backup og meta

သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

    နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရုံးက ကိစ္စတွေကို အိမ်ကို သယ်လာတာ၊ ပိတ်ရက်မှာတောင် ရုံးကအလုပ်တွေကို တွေးနေမိတာတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား ။

    သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

    အပေါ်မှာ ပြောခဲ့တာထက် နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး ညမိုးချုပ်တဲ့အထိ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်နေမယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မတွေ့ဘဲ ကိုယ့်ရဲ့ အလုပ်စားပွဲမှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာဆိုရင်တော့ ကိုယ့်မှာ အလုပ်ပေါ် စွဲလမ်းတဲ့ စိတ်ရောဂါ (Workaholism) ရှိတာဖြစ်နိုင်သလို တခြားသော လူမှုရေးရာ၊ ပြဿနာတွေကနေ ကိုယ့်စိတ်ကို ရှောင်ပြေးတာလည်း ဖြစ်နိုင်ပါတယ်။

    ထူးခြားတာ တစ်ခုကတော့ ဒီစိတ်ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာတော့ လူနည်းစုမှာသာ ဖြစ်တတ်တာကို တွေ့ရပါတယ်။ စိတ်ထိခိုက်စရာ ကိစ္စတွေ၊ အချစ်ရေး၊ မိသားစုမှာ အဆင်မပြေတာတွေကို မဖြေရှင်းဘဲ အလုပ်ပေါ် စိတ်နှစ်လိုက်တာဟာ စိတ်ကျန်းမာရေးအခြေအနေကို ပိုဆိုးစေနိုင်သလို ရေရှည်မှာလည်း ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဘယ်လိုအမျိုးသမီးတွေမှာ ဒီစိတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများလဲ။

  • ကိုယ်ရေးကိုယ်တာကိစ္စတွေကို တိုက်ရိုက်မဖြေရှင်းဘဲ အလုပ်ပေါ် အာရုံစိုက်ပြီး လမ်းကြောင်းလွှဲတတ်တာ
  • အမျိုးသားတွေထက် ပိုပြီး တော်ကြောင်း၊ လုပ်နိုင်ကြောင်းကို လွန်လွန်ကျူးကျူးသက်သေပြချင်တာ
  • ကိုယ် အလုပ်လုပ်သလောက် အလေးထားမခံရတာ၊ ရာထူးမတက်တာ
  • ကိုယ့်ရဲ့ အထက်လူကြီးက အမျိုးသမီးတွေပေါ် နှိမ့်ချဆက်ဆံတာ၊ အားပေးကူညီမှု မရှိတာ
  • အရာရာကို ပြီးပြည့်စုံချင်စိတ်၊ အောင်မြင်ချင်စိတ် လောဘများလွန်းတဲ့ အမျိုးသမီးတွေမှာ ဒီစိတ်ရောဂါ အခြေအနေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • စိတ်ကျန်းမာရေးအရ ကြီးမားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါမျိုးမဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အထီးကျန်လာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အလုပ်ခွင်ဖိအားကြောင့် စိတ်ဒဏ်ရာရခြင်း၊ မိသားစု၊ ချစ်သူရဲ့ မကောင်းမြင်ခံရခြင်းတွေအပြင် ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

    အလုပ်ပေါ် စိတ်စွဲလမ်းနေပြီဆိုတာ ပြနေတဲ့ လက္ခဏာ၊ အမူအကျင့်တွေ

    • ကိုယ်ပိုင်အချိန်မှာ အနားမယူဘဲ အလုပ်လုပ်ဖို့ ပြင်တာ
    • လိုအပ်တာထက်၊ သတ်မှတ်ထားတဲ့အချိန်ထက် ပိုပြီး အလုပ်လုပ်တာ
    • အတိတ်က အမှားတွေ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေဖျောက်ဖို့ အလုပ်ပေါ် စိတ်အာရုံလွှဲလိုက်တာ
    • အလုပ်အရမ်းလုပ်လွန်းတယ်လို့ တခြားသူတွေ ပြောတဲ့အခါ၊ အလုပ်မလုပ်ဖို့ တားမြစ်ခံရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တာ
    • အလုပ်ကလွဲပြီး ဘာဆိုဘာမှ မလုပ်ချင်တော့တာ၊ စိတ်မဝင်စားတော့တာ
    • ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူတွေအပေါ် မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ၊ သတိမထားမိတော့တာ
    • တခြားသူတွေနဲ့ ယှဉ်လိုက်တိုင်း အလုပ်ကို ဦးစားပေးရှေ့တန်းတင်တာ
    • ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အထိ အလုပ်ကို အလွန်အကျွံလုပ်တာ
    • တစ်ပတ်ကို ၄၅ နာရီထက် ပိုပြီး အလုပ်လုပ်တာ
    • ရုံးကအလုပ်တွေကို အိမ်သယ်လာတဲ့ အကျင့်ရှိတာ
    • တစ်ရုံးလုံးပြန်သွားတာတောင် ညနောက်ကျတဲ့အထိ ထမင်းမစား၊ ရေမသောက်ဘဲ အလုပ်လုပ်တာ
    • တခြားအိမ်မှုကိစ္စလုပ်နေချိန်၊ စကားပြောနေချိန်မှာ အလုပ်ကို ခေါင်းထဲရောက်တာ၊ တွေးပူတာ

    ဒီလို အမူအကျင့်တွေ ၅ခုထက် မနည်း ကြုံတွေ့လာရပြီဆိုရင် ကိုယ့်မှာ အလုပ်ပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။

    ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

    စိတ်ရောဂါဆိုတာ ပေါ့ဆလို့ ရတဲ့၊ ပစ်ထားလိုက်ရုံနဲ့ ပျောက်သွားမယ့် ကျန်းမာရေးအခြေအနေ မဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အလုပ်ခွင်ဖိအားကြောင့် စိတ်နဲ့ ခန္ဓာထိခိုက်နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့်

    ၁။ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

    ၂။ အလုပ်လုပ်တဲ့အချိန်ကို ဖြည်းဖြည်းချင်းစီ လျှော့ချပါ။

    ၃။ ကိုယ့်မှာ တခြား လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ပူပန်စရာတွေ ရှိရင် မိသားစုနဲ့ တိုင်ပင်ပါ။ ပြဿနာကို ဖြေရှင်းပါ။

    ၄။ တစ်ယောက်တည်း မြိုသိပ်ထားတတ်တဲ့ အကျင့်ကို ဖြည်းဖြည်းချင်း ဖျောက်ဖို့ ကြိုးစားပါ။

    ၅။ စိတ်ကို အနားရစေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ စာဖတ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အားကစားလုပ်တာ၊ သီချင်းနားထောင်တာမျိုး လုပ်ပေးပါ။

    ၆။ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ မကြာခဏ တွေ့ပါ။

    ၇။ အလုပ်နဲ့ ဘဝကို မျှတစွာ နေထိုင်နိုင်အောင် ကြိုးစားပါ။

    ၈။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ အရာရာကို အကောင်းမြင်ပါ။

    ဒီပြဿနာကို ဖြေရှင်းဖို့ ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံကို အရင်ပြောင်းလဲကြည့်ပါ။  ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ စိတ်ရှည်ပြီး သည်းခံပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement