backup og meta

မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

    မိုးကို ချစ်ကြ မျှော်လင့်ခဲ့ကြပေမယ့် မိုးနဲ့အတူ ပါလာမယ့် အပေါင်းအဖော်တချို့ကိုတော့ မလိုလားကြပါဘူး။ မိုးနဲ့ အတူ လေပြင်းနဲ့ မိုးကြိုးပစ် တာတွေပါ အတူ ပါလာခဲ့ရင် မိုးရာသီလေး မလှနိုင်တော့ဘူးလေ။ ဒီတစ်ခေါက်တော့ မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

    ခုနောက်ပိုင်း ရာသီဥတုနဲ့ ပတ်သက်ရင် မိုးကြိုးပစ် တဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ မိုးမရွာခင်တောင် လျှပ်စီးတလက်လက် တဂျိန်းဂျိန်းနဲ့ ကောင်းကင်မှာ ကြိမ်းဝါးသံတွေ ကြားနေရတတ်တယ် မဟုတ်လား။ ခုနောက်ပိုင်း ဖြစ်ပေါ်လာတတ်တဲ့ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးအန္တရာယ် သတိထားဖို့လည်း မိုးလေဝသ ပညာရှင်တွေ မကြာခဏ သတိပေးလေ့ ရှိပါတယ်။

    တကယ်လို့ မိုးကြိုးပစ် တဲ့ ဖြစ်ရပ်တွေ မျက်မြင် ကြုံတွေ့ရတဲ့အခါ လူနာကို ဘယ်လို အရေးပေါ် ကူညီပေးရမလဲ ဆိုတာ သိထားဖို့တော့ သင့်ပါတယ်။ လူအပေါ် တိုက်ရိုက် မိုးကြိုးပစ်ချတာက လွဲလို့ မိုးကြိုးပစ် တိုင်း ချက်ချင်း အသက်သေဆုံးရတာ မဟုတ်လို့ပါပဲ။ ဒီတော့ မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    မိုးကြိုးပစ် ခံရသူ ကို တွေ့တဲ့အခါ –

    (၁) အရေးပေါ် လူနာတင်ယာဉ် ခေါ်ပါ။

    မိုးကြိုးပစ်ခံရသူ ဟာ ရုတ်တရက်နှလုံးခုန်ရပ်ခြင်း (cardiac arrest) ဖြစ်နေနိုင်တာကြောင့် အမြန်ဆုံး အသက်ပြန်ရှူနိုင်အောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နေရာအတိအကျ ပြောပြပြီး ဆေးရုံကား အမြန်ခေါ်ပါ။ CDC အဆိုအရ မုန်တိုင်း ရှိနေရင်တောင် လက်ကိုင်ဖုန်း သုံးဖို့ မစိုးရိမ်ပါနဲ့။ ဖုန်းပြောတာ အန္တရာယ် မရှိပါဘူး။ ပြီးရင် အနီးအနားက လူတွေကိုပါ အော်ဟစ်အကူအညီတောင်းပါ။ ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေက အကူအညီရရင် ပိုကောင်းပါတယ်။

    (၂) အနေအထား ကို လေ့လာပါ။

    ကိုယ့်အတွက်ရော လူနာရော နောက်ထပ် အန္တရာယ်ရှိနိုင်သေးလား၊ ဘေးကင်းပြီလား လေ့လာပြီးမှ လှုပ်ရှားပါ။ ဥပမာ – လူနာရှိနေတဲ့ နေရာက ကွင်းလယ်၊ သို့မဟုတ် သစ်ပင်အောက် ဖြစ်နေရင် မိုးကြိုးထပ်ပစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ဘေးကင်းပြီ ဆိုတာနဲ့ လူနာကို လွတ်ကင်းတဲ့နေရာကို ရွှေ့ပါ။ မိုးကြိုးပစ်ခံရသူရဲ့ ခန္ဓာကိုယ်ကို ထိလို့ရပါတယ်။ သူ့ ကိုယ်ထဲမှာ လျှပ်စစ်ဓာတ် ကျန်ရှိနေမှာ မဟုတ်ပါဘူး။

    (၃) အသက်ရှူသေးလား စမ်းသပ်ပါ။

    မိုးကြိုးပစ် ခံရတဲ့အခါ နှလုံးရပ်သွားနိုင်ပါတယ်။ လူနာ အသက်ရှူသေးလား၊ နှလုံးခုန်သံ ကြားရသေးလား စမ်းသပ်ပါ။ အကောင်းဆုံး သွေးခုန်နှုန်း စမ်းသပ်နည်းကတော့ မေးရိုးအောက်နားက လည်ပင်း သွေးလွှတ်ကြော ကို အသာလေး လက်တင်ပြီး စမ်းတာပါပဲ။

    (၄) အရေးပေါ် အသက်ကယ်ပါ။

    လူနာက အသက်မရှူတော့ဘူး ဆိုရင် အရေးပေါ် အသက်ကယ်နည်း(CPR) ကို ချက်ချင်း လုပ်ဆောင်ရပါမယ်။ သင်ဒါကို အရင်က တစ်ခါမှ မလုပ်ဖူးလည်း မကြောက်ပါနဲ့။ စကြရအောင်။

    လူနာက သွေးခုန်နှုန်း မရှိတော့ဘူး ဆိုရင် ရင်ဘတ် ဖိတဲ့ နည်းကို သုံးရပါမယ်

  • လူနာရဲ့ရင်ဘတ်အလယ်တည့်တည့် လက်ဖနောင့်တစ်ဖက်ကိုထားပြီး ကျန်လက်တစ်ဖက်က အပေါ်ကအုပ်ကိုင်ပြီး ဖိပါ။
  • လက်နှစ်ဘက်ကို ဆန့်ဆန့်ထား၊ လက်ဖနောင့်အားသုံးပြီး လက်နှစ်ဘက်ပေါ်မှာ ဝိတ်နဲ့အားသုံးပြီး သက်ရောက်စေရပါမယ်။
  • တစ်ခါဖိရင် လူနာရဲ့ရင်ဘတ်နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိသင့်ပြီး တစ်မိနစ်ကို အကြိမ် ၁၀၀နှုန်းနဲ့လုပ်ရမည်။
  • အရင်ဆုံး ပါးစပ်ချင်းတေ့ပြီး လေမှုတ်သွင်းတဲ့နည်း ကို သုံးပါ။  (ဒီနည်းကို သင့်အနေနဲ့ မလုပ်တတ်ရင်၊ မလုပ်ချင်ရင် မလုပ်လည်းရပါတယ်။ ရင်ဘတ်ဖိတာ တစ်မျိုးတည်း လုပ်ပေးလို့ရပါတယ်။ )

    • လူနာကို အရင်ဆုံး ညီညာတဲ့ကြမ်းပြင်ပေါ် ပက်လက် အနေအထား ထားပါ။ ခေါင်းကို တည့်တည့်ထားပါ။
    • လူနာရဲ့နှာခေါင်းကိုပိတ်ပါ၊ ပုံမှန်အတိုင်းအသက်ရှူသွင်းပြီး လူနာရဲ့ပါးစပ်မှာ သင့်ပါးစပ်နဲ့လုံအောင်တေ့ပြီးလေမှုတ်သွင်းပါ။
    • တစ်စက္ကန့်လောက်သာကြာမည့်လေမှုတ်သွင်းချိန်အတွင်း လူနာရဲ့ရင်ဘတ်မြင့်တက်လာမလာကို ကြည့်ပါ။ မြင့်တက်လာရင် ဒုတိယတစ်ကြိမ် ထပ်မှုတ်သွင်းပါ။ မြင့်တက်မလာရင် လေလမ်းကြောင်း ကောင်းမွန်စွာပွင့်မပွင့် ပြန်စစ်ဆေးပါ။ မပွင့်ရင် ခေါင်းစောင်းခြင်း၊ မေးစေ့တွန်းတင်ခြင်း ပြန်လုပ်ပြီး နောက်တစ်ကြိမ် လေမှုတ်သွင်းပါ။
    • ပြီးရင် ရင်ဘတ်ဆက်ဖိပါ။ ပုံမှန်နည်းကတော့ ရင်ဘတ်ကို အခါ ၃၀ဖိ အသက်ရှူတာကို ၂ခါ (၃၀ အချိုး ၂) လုပ်ပေးရပါတယ်။

    CPR တစ်ခါ လုပ်ရင် နှစ်မိနစ်ခန့် လုပ်သင့်ပြီး လူနာရဲ့ အခြေအနေကို ပြန်လည်ဆန်းစစ်ပေးရပါမယ်။ လူနာ ပြန်သတိမရမချင်း (သို့)လူနာတင်ယာဉ် မလာမချင်း ဆက်လုပ်ပေးရပါမယ်။ ဒါကြောင့် စစချင်းမှာ အကူအညီခေါ်ဖို့ ပြောတာပါ။ ရင်ဘတ်ဖိတာကို တစ်ယောက်တည်း ဆက်တိုက်လုပ်ရင် အားလျော့ပြီး ပင်ပန်းလာပါလိမ့်မယ်။

    တကယ်လို့ နေရာအနေအထားတဝိုက်က အေးစက်ပြီး စိုစွတ်နေမယ်ဆိုရင် လူနာရဲ့ ကိုယ်အပူချိန်ထိုးကျခြင်း မဖြစ်စေဖို့ ကြမ်းပြင် နဲ့ လူနာကြားမှာ အဝတ်သို့မဟုတ် ကြားခံ တစ်ခုခု ထားပေးပါ။

    သတိပြုရမှာက –

    လူနာက မိုးကြိုးပစ် ခံရချိန်မှာ သူရှိနေတဲ့ နေရာကို မူတည်ပြီး အမြင့် ကနေ ပြုတ်ကျတာ၊ အဝေးကို လွင့်ထွက်သွားတာ မျိုးရှိခဲ့ရင် အရိုးကျိုးတာ၊ သွေးထွက်များတာ စတဲ့ တခြားထိခိုက်မှုတွေ ရှိတတ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ လူနာတွေဆိုရင် နေရာကနေ မရွှေ့တာ ကောင်းပါတယ်။ ဥပမာ သွေးတိတ်အောင် လုပ်ပေးတာမျိုးနဲ့ ဒီထိခိုက်မှုတွေအတွက်ပါ အရေးပေါ် ပြုစုကူညီသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement