backup og meta

ကုန်းပေါ်မှာ ရေနစ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကုန်းပေါ်မှာ ရေနစ်ခြင်း

    ရေနစ်တယ်ဆိုတာမျိုးက ရေထဲမှာ နစ်မွန်းတာကို ဆိုလိုတာပါ။ ဒါပေမယ့် ရေနစ်တိုင်းတော့ ရေထဲမှာ ဖြစ်နေလိမ့်မယ်လို့ တစ်ထစ်ချ တွေးဆထားလို့မရနိုင်ပါဘူး။ ရေနစ်တဲ့ နည်းလမ်းအမျိုးမျိုးရှိနိုင်ပါတယ်။ ရေလယ်ခေါင်မှာ ရေနစ်နိုင်သလို၊ ကုန်ပေါ်မှာ နေရင်းလည်း ရေနစ်နိုင်တယ်ဆိုရင် အံ့သြနေကြမလား။ ကုန်းပေါ်မှာ ရေနစ်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ကုန်းပေါ်မှာ ရေနစ်ခြင်း

    ရေမရှိတဲ့ အခြေအနေမျိုးမှာ အမှန်တကယ် ရေနစ်နိုင်ပါတယ်။ ကုန်းပေါ်မှာ ရေနစ်ခြင်း က အမျိုးအစား အားဖြင့်လည်း ၂ မျိုးရှိပါတယ်။ အခြောက်အတိုင်း ရေနစ်ခြင်း (Dry Drowning) ရယ် နောက်ကျရေနစ်ခြင်း (Secondary Drowning ဒါမှမဟုတ် Delayed Drowning) ရယ်ပါ။

    ဒီလိုနည်းမျိုးနဲ့ ရေနစ်တာက မတော်တဆနည်းလမ်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ရေဝင်သွားတာကြောင့် ဖြစ်ရတာမျိုးပါ။ ပုံမှန် ရေနစ်တာနဲ့ အတန်ငယ်ကွဲပြားပြီးတော့ ရေနဲ့ ထိတွေ့ပြီး အချိန်အတော်ကြာတော့မှ အသက်ရှူလမ်းကြောင်းထိခိုက်ပြီး အသက်ရှူကျပ်သေဆုံးရတာမျိုး ဖြစ်ပါတယ်။

    ဒါကြောင့် Dry Drowning နဲ့ Secondary Drowning ၂ မျိုးလုံးဟာ ရေထဲမှာ ရှိနေစဉ်မှာ ရေနစ်သေဆုံးတာ မဟုတ်ဘဲ၊ ရေချိုးပြီးချိန်၊ ရေကူးပြီးချိန်၊ ခန္ဓာကိုယ်ပေါ်က ရေတွေကို သန့်စင်ပြီးချိန်၊ ခြောက်သွေ့အောင် ပြုလုပ်ပြီးချိန်တွေမှာမှ ရေမရှိတဲ့နေရာမှာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။

  • Dry Drowning ဆိုတဲ့ ရေမရှိဘဲ ရေနစ်တယ်ဆိုတာ
  • ၂၀၁၅ ခုနှစ် တစ်နှစ်အတွင်းမှာတင် ကမ္ဘာပေါ်မှာ လူပေါင်း ၄ ဒဿမ ၅ သန်းလောက် ရေနစ်တဲ့ ပြဿနာကို ကြုံဆုံခဲ့ကြရပြီး ၃၂၄၀၀၀ လောက်က အသက်ဆုံးရှုံးခဲ့ကြပါတယ်။ အဲ့ဒီထဲကမှ ၅၄၀၀၀ သော ပမာဏက ကလေးတွေဖြစ်ကြပါတယ်။

    ကလေးတွေ ရေနစ်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ Dry Drowning က အဓိကအချက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Dry Drowning ကြောင့် မတော်တဆဖြစ်တဲ့သူ ဦးရေဟာ ၁ နှစ်ကို ခန့်မှန်းခြေ ၄၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊ ဒီထဲက ၆၀၀ ကျော်လောက်ဟာ အသက်ဆုံးရှုံးတဲ့အထိ ကြုံဆုံကြရပါတယ်။

    Dry Drowning ရေနစ်တာဟာ ရေကူးတာ၊ ရေချိုးတာ၊ မိုးပြင်းပြင်းထန်ထန်မိတာတွေကြောင့် ပါးစပ်ထဲ ရေပမာဏ များများ ဝင်သွားတာ၊ ရေနင်တာတွေဖြစ်ပြီးချိန်မှာ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်တွေမှာ မတော်တဆ (ရေမွန်းပြီး) ရေတွေကို သူတို့ရဲ့ နှာခေါင်းတွေကတဆင့် ရှူသွင်းမိလိုက်တာကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

    ရေထဲမှာ ရှိနေစဉ် ဒါမှမဟုတ် ရေနဲ့ထိတွေ့နေစဉ်တုန်းက မတော်တဆ ရှူရှိုက်မိလိုက်တဲ့ ရေတွေဟာ အဆုတ်ထဲထိ ရောက်ရှိမသွားဘဲ အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်ဆို့ခံလိုက်ရတာက Dry Drowning ကို ဖြစ်စေပါတယ်။ ဒီဖြစ်ရပ်ကြောင့် အချိန်အတန်ကြာလာချိန်မှာ Asphyxiation လို့ ခေါ်တဲ့ အောက်ဆီဂျင် လုံလောက်စွာမရရှိဘဲ အသက်ရှူမဝတဲ့ အခြေအနေဖြစ်လာပြီး အသက်အန္တရာယ်ကို ဒုက္ခပေးမှာဖြစ်ပါတယ်။

    ပါးစပ်ကနေ အမြုပ်တွေ ထွက်တာ၊ အသက် မရှူတော့တာတွေကလည်း Dry Drowning ရဲ့ လက္ခဏာတွေပါပဲ။ Dry Drowning ဟာ ရေနဲ့ ထိတွေ့ပြီး နာရီအနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်ပါတယ်။

    • Secondary Drowning

    Secondary Drowning ဒါမှမဟုတ် Delayed Drowning လို့ ခေါ်တဲ့ နောက်ကျရေနစ်ခြင်းကတော့ Dry Drowning နဲ့ အနည်းငယ် ကွာခြားပါတယ်။ သူကတော့ ကလေးငယ် ရှူသွင်းလိုက်မိတဲ့ ရေတွေဟာ ပွင့်နေတဲ့ လေလမ်းကြောင်းအတိုင်း အဆုတ်ထဲကို ရောက်ရှိ နေရာယူသွားတာ ဖြစ်ပါတယ်။

    အဆိုပါ အဆုတ်ထဲက ရေတွေဟာ သွေးထဲကို အောက်ဆီဂျင်ရောက်ရှိအောင် ပို့ဆောင်ပေးတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို အဟန့်အတား ဖြစ်စေပြီး နောက်ဆုံး ဦးနှောက်ဆီကို အောက်ဆီဂျင် လုံလောက်စွာ မရတော့ပဲ အသက်ပါသွားတာဖြစ်ပါတယ်။ ဒီအခြေအနေကို ‘Pulmonary Edema‘ လို့လည်း ခေါ်ကြပါတယ်။

    Secondary Drowning ဟာ ဖြစ်ပေါ်ချိန်ပိုမိုနောက်ကျတတ်ပြီး ရေမွန်းပြီး ၁ နာရီကနေ ၇၂နာရီကြား ကာလအတွင်းမှာ ဖြစ်ပျက်လေ့ရှိပါတယ်။

    ကုန်းပေါ်မှာ ရေမနစ်စေဖို့ဆိုရင်

    သတိထားဖို့ လိုအပ်တာက Dry Drowning နဲ့ Secondary Drowning နှစ်မျိုးလုံးဟာ ကလေးတွေမှာသာမက လူကြီးတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် လူကြီးတွေမှာကတော့ ဖြစ်နိုင်ခြေ အတော်လေး နည်းပါးလှပါတယ်။

    ရေနစ်တဲ့ ဖြစ်စဉ်တွေ အားလုံးထဲမှာ ဒီလိုပုံစံနဲ့ ရေနစ်တာဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း အကြားမှာသာ ရှိနိုင်ပါတယ်။

    ဒီရေနစ်ခြင်းဖြစ်စဉ် နှစ်ခုလုံးမှာ တူညီတဲ့ လက္ခဏာတွေကတော့ အသက်ရှူရ ခက်ခဲတာ၊ ချောင်းဆိုးတာရင်ဘတ်အောင့်တာ၊ အလွန့်အကျွံ ပင်ပန်းနွမ်းနယ်လာတာတွေပါပဲ။

    ဒီလို ရှေ့ပြေးလက္ခဏာတွေ ကြုံဆုံလာရပြီဆိုရင် တတ်နိုင်သမျှ အနီးစပ်ဆုံး ကျန်းမာရေးဌာနဆီကို သွားရောက် ပြုစုကုသဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement