အသားအရေကျန်းမာစေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့ အသားတွေ စားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။ရေများများသောက်ပေးပါ။

စိတ်ဖိစီးမှုကိုဖြေလျော့ပါ

စိတ်ဖိစီးမှု များလွန်းတာက အသားအရေကို ထိခိုက်စေနိုင်သလို ဝက်ခြံတွေ၊ အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြား ကျန်းမာစေဖို့အတွက် ဖြစ်နိုင်သမျှ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့လိုပါမယ်။ ဒါကြောင့် သီချင်း နားထောင်တာ၊ တရားထိုင်တာ နဲ့ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skin care: 5 tips for healthy skinhttps://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/skin-care/art-20048237 Accessed Date 31 July 2019

5 reasons you should take care of your skinhttps://www.onlymyhealth.com/why-skin-important-1298015619Accessed Date 31 July 2019

ယခုပုံစံ

23/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement