backup og meta

နားဖောက် ထားတဲ့သူတွေ ဂရုစိုက်ဖို့ လိုအပ်တဲ့အချက်များ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နားဖောက် ထားတဲ့သူတွေ ဂရုစိုက်ဖို့ လိုအပ်တဲ့အချက်များ

    ဒီလို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ နားကပ်လှလှလေးတွေ တပ်ဖို့ မိန်းကလေးအတော်များများက နားဖောက် လာကြပါတယ်။ နောက်ပိုင်း မိန်းကလေးတွေတင်မကဘဲ ယောကျ်ားလေးတွေမှာလည်း နားဖောက်တာက ပိုပြီးခေတ်စားလာတာ၊ trend တစ်ခုဖြစ်လာတာကို တွေ့ရပါတယ်။ နားဖောက်တဲ့အခါမှာလည်း ပုံမှန်ဖောက်တဲ့ နားဆံသီး (earlobe) တွေမှာတင်မကဘဲ အခြား အရိုးနုရှိတဲ့ နားရွက်ပတ်ပတ်လည်နေရာတွေမှာပါ အလှဖောက်လာကြပါတယ်။

    ဒီလို နားဖောက်တာဟာ များသောအားဖြင့်တော့ ပိုးသတ်ထားပြီး သန့်စင်တဲ့နေရာမှာ ကျွမ်းကျင်သူတွေနဲ့ ဖောက်မယ်ဆိုရင် ပြသနာမရှိပါဘူး။ ဒါပေမယ့် ဖောက်ပြီးတဲ့အခါမှာလည်း ကိုယ်တိုင်က ဂရုမစိုက်မိရင် ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ ပိုးဝင်ခြင်းစတဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နားဖောက်တဲ့အခါမှာ ပိုးသေချာသန့်စင်ထားပြီး ကျွမ်းကျင်တဲ့သူဖောက်ပေးတဲ့ နေရာကို ရွေးချယ်သင့်တဲ့အပြင် ကိုယ်တိုင်လည်း အိမ်မှာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နားဖောက်ပြီးတဲ့အခါ အိမ်မှာ ဘယ်လို ဂရုစိုက်သင့်တယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာပါ။

    နားဖောက် ပြီးတဲ့အခါ

    ၁။ နားပေါက်နေရာ သန့်ရှင်းရေးကို ပုံမှန် အလေ့အကျင့်တစ်ခု အနေနနဲ့ သတိတရလုပ်ဆောင်ပေးပါ။

    နေ့စဉ်လုပ်ဆောင်နေကျ သွားတိုက်၊ မျက်နှာသစ်အလုပ်တစ်ခုလိုမျိုး နားဖောက်ထားတဲ့နေရာလေးကို လည်းပုံမှန် အလေ့အကျင့်တစ်ခုအနေနဲ့ မမေ့မလျော့ သန့်ရှင်းပေးသင့်ပါတယ်။ ဒါ့ကြောင့် အစပိုင်းမှာ နေ့စဉ် သတိရဖို့အတွက် နိစ္စဒူဝကိစ္စတစ်ခုခုနဲ့ တွဲပြီးလုပ်သင့်ပါတယ်။ ဥပမာ- မနက်နိုးနိုးချင်း သွားတိုက်ပြီးတိုင်းမှာ နားပေါက်လေးကို သတိတရ သန့်စင်ပေးတာမျိုးပေါ့။

    ၂။ လက်ကို သေသေချာချာဆေးပါ။

    နားပေါက်လေးကို သန့်ရှင်းရေးမလုပ်ခင်မှာ လက်ကို အရင် ဆေးဖို့လိုအပ်ပါတယ်။ လက်ဆိုတာ ပိုးမွှားတွေမျိုးစုံနဲ့ ထိတွေ့ရပြီး ကပ်ပါလာနိုင်တာကြောင့် လက်ကနေတစ်ဆင့် နားပေါက်ထဲကို ပိုးတွေဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် လက်ကို အရင်ဆုံး စင်အောင်ဆေးဖို့ မမေ့ပါနဲ့နော်။

    ၃။ သန့်ရှင့်တဲ့ ဂွမ်းစ (သို့) cotton pad လေးတွေကို အသုံးပြုပါ။

    နားဖောက်ထားတဲ့နေရာလေးတွေ သန့်ရှင်းရေးလုပ်ဖို့အတွက် သန့်စင်တဲ့ cotton pad လေးတွေနဲ့ အရက်ပြန်ကို အသုံးပြုပြီး မပွတ်ဘဲ ဖွဖွလေးလုပ်နိုင်ပါတယ်။

    ၄။ နားကပ်တစ်ခုခုကို ချွတ်ပြီး အခြားတစ်ခု လဲတဲ့အချိန်တိုင်းမှာ သန့်ရှင်းပေးပါ။

    နားကပ်တစ်ခုခုကို ချွတ်လိုက်တိုင်းမှာ နားဖောက်ထားတဲ့နေရာလေးကို သန့်ရှင်းရေးလုပ်ပေးသင့်တဲ့အပြင် ထပ်တည့်မယ့် နားကပ်မှာလည်း ပိုးမွှားတွေကပ်ပါလာတာကြောင့် နားပေါက်ထဲထည့်မယ့် နားကပ်ရဲ့ အစိတ်အပိုင်းကိုလည်း သန့်စင်အောင် လုပ်ပေးသင့်ပါတယ်။

    ၅။ အနာကောင်းကောင်း မကျက်သေးခင် နားကပ်အသစ်မလဲပါနဲ့။

    ဖောက်တဲ့ နားရဲ့နေရာပေါ်မူတည်ပြီး အနာကျက်နိုင်တဲ့ အချိန်က ကွာနိုင်ပါတယ်။ ဒါ့ကြောင့် နားဖောက်ပေးတဲ့ ကျွမ်းကျင်သူ (သို့) ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အနာကောင်းကောင်းကျက်လောက်တဲ့ အချိန်မှ စလဲသင့်ပါတယ်။

    ၆။ အမြဲတမ်း နားကပ်တပ်ပြီး မအိပ်ပါနဲ့။

    နားပေါက်ဖောက်ထားတာ မကြာသေး၊ အခြေမကျသေးတဲ့ သူတွေအတွက်ကတော့ ဆရာဝန်ညွှန်ကြားတဲ့ အချိန်တစ်ခုအထိ နားပေါက်ပိတ်မသွားဖို့ နားကပ်ကို မဖြုတ်ဘဲထားရမှာပါ။ ဒါပေမယ့် ကြာလာပြီဆိုရင်တော့ အမြဲတမ်း နားကပ်ကို တပ်ထားပြီး မအိပ်သင့်ပါဘူး။ အဲလို အမြဲနားကပ်တပ်ထားပြီး အိပ်မယ်ဆိုရင် စောင်တွေ၊ အဝတ်စတွေနဲ့ ငြိမိပြီး ဒဏ်ရာရခြင်း၊ ဖိမိပြီး အရေပြားပွန်းပဲ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြဲတမ်းတပ်ထားပြီး အချိန်အကြာကြီး သန့်ရှင်းရေးမလုပ်တာကြောင့် ပိုးဝင်နိုင်ခြေများခြင်း စတဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရေရှည်အတွက် အိပ်တဲ့ အချိန်တွေမှာ နားကပ်လေးတွေ ဖြုတ်ထားသင့်ပါတယ်။

    ၇။ နားဖောက်ထားတဲ့နေရာ တစ်ဖက်တည်းကို အကြာကြီးဖိပြီး မအိပ်ပါနဲ့။

    အဲလို အကြာကြီးဖိပြီး အိပ်ခြင်းက ဘက်တီးရီးယားပိုးမွှားတွေပိုပြီး ပိတ်မိစေပြီး ပိုးဝင်နိုင်ခြေပိုများပါတယ်။

    ၈။ Body lotion တွေ၊ hair coat တွေ စတဲ့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လိမ်းတဲ့ ပစ္စည်းတွေကို နားမှာ မသုံးမိဖို့ သတိပြုပါ။

    ၉။ ပိုးဝင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ပါ။

    ရက်အနည်းငယ်ကြာတာတောင် နာကျင်နေသေးတယ်ဆိုရင်၊ နီရဲပြီးရောင်ရမ်းလာရင်၊ ပြည်တည်နာဖြစ်လာရင်၊ ဖောက်ထားတဲ့နေရာက အဝါရောင် ပုံမှန်မဟုတ်တဲ့ အနံ့နံတဲ့ အရည်တွေထွက်လာရင် စတဲ့ပိုးဝင်ရင်ဖြစ်နိုင်တဲ့ လက္ခဏာတွေကို သေသေချာချာ စောင့်ကြည့်ပြီး မသက်သာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    နားဖောက်ပေးတဲ့ ဆရာဝန် (သို့) ကျွမ်းကျင်သူတွေရဲ့ အထူးမှာကြားချက်တွေ ရှိမယ်ဆိုရင်လည်း မမေ့မလျော့လိုက်နာသင့်ပါတယ်။

    Hello ဆရာဝန်ပရိသတ်ကြီးမှာလည်း နားဖောက်ထားတဲ့ သူတွေရှိရင် ဒီဆောင်းပါးလေးက အချက်လေးတွေကို လက်တွေ့ အသုံးချလိုက်တော့နော်။

    ရေးသားသူ – Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement