backup og meta

တစ်နေ့ ရေ ၈ခွက် သောက်တာ တကယ်မှန်လား။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့ ရေ ၈ခွက် သောက်တာ တကယ်မှန်လား။

    ရေ များများသောက်နော်လို့ သူများတွေ ပြောတာ ကြားဖူးမှာပေါ့။ ဒါမှမဟုတ် တစ်နေ့ ရေ၈ခွက်သောက်နော်လို့ ပြောတာလည်း ကြားဖူးမှာပေါ့။ နည်းနည်းလောက် စဉ်းစားကြည့်ရအောင်။ ဒီရေ၈ခွက်က ကလေးလည်း ၈ခွက်၊ လူကြီးလည်း ၈ခွက်၊ ပိန်တဲ့သူလည်း ၈ခွက်၊ ဝတဲ့သူလည်း ၈ခွက်၊ ပူလွန်းတဲ့ ကန္တာရနိုင်ငံလည်း ၈ခွက်၊ အေးလွန်းတဲ့ ကိုရီးယားလည်း ၈ခွက်၊ တစ်နေကုန်ထိုင်နေတဲ့သူလည်း ၈ခွက်၊ ချွေးထွက်အောင် အလုပ်လုပ်ထားသူလည်း ၈ခွက်ဆိုရင် ဟုတ်ပါ့မလား။ ဒါက သိပ်ပြီး logicalမဖြစ်ဘူး ထင်တယ်နော်။ ဒါဆို ရေ၈ခွက်က မှားများနေတာလား။ အတူတူစဉ်းစားကြည့်ရအောင်။

    ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ရာခိုင်နှုန်း ပါပါတယ်။ ဒါကြောင့် ရေက နေ့တိုင်း သောက်ရမှာပါ။ ဒါပေမယ့် ဘယ်လောက် သောက်ရလဲဆိုတာ သေသေချာချာ မသိကြပါဘူး။ ကယ်လိုရီလိုပဲ ရေကိုလည်း တွက်ချက်ပြီး သောက်လို့ရပါတယ်။ တစ်နေ့ တစ်နေ့ ရေဘယ်လောက် ဆုံးရှုံးသွားလဲ။ ဘယ်လောက်ပြန်ဖြည့်ပေးရမလဲ ဆိုပြီး တွက်တာပါ။ ဒါဆိုရင် ဆက်ပြီးစဉ်းစားရမှာက ခန္ဓာကိုယ်ကနေ ရေတွေ ဘယ်လိုနည်းနဲ့ ထွက်နေလဲ။ ဘယ်လိုနည်းနဲ့ ပြန်ဝင်နေလဲပေါ့။

    ရေ ဆုံးရှုံးတဲ့ နည်းလမ်းတွေ

    ရှူးရှူးပေါက်တာတစ်ခုတည်း မတွေးပါနဲ့။ ဒါတစ်ခုတည်း မဟုတ်ပါဘူး။ အဲ့ဒါအပြင် ဝမ်းသွားတာ၊ အသက်ရှူထုတ်လိုက်လို့ ထွက်သွားတဲ့ ရေခိုးရေငွေ့တွေ၊ ချွေးထွက်သွားတာတွေကနေကလည်း ရေတွေ ပါသွားပါတယ်။

    ရေပြန်ဖြည့်တဲ့ နည်းလမ်းတွေ

    ဒီမှာလည်း ရေသောက်တာ တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ တခြား အအေးတွေ၊ ဖျော်ရည်တွေ၊ ထမင်းစားရင်း သောက်လိုက်တဲ့ ဟင်းချိုရည်တွေပါ ထည့်တွက်ရမှာပါ။ နောက်တစ်ခုက အရည်သောက်တိုင်းလည်း ရေဓာတ်ဖြည့်တာ မဟုတ်ပါဘူး။ ဥပမာ အရက်၊ ဘီယာသောက်တယ်ဆိုတာ အရည်ပါပဲ။ ဒါပေမယ့် သောက်ပြီးရင် သောက်ထားတာနဲ့ မကာမိအောင် ရှူးတွေ ပေါက်လိုက်တာ သိကြမှာပါ။ ကော်ဖီ၊ လက်ဖက်ရည်တွေဆိုလည်း ဒီလိုပါပဲ။ သောက်တာနဲ့ ပေါက်တာ မမျှပါဘူး။ ဒါတွေဆိုရင်တော့ ရေဓာတ်ဖြည့်တာထက်စာရင် ဆုံးရှုံးသွားတာက ပိုများတယ်လို့ သတ်မှတ်ရမှာပါ။

    တစ်ယောက်နဲ့ တစ်ယောက် ရေလိုအပ်ချက် တူပါသလား။

    အပေါ်က ကိစ္စမှာပဲ စဉ်းစားကြည့်ရအောင်။ ရေတွေက ချွေးထွက်တာကတဆင့် ထွက်သွားတယ်ဆို ချွေးထွက်တာနည်းတဲ့သူက ရေလိုအပ်ချက်နည်းမယ်။ ချွေးထွက်တာများတဲ့သူက ရေလိုအပ်ချက်များမယ်။ လူတစ်ယောက်တည်းမှာတောင်မှ ဆောင်းတွင်းမှာ ချွေးထွက်နည်းရင် ရေသိပ်မဆာဘူး။ နွေဘက်မှာ ဆိုရင်တော့ ရေခဏခဏ သောက်နေရမယ်။ ဒီလိုဆို တစ်နေ့ ရေ၈ခွက်သောက်တာက လူတိုင်းအတွက် မပြေလည်ပါဘူး။ ဒါက အကြမ်းဖျင်းတွက်ထားတဲ့ နည်းတစ်ခုသာ ဖြစ်ပါတယ်။

    ဒါဆို ရေလိုအပ်ချက်က ဘယ်ပေါ်မူတည်လဲ။

    တစ်ယောက်ချင်းဆီရဲ့

    • ကိုယ်အလေးချိန်
    • အလုပ်လုပ်ပုံ (ပင်ပင်ပန်းပန်း ချွေးထွက်အောင် လုပ်ရလား၊ သက်သောင့်သက်သာ သမားလား)
    • ရာသီဥတု (အေးတဲ့နေရာမှာ နေတာလား၊ ပူတဲ့နေရာမှာ နေတာလား)
    • ရောဂါအခြေအနေ (ဥပမာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေဆို ဖောနေလို့ သာမန်လူတွေလို သောက်လို့မရပါဘူး) စတဲ့ အချက်တွေ အပေါ် မူတည်ပါတယ်။

    ရေ လိုအပ်ချက် ဘယ်လို တွက်မလဲ။

    ၃ချက် အကြံပေးလိုက်ပါမယ်။ ခေါင်းရှုပ်ခံပြီး စဉ်းစားမနေပါနဲ့။

    • အင်တာနက်မှာ ခုဆို အပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်လင့်တွေ အများကြီးရှိနေပါပြီ။ အဲ့ဒီမှာ Hydration calculatorတို့ daily water requirementတို့ ရိုက်ပြီး ရှာကြည့်ပါ။ လိုအပ်တဲ့အချက်တွေကို ဖြည့်လိုက်ရင် တစ်နေ့တာ ရေလိုအပ်ချက် ထွက်လာပါပြီ။
    • ဒါတွေ မသုံးတတ်ဘူးဆိုရင်လည်း အကြမ်းဖျင်း အနေနဲ့ အမျိုးသား ရေ ၃.၇လီတာ၊ အမျိုးသမီး ၂.၇လီတာ၊ ကိုယ်ဝန်ဆောင် ၂.၄လီတာ၊ နို့တိုက်မိခင် ၃.၁ လီတာ သောက်ပေးပါ။ ဒါက အကြမ်းဖျင်းတွက်ထားတာ ဖြစ်ပြီး အတိအကျမဟုတ်ပါဘူး။
    • ဒီထက် လွယ်တဲ့နည်းကတော့

    ရေဆာတိုင်း သောက်ပါ။

    -ဆီးအရောင်ရင့်နေရင် သောက်ပါ။ ရေငတ်မနေရင်၊ ဆီးအရောင်ကြည်နေရင် ရေဓာတ်ပြည့်ဝတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့

    -ချွေးထွက်များရင် ပိုသောက်ပါ။

    -ထမင်းစားရင်း ရေသောက်ပါ။ တစ်နပ်နဲ့ တစ်နပ်ကြားရေသောက်ပါ။

    -လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်ပြီး ရေသောက်ပါ။

    -ဗိုက်ဆာရင်လည်း ရေသောက်ပါ။ တစ်ခါတစ်လေ ခန္ဓာကိုယ်က ရေဆာတာကို ဗိုက်ဆာတာအနေနဲ့ အချက်ပြတတ်ပါတယ်။

    နောက်ထပ်အကြံပြုချင်တာက ရေဆာရင် ရေသောက်တာ အကောင်းဆုံးပါ။ ဖျော်ရည်တွေ သောက်မယ်ဆိုရင် သကြားနည်းပါစေ။

    ခုလောက်ဆို တစ်နေ့တာ ရေလိုအပ်ချက်က တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူဘူးဆိုတာ သိလောက်ပါပြီ။ တွက်နည်းတွေရော၊ အလွယ်ဆုံးနည်းတွေ အထိ ပြောလိုက်ပြီမို့လို့ အားလုံးပဲ ရေဓာတ်ပြည့်ဝကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement