backup og meta

သင်က သွေးပေါင်ကျ တတ်သူလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က သွေးပေါင်ကျ တတ်သူလား။

    ခုတလော နေလို့မကောင်းဘူး။ မူး မူးနေတယ်လို့ ပြောရင် တော်တော်များများက သွေးပေါင်များကျနေတာလားလို့ တွေးတတ်ကြပါတယ်။ ဒါလည်း ဟုတ်ပါတယ်။ သွေးပေါင်ကျ ရင် မူးတတ်တာကိုး။ နောက်တစ်မျိုးက သူ့မှာ သွေးပေါင်ကျတတ်တဲ့ ရောဂါရှိတယ်။ ဘာကြောင့်မှန်း မသိ သွေးပေါင်က ကျကျနေတယ်ဆိုတဲ့ သူလည်း ရှိတယ်။ ဒါတွေ အကုန်လုံးက ဘာကြောင့် ဖြစ်တာလဲ။ သင်က သွေးပေါင်ကျတတ်တဲ့သူဆိုရင် သွေးပေါင်ကျရတဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုမယ်နော်။

    သွေးအားနည်းတာလား၊ သွေးပေါင်ကျ တာလား။

    ဒီနှစ်ခုကို လူတွေ မကွဲကြလို့ ဒါကို အရင်စပြောပါမယ်။ သွေးအားနည်းတာကို ဆေးပညာလို anaemiaလို့ ခေါ်ပါတယ်။ သွေးနီဥ အားနည်းတဲ့ ရောဂါပါ။ အတိအကျပြောရင် ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်တစ်မျိုး ချို့တဲ့တာပါ။

    သွေးပေါင်ကျတယ်ဆိုတာက သွေးဖိအား နည်းတာကို ပြောတာပါ။ ဆေးပညာလိုဆို hypotension (low blood pressure) လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို ပြောရင် ရှင်းပေမယ့် မြန်မာလို ပြောတဲ့အခါ နည်းနည်း ရှုပ်သွားတာပေါ့။ ပိုဆိုးတာက သွေးအားနည်းတာရော၊ သွေးပေါင်ကျတာရောက မူးတတ်တယ်လေ။

    ပြီးတော့ သွေးပေါင်ကျနေလို့ သံဓာတ်အားဆေးလေး ပေးပါတို့၊ နှစ်ဖက်ချွန်လေး သောက်လို့ ရမလားတို့ မေးတတ်ကြပါတယ်။ နာတာရှည် သွေးအားနည်းရောဂါမှာ သွေးပေါင်ကျတတ်တာ ဖြစ်တတ်ပေမယ့် သွေးပေါင်ကျတိုင်း သွေးအားနည်းတာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ အကြောင်းရင်းကို သေချာ မသိဘဲ သောက်မိရင် အနာ တစ်ခြား၊ ဆေးတစ်ခြား ဖြစ်သွားမှာပါ။ ဒီလောက်ဆို သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာ ဘာကွာလဲ သိလောက်ပါပြီ။

    သွေးပေါင်ကျ တယ်လို့ ဘယ်အခါ ခေါ်မလဲ။

    ယေဘုယျအားဖြင့် အပေါ်သွေး ၉၀အောက်၊ အောက်သွေး ၆၀အောက်ဆို သွေးပေါင်ကျတယ်လို့ ပြောလို့ရပါတယ်။ ယေဘုယျအားဖြင့်လို့ ပြောတဲ့အတွက် လူတိုင်းအတွက် မှန်ချင်မှ မှန်မှာပါ။ တချို့တွေကျတော့လည်း ဒီ၉၀/၆၀ သွေးပေါင်နဲ့ အကောင်းအတိုင်းရှိနေတဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပိန်တဲ့ သူတွေပေါ့။

    သွေးတိုးရှိနေတဲ့သူတွေကျ သွေးပေါင်ချိန် ၁၃၀၊ ၁၄၀မှာ နေလို့ ကောင်းပေမယ့် သွေးပေါင်လေး ၁၁၀၊ ၁၀၀ လောက် ဖြစ်သွားတာနဲ့ သွေးပေါင်ကျသလို ခံစားရသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်နေလို့ ကောင်းတဲ့ သွေးပေါင်ချိန်ကို သိထားသင့်ပါတယ်။ သာမန်လူတွေအတွက် ၉၀/၆၀အောက် ဆိုရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။

    သွေးပေါင်ကျရင် ဘာတွေ ခံစားရမလဲ။

    သွေးပေါင်ကျပြီဆိုရင် အားလုံးသိတဲ့ အတိုင်း

    • မူး မယ်
    • မျက်လုံးတွေ ပြာလာမယ်
    • ပျို့မယ်
    • နုံး မယ်
    • အာရုံစူးစိုက်လို့ မရဘူး
    • သတိလစ်တာတွေ ဖြစ်တတ်ပါတယ်။

    ဒီထက်ဆိုးရင် ရှော့ ဖြစ်သွားမှာပါ။ ရှော့ ဖြစ်လာရင်တော့

  • သတိလစ်သွားမယ် (အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာ)
  • ခြေဖျား လက်ဖျားတွေ အေးပြီး ဖြူဖျော့လာမယ်
  • အသက်ရှူတာတွေ မြန်လာမယ်
  • သွေးခုန်နှုန်း မြန်တာတွေ ဖြစ်လာနိုင်ပါတယ်။
  • သွေးပေါင်ကျရတဲ့ အကြောင်းရင်းများ

    •  ကိုယ်ဝန်ရှိတာ

    ကိုယ်ဝန်ရှိနေရင် သွေးလည်ပတ်မှုကောင်းအောင် သွေးကြောတွေ ကျယ်ပေးရတဲ့အတွက် သွေးပေါင်ကျတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ မလိုပါဘူး။ မွေးပြီးရင် သူ့နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ။

    • နှလုံးပြဿနာ

    နှလုံးခုန်နှေးတာ၊ နှလုံးအဆို့ရှင်တွေ မကောင်းတာ၊ နှလုံးပျက်စီးနေတာတွေကြောင့် သွေးပေါင်ကျတတ်ပါတယ်။

    • ဟော်မုန်းပြဿနာ

    သိုင်းရွိုက်ဘေးက အကျိတ်မကောင်းတာ (parathyroid disease)၊ အဒရီနယ်ဂလင်း ကောင်းကောင်း အလုပ်မလုပ်တာ၊ သွေးချိုကျတာ၊ တချို့ ဆီးချိုဝေဒနာရှင်တွေမှာ သွေးပေါင်ကျတတ်ပါတယ်။

    ဒီလိုကာလမှာ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ အပူချိန်ပြင်းလို့ ချွေးထွက်များတာနဲ့ အမျှ ရေဓာတ်ကို ပြန်ဖြည့်ပေးရမှာပါ။ ရေဓာတ်မလုံလောက်ရင် မူးတာ၊ မောတာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဝမ်းလျှောနေတဲ့ အချိန်ဆိုလည်း ဒီအတိုင်းပဲ အောက်က ထွက်သမျှကို အပေါ်က ပြန်ဖြည့်ပေးမှ သွေးပေါင်ကျမသွားမှာပါ။

    • သွေးထွက်လွန်ခြင်း

    အပြင်ကနေ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်တာ ဖြစ်ဖြစ်၊ ကိုယ်တွင်းသွေးယိုတာ ဖြစ်ဖြစ် သွေးပေါင်ကျတတ်ပါတယ်။

  • ပိုးဝင်တာ (သွေးဆိပ်သင့်တာ)
  • ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ပြီး ပျံ့သွားတဲ့အခါ သွေးဆိပ်သင့်ပြီး သွေးပေါင်ကျတတ်ပါတယ်။

    ဆေးဖြစ်ဖြစ်၊ အစားအသောက်ဖြစ်ဖြစ် ဓာတ်မတည့်ဘူးဆိုရင် ရှော့ဖြစ်ပြီး သွေးပေါင်ကျတတ်ပါတယ်။

    • သွေးအားနည်းတာ

    ခန္ဓာကိုယ်မှာ ဗီတာမင် ဘီ 12၊ ဖောလစ်အက်စစ်၊ သံဓာတ် အားနည်းပြီး နာတာရှည် သွေးအားနည်းရောဂါ ဖြစ်လာပြီး သွေးအားနည်းတတ်ပါတယ်။

    • ဆေးဝါးများ

    ဆီးဆေးတွေ၊ ပါကင်ဆန်ရောဂါမှာ သုံးတဲ့ဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ၊ ဗိုင်ရာဂရာတွေက သွေးပေါင်ကျစေပါတယ်။

    ရုတ်တရက် သွေးပေါင်ကျခဲ့ရင် 

    ခုအကောင်းကြီးကနေ ရုတ်တရက်သွေးပေါင်ထိုးကျတာက ကြောက်စရာကောင်းပါတယ်။ အချိန်မီ မကုနိုင်ရင် အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်များပါတယ်။ သွေးပေါင်ရုတ်တရက်ကျရတဲ့ အကြောင်းတွေကတော့

    • ခန္ဓာကိုယ်ပြင်ပမှာ ဖြစ်ဖြစ်၊ ကိုယ်တွင်းမှာ ဖြစ်ဖြစ် သွေးထွက်လွန်တာ (မြင်အောင်ပြောရရင် ထိခိုက်ဒဏ်ရာရလို့ ဒါမှမဟုတ် ကိုယ်မသိလိုက်ဘဲ ဘေလုံးကွဲလို့ သွေးတွေ အများကြီး ထွက်လာတာမျိုး )
    • ခန္ဓာကိုယ်အပူချိန် ပူလွန်းတာ၊ အေးလွန်းတာ
    • နှလုံးကြွက်သားတွေ ကောင်းကောင်းမညှစ်နိုင်တာကြောင့် နှလုံးပျက်စီးသွားတာ
    • သွေးဆိပ်သင့်တာ
    • အန်တာ၊ ဝမ်းလျှောတာကို ရေဓာတ်အချိန်မီ မဖြည့်နိုင်လို့ သွေးပေါင်ထိုးကျတာ
    • ဆေး၊ အရက်၊ အစားအသောက်မတည့်ဘဲ ရှော့ဖြစ်တာ စတဲ့ ပြဿနာတွေမှာတော့ အချိန်ခဏလေးအတွင်းမှာ သွေးပေါင်ထိုးကျတတ်ပါတယ်။

    ဒါကြောင့် အကြံပေးချင်တာက

    • ရုတ်တရက် ဘာကြောင့်မှန်းမသိ သွေးပေါင်ထိုးကျသွားရင် ဆေးရုံသွားပါ။
    • ကိုယ်က သွေးပေါင်ကျတတ်တဲ့ ပြဿနာရှိရင် နောက်ခံ ရောဂါကို ရှာဖွေပြီး ကုသပါ။ သွေးပေါင်ကျတာက လက္ခဏာပါ။ ရောဂါမဟုတ်ပါဘူး။ ကျစေတဲ့အကြောင်းကို ရှာပြီး ကုရမှာပါ။
    • သွေးအားမနည်းအောာင်လို့ အာဟာရပြည့်အောင် စားပါ။
    • ခုလို ပူတဲ့အချိန်မှာ ချွေးထွက်များရင်ပဲ ဖြစ်ဖြစ်၊ ဝမ်းလျှောတာ၊ ပျို့အန်တာစတဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာရှိနေရင် ရေဓာတ်ဖြည့်ပေးဖို့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement