backup og meta

ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ


Ye Zon Aung မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ

    ကမ္ဘာ့လူဦးရေရဲ့ ၅၀% ဟာ ဗီတာမင် D ဓာတ်ချို့တဲ့မှုဝေဒနာကို သိသိသာသာရော မသိမသာပါ ခံစားနေကြရပါတယ်။ ဗီတာမင် D ပြည့်ဝနေဖို့ဟာ လူတစ်ယောက်အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေအောင် နေထိုင်စားသောက်မှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။

    ပုံမှန်အားဖြင့် ဗီတာမင် D ဆိုတာက နေရောင်ခြည်ကို လက်ခံရရှိချိန်မှ ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ ကမ္ဘာ့လူဦးရေ ၅၀% လောက်က ဗီတာမင် D ကို အပြည့်အဝ မရရှိကြပါဘူး။ အဓိကအားဖြင့်တော့ နေရောင်ခြည်လုံလောက်စွာမရတာနဲ့ ဗီတာမင် D ဖြစ်ထွန်းစေတဲ့ အစားအစာတွေကို လုံလောက်စွာ မမှီဝဲတာကြောင့်ဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် D ပမာဏ ၈၀၀ IU လောက် လိုအပ်ပါတယ်။ ဒီပမာဏကို အစားအစာတွေကနေ ရယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်လုံလောက်စွာ မရရှိဘူးဆိုရင်တော့ တစ်နေ့ကို ၁၀၀၀ IU လာက်အထိ လိုအပ်လာမှာပါ။

    ခုလို တစ်ကမ္ဘာလုံးမှာ COVID-19 ကပ်ဘေးသင့်နေချိန်မှာ ဗီတာမင် D ဓာတ်ဟာ ရောဂါကာကွယ်ရေးမှာ တစ်စိတ်တစ်ဒေသ အရေးပါနေတယ်လို့ လေ့လာချက်တချို့က ဆိုထားကြပါတယ်။ ဒါကြောင့် နေ့စဉ် ဗီတာမင် D လုံလောက် မျှတစွာရရှိနေဖို့ကို အထူးအရေးပါလှတယ်လို့ ဆိုရမှာပါ။

    ဗီတာမင် D ဓာတ်ကို အစားအစာတွေကနေ အဓိကရယူရလေ့ရှိပြီး ဗီတာမင် D ဓာတ်ကို အကြွယ်ဝဆုံးဖြည့်ဆည်းပေးနိုင်မယ့် အစားအစာတွေကတော့ အောက်ပါတိုင်းဖြစ်ပါတယ်။

    ဗီတာမင် D ကို အလွယ်တကူရရှိစေနိုင်သော အစားအစာများ

    • ဆဲလ်မွန်ငါး – ဆဲလ်မွန်ငါး ၁၀၀ ဂရမ်မှာ ဗီတာမင် D ပမာဏ ၅၂၆-၉၈၈ IU လောက် ပါရှိနေတတ်ပါတယ်။ ဒါကြောင့် ဆဲလ်မွန်ငါးဟာ ဗီတာမင် D အများဆုံးရရှိနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
    • ဆာဒင်းငါး – ဆဲလ်မွန်ငါးလိုပါပဲ ဆာဒင်းငါးတွေဟာလည်း ဗီတာမင် D ဓာတ်ကြွယ်ဝပါတယ်။ ၁၀၀ ဂရမ်မှာ ၂၁၆ IU လောက်အထိ ဗီတာမင် D ပါရှိနေတတ်ပါတယ်။ နေ့စဉ်လိုအပ်ချက်ရဲ့ ၂၇% ပါ။
    • ငါးကြီးဆီ – ငါးကြီးဆီဟာ လူသိများတဲ့ ဓာတ်စာတစ်မျိုးပါ။ ကော့ဒ်ငါးကနေ ထုတ်လုပ်ထားတဲ့ ဒီဓာတ်စာထဲမှာ ဗီတာမင် D ဓာတ်အမြောက်အများပါရှိပါတယ်။ ငါးကြီးဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာမှာ နေ့စဉ် ဗီတာမင် D လိုအပ်ချက်ရဲ့ ၅၆% ဖြစ်တဲ့ ၄၄၈ IU လောက် ပါဝင်နေတတ်ပါတယ်။ ပုံမှန်မှီဝဲမယ်ဆိုရင် ဗီတာမင် D ချို့တဲ့မှုဝေဒနာကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
    • တူနာငါး – တူနာငါးရဲ့ ဗီတာမင် D ပါဝင်မှုက အခြေအနေပေါ် မူတည်ပြီး ကွဲပြားတတ်ပါတယ်။ စည်သွပ်ဘူးတွေထဲက တူနာငါးတွေမှာဆိုရင် ၂၆၈ IU လောက်ပါရှိတတ်ပြီးတော့ ဒါက နေ့စဉ်လိုအပ်ချက်ရဲ့ ၃၄% နဲ့ ညီမျှပါတယ်။ စည်သွပ်တူနာငါးတွေမှာ မာကျူရီဓာတ်လည်းပါဝင်နေတတ်တာမို့ သတိထားမှီဝဲစားသောက်ဖို့တော့ လိုအပ်ပါတယ်။
    • ကြက်ဥအနှစ် – ကြက်ဥအပါအဝင် ဥအမျိုးမျိုးအတွင်းထဲက အဝါရောင်အနှစ်လေးထဲမှာလည်း ဗီတာမင် D ဓာတ်တွေ အမြောက်အများရှိနေပါတယ်။ ဥအနှစ်တစ်ခုမှာ ဗီတာမင် D ပမာဏ ၃၇ IU လောက်ပါရှိနေတတ်ပါတယ်။ ဒါပေမယ့် ဥတွေရဲ့ ထူးခြားချက်တွေက နေရောင်ခြည်နဲ့ထိတွေ့ချိန်မှာ ဗီတာမင် D ပာဏကို ပိုမိုတိုးပွားစေတာပါပဲ။
    • မှို – လူကြိုက်များတဲ့ မှိုတွေမှာလည်း ဗီတာမင် D ဓာတ်ပါရှိပါတယ်။ မှိုတွေမှာက ဗီတာမင် D2 ရော ဗီတာမင် D3 ရော ၂ မျိုးပါရှိပါတယ်။ ဗီတာမင် D2 က သွေးတွင်းမှာ ဗီတာမင် D ပမာဏမြင့်တက်စေနိုင်ပါတယ်။ လေ့လာချက်တွေအရဆိုရင် မှို ၁၀၀ ဂရမ်မှာ ဗီတာမင် D2 ပမာဏ ၁၃၀-၄၅၀ IU လောက်ပါရှိနေတတ်ပါတယ်တဲ့။ တချို့သော မှိုအမျိုးအစားတွေမှာဆိုရင် ၂၃၀၀ IU အထိပါရှိနေတတ်တာပါ။
    • Fortified food များ – တကယ်လို့ သတ်သက်လွတ်စားသူ ဒါမှမဟုတ် ငါးစားသုံးရတာကို မနှစ်သက်သူတစ်ယောက်အတွက်ဆိုရင် ဗီတာမင် D ရရှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ တချို့အစားအစာတွေမှာ ဗီတာမင် D ပါရှိနေသေးတာပါပဲ။ နွားနို့၊ ပဲနို့၊ လိမ္မော်ရည်နဲ့ စီရီယယ်တို့လို အစားအသောက်မျိုးတွေမှာ ဗီတာမင် D ပါဝင်နေပါတယ်။

    ဒါ့အပြင် ကညွတ်ကြီး၊ ကိုက်လန်၊ ပဲအမျိုးမျိုး၊ ဒိန်ခဲနဲ့ အမဲအသည်းတို့မှာလည်း ဗီတာမင် D ပါရှိနေတာမို့ မှီဝဲစားသုံးနိုင်ပါတယ်။

    ဗီတာမင် D နဲ့ တန်ဆေးလွန်ဘေး

    လူတစ်ယောက်ဟာ အသက်အရွယ်နဲ့ နေရောင်ခြည်ရရှိမှုအပေါ် မူတည်ပြီး ဗီတာမင် D ပမာဏ အောက်ပါအတိုင်း လိုအပ်ပါတယ်။

    • အသက် ၁-၇၀ : ၆၀၀-၁၀၀၀ IU ကြား
    • အသက် ၇၁ နှင့်အထက် : ၈၀၀-၁၀၀၀ IU ကြားပါ။

    သင့်အနေနဲ့ ဗီတာမင် D နဲ့ ကယ်လ်ဆီယံဓာတ်မလုံလောက်ရင် အသက်အရွယ်ကြီးရင့်ချိန်မှာ အရိုးပွရောဖြစ်လာမှာဖြစ်ပါတယ်။

    ဒါပေမယ့် တစ်ဖက်မှာလည်း ဗီတာမင် D ဟာ အလွန်အကျွံမှီဝဲမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေရှိတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်တွေဖြစ်ပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်ပါတယ်။

    ဗီတာမင် D လွန်ကဲတဲ့အခါ ဒါမှမဟုတ် အဆိပ်သင့်တဲ့အခါမှာ ကိုယ်အလေးချိန် ကျဆင်းတာ၊ အစာစားချင်စိတ် နည်းပါးသွားတာ၊ နှလုံးခုန်မမှန်တာနဲ့ သွေးတွင်းကယ်လ်စီယမ် ပမာဏကိုပါ မြင့်တက်စေတာတွေဖြစ်စေတာမို့ ဆီးကျောက်တည်တာ၊ ကိုယ်တွင်းကလီစာတွေ ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်တာကို သတိထားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement