backup og meta

နွေရာသီအတွက် ရေချိုးနည်း နိဿရည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီအတွက် ရေချိုးနည်း နိဿရည်း

    နွေရာသီအတွက် ရေချိုးနည်း နိဿရည်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ နွေကတော့ မှန်မှန်ကြီးကို အပူရှိန်ပြင်းပြင်းနဲ့ တာထွက်လာခဲ့ပြီ။ ထုံးစံအတိုင်း နွေရောက်ပြီဆိုတာနဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ရေချိုး တဲ့ကိစ္စက တွဲလျက်သားပါလာပြီ။ ပုံမှန် ရေချိုးပျင်းတဲ့လူတွေတောင် နွေမှာတော့ တတ်နိုင်သမျှ သည်းညီးခံပြီး ရေချိုးရတာပါပဲ။ ပူတာကိုး။

    ရေချိုးတယ်ဆိုတာကလည်း ခဏခဏ ချိုးရင် ကောင်းတာမဟုတ်ဘူးရယ်။ ချိုးတဲ့ အချိန်ကလည်း ရှိသေးတယ်၊ အချိန်တိုင်း ချိုးလို့ သင့်လျော်တာမဟုတ်ဘူး။ မချိုးပဲနေရင်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းမှာ အဆင်မပြေပြန်ဘူး။ ဒီတော့ နွေပူပူမှာ ရေဘယ်လိုချိုးသင့်သလဲဆိုတာကို လမ်းညွှန်ပြမယ်နော်။

    နွေရာသီအတွက် ရေချိုးနည်း နိဿရည်း

    နွေရာသီအတွက် ရေချိုးနည်း နိဿရည်း ကတော့

    ရေဘယ်နှစ်ကြိမ် ချိုးသင့်သလဲ

    ပုံမှန်ဆိုရင် တစ်ပတ်ကို ၃ ကြိမ် – ၄ ကြိမ်လောက်ပဲ ချိုးတာနဲ့တင် လုံလောက်တယ်လို့ Dermatologist တွေက လမ်းညွှန်ကြပါတယ်။ နွေရာသီလို ပူတဲ့ အခါမျိုးတွေမှာတော့ တစ်နေ့ကို တစ်ကြိမ်ထက် မနည်းချိုးလို့ရပါတယ်။ ဒါပေမယ့် တစ်နေ့ကို ရေ ၂ ကြိမ်လောက်အထိ ချိုးတာကို တားမြစ်ထားတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ချွေးထွက်နှုန်းပေါ်မူတည်ပြီး ချိုးနိုင်ပါတယ်။

    ဘယ်လောက်ကြာကြာ ချိုးသင့်သလဲ

    လူတစ်ယောက်ရဲ့ ပျမ်းမျှ ရေချိုးချိန်က ၈.၂ မိနစ်ဖြစ်ပါတယ်။ အဆိုပါကာလအတွင်းမှာ ရေဂါလံပေါင်း ၁၇.၂ ဂါလံလောက်ကုန်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေအရဆိုရင်တော့ လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ၅ မိနစ်နဲ့ ၁၀ မိနစ်အကြား အချိန်ယူပြီး ရေချိုးသင့်တယ်လို့ ဆိုထားပြီး တစ်ပတ်မှာ တစ်ခါလောက်တော့ ၁၀ မိနစ်နဲ့ မိနစ် ၂၀ အကြား အချိန်ပေးပြီးလည်း ရေစိမ်သင့်ပါတယ်။

    ဘယ်အချိန်တွေမှာ ချိုးသင့်သလဲ

    များသောအားဖြင့် လူအများစုရဲ့ ရေချိုးချိန်တွေက မနက်စောစောပိုင်းနဲ့ ညနေပိုင်း ဒါမှမဟုတ် အိပ်ရာဝင်ခါနီးအချိန်တွေဖြစ်တာများပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေနဲ့ ချိန်ညှိပြီး မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် ချိုးတာက အကောင်းဆုံးပါပဲ။

    ဘယ်လိုချိုးသင့်သလဲ

    ရေဘယ်လိုချိုးမလဲဆိုရင် ပုံမှန်အားဖြင့် 90-95F ရှိတဲ့ ရေနွေးမျိုးနဲ့ ချိုးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုရေမျိုးနဲ့ ချိုးမယ်ဆိုရင် သွေးတွင်း သကြားဓာတ်ကို လျှော့ကျစေနိုင်သလို ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ နေရာကိုလိုက်ပြီးတော့ သင့်တင့်တဲ့ ရေအပူချိန် (မအေးလွန်း မပူလွန်း)နဲ့ ချိုးတာက အသင့်တော်ဆုံးပါပဲ။

    အခြေအနေအမျိုးမျိုးကြောင့် ရေစည်ထဲက ခပ်ချိုးတာ၊ Bathtub နဲ့ ချိုးတာ၊ ရေပန်းနဲ့ ချိုးတာစသဖြင့် ရေချိုးတဲ့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။

    ဒါ့ပြင် ချိုးရေက သန့်ရှင်းမှုရှိဖို့လည်း လိုပါတယ်။ နောက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ချိုးချိုး ချေး(ဂျီး) တွန်းရာမှာ လက်၊ ကျောက်တုံးစတာတွေနဲ့ တွန်းတာထက် ရေမြှုပ်နဲ့တိုက်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    ရေချိုးများရင် ဘာဖြစ်သလဲ

    ရေချိုးတာများတာပဲ ရေကုန်တာပေါ့တို့၊ ပိုသန့်တာပေါ့တို့ လျှောက်မတွေးပါနဲ့။ ရေချိုးတဲ့ အကြိမ်ရေများလွန်းရင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ ယားယံတာ၊ အသားအရေခြောက်သွေ့တာ၊ eczema နဲ့ psoriasis တို့လို ကုသရခက်တဲ့ အရေပြားရောဂါတွေ ပိုဆိုးလာတာ၊ ဆံပင်ခြောက်တာ၊ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ရေချိုးနည်းလွန်းရင်ရော

    ရေချိုးများတာက အန္တရာယ်များသလို ရေချိုးနည်းလွန်းရင်လည်း မကောင်းပါဘူး။ ရေချိုးနည်းလွန်းတဲ့အခါ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းပြီး ရောဂါပိုးမွှားတွေ ကပ်ညိနိုင်သလို အရေပြားဆိုင်ရာ ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။

    ဥပမာ – ဝက်ခြံတွေထွက်တာ၊ အနံ့ဆိုးတွေ ထွက်လာတာ၊ အရေပြားမှာယားနာတွေ ပေါက်တာ၊ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ စွဲကပ်တာ၊ အမည်းစက်တွေပေါ်လာတာစတာတွေဖြစ်ပေါ်နိုင်ပါတယ်။

    ရေပုံမှန်ချိုးတဲ့အခါ

    ရေကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ပုံမှန် ချိုးပေးတဲ့အခါမျိုးမှာ အိပ်မပျော်တဲ့ဝေဒနာ၊ စိတ်ဖိစီးမှုများတာ၊ ယားနာဝေဒနာ၊ ကူးစက်ရောဂါ၊ နှာချေ၊ ချောင်းဆိုးဝေဒနာတွေ သက်သာစေမှာဖြစ်သလို သွေးလည်ပတ်မှုကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement