backup og meta

လှပသောအသားအရေအတွက် ဗီတာမင်နဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ

အသားအရေလှပနုပျိုသန့်စင်နေအောင်ထိန်းသိမ်းထားနိုင်ဖို့အရေးကြီးဆုံးအချက်သုံးချက်ရှိပါတယ်။ ဒါတွေကတော့ ဆေးလိပ်မသောက်ဖို့၊ခရမ်းလွန်ရောင်ခြည်ရန်ကနေကာကွယ်ဖို့၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသင့်တင့်လျောက်ပတ်စွာစားဖို့ပဲ ဖြစ်ပါတယ်။ အသားအရေလှပကျန်းမာဖို့အတွက် နေ့စဉ်စားသုံးသင့်တဲ့အာဟာရတွေကို အောက်မှာမျှဝေပေးထားပါတယ်။

ဗီတာမင်စီနဲ့အီး

ဗီတာမင် စီနဲ့ဗီတာမင် အီး တွေဟာအသားအရေကို နေရောင်ခြည်ဒါဏ်ကနေကာကွယ်ပေးနိုင်တဲ့အတွက်အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါသေးတယ်။ ဒါ့အပြင်အိုမင်းရင့်ရော်မှုနဲ့အရေတွန့်တာတွေကိုလည်း နှေးကွေးစေပါတယ်။ အဆိုပါဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေဟာသဘာဝရဲ့အသားအရေထိန်းသိမ်းမှုစနစ်ကိုအားကောင်းမြန်ဆန်စေပြီးအရေပြားထိခိုက်မှုတွေကိုလည်းတိုက်ရိုက်တားဆီးဆန့်ကျင်ပေးပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်သူ Karen E. Burke ကတော့အကောင်းဆုံးအာနိသင်သက်ရောက်မှုကိုရရှိဖို့အတွက်ဗီတာမင်စီ 1000-3000 မီလီဂရမ်နဲ့ဗီတာမင်အီး 4000 IU လောက်လိုအပ်တယ်လို့ဆိုပါတယ်။ ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီစိမ်း၊အာလူး၊ဥနီအစရှိတဲ့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်မှာဗီတာမင်စီ နဲ့ ဗီတာမင်အီးတို့ကြွယ်ဝစွာပါဝင်တယ်လို့ဆိုပါတယ

Coenzyme Q10

Coenzyme Q10 ဟာအရေပြားကင်ဆာကိုကာကွယ်ပေးနိုင်ပြီးဆဲလ်တွေကြီးထွားမှုကိုကူညီအားပေးတဲ့အာနိသင်ရှိကာသဘာဝအလျောက်ခန္ဓါကိုယ်ထဲမှာရှိနေတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲကတခုပဲ ဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ Coenzyme Q10 ပမာဏဟာတဖြည်းဖြည်းကျဆင်းလို့လာပြီးအိုမင်းရင့်ရော်လာရပါတော့တယ်။ လေ့လာမှုတွေအရ Coenzyme Q10 ဟာအရေတွန့်မှုကိုသိသာထင်ရှားစွာ လျှော့ချပေးတယ်လို့သိရပါတယ်။ လေ့လာမှုအများစုမှာအသုံးပြုတဲ့ Coenzyme Q10 ရဲ့ ပြင်းအားကတော့ 0.3% ပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ Coenzyme Q10 ပမာဏက 5-10 မီလီဂရမ်ဖြစ်ပြီးအစားအသောက်ကနေအဓိကရရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ပဲတွေ၊အသား၊ငါး၊ဥ၊နို့၊အသည်း၊နှလုံးစတဲ့အစားအစာတွေမှာ Coenzyme Q10 ဓါတ်အနည်းငယ်ပါဝင်ပြီးအမဲသားမှာတော့ Coenzyme Q10 ပမာဏ မြင့်မားစွာပါဝင်ပါတယ်။ ဒါပေမယ့်နှလုံးရောဂါရှိသူတွေ၊အားကစားသမားတွေအစရှိတဲ့ပုဂ္ဂိုလ်တွေအတွက် နေ့စဉ်လိုအပ်တဲ့ Coenzyme Q10 ပမာဏကတော့တစ်ရက်ကို ၃၀-၆၀မီလီဂရမ်ပဲ ဖြစ်ပါတယ်။ ဒီလိုများပြားတဲ့ပမာဏကိုလိုအပ်မယ်ဆိုရင်တော့အစားအစာကရတဲ့ Coenzyme Q10 နဲ့မလုံလောက်တော့တာမို့ ဖြည့်စွက်ဆေးပြားတွေပါ သောက်ဖို့လိုလာမှာဖြစ်ပါတယ်။

Alpha-lipoic Acid

Alpha-lipoic Acid ကိုလိုးရှင်းအဖြစ်ပုံမှန်လိမ်းပေးမယ်ဆိုရင်အရေပြားကိုခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။Alpha-lipoic Acid 3-5 % ပါဝင်တဲ့လိုးရှင်းတွေကိုတနေ့တခါလိမ်းပေးရုံမျှနဲ့အင်မတန်သိသာထင်ရှားတဲ့ ကောင်းကျိုးတွေကိုရရှိစေတယ်လို့ လေ့လာမှုတွေအရသိရှိရပါတယ်။Alpha-lipoic Acid ပါဝင်တဲ့လိုးရှင်းတွေကို ဆေးဆိုင်တွေမှာအလွယ်တကူပဲဝယ်ယူသုံးစွဲနိုင်ပါတယ်။

Acid retinoic

Retinoic acid ဟာဗီတာမင်အေတမျိုးဖြစ်ပြီးအိုမင်းရင့်ရော်ခြင်းကိုအကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ဓါတ်တမျိုးဖြစ်တယ်လို့ယူဆထားကြပါတယ်။Retinoic acid ဟာအသားအရေခြောက်ကပ်တာ၊မှဲ့ခြောက်တွေနဲ့အရေတွန့်တာတွေကိုထိရောက်စွာသက်သာပျောက်ကင်းစေပါတယ်။ အရေပြားဆိုင်ရာသိပ္ပံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတခုအရ Retinoic acid ဟာအရေပြားကို ပြန်လည်ပြီးတင်းတင်းရင်းရင်းဖြစ်စေတာမို့အရေတွန့်ခြင်းအတွက်အင်မတန်အကျိုးရှိတယ်လို့သိရှိရပါတယ်။Retinoic acid ကိုအစားအစာအမျိုးမျိုးကနေရရှိနိုင်ပေမယ့်အသည်း၊ဥအနှစ်၊ထောပတ်၊နို့၊ဒိန်ခဲ၊ဟင်းနုနွယ်၊အစိမ်းရောင်အသီးအရွက်တွေ၊ရွှေဖရုံသီးနဲ့မုန်လာဥနီအစရှိတဲ့အစားအစာတွေမှာပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။

နုပျိုကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်ပြီးအမြဲလှပနေစေဖို့အတွက်သင့်အနေနဲ့ဗီတာမင်စီ၊ ဗီတာမင်အီး၊ retinoic acid, coenzyme Q10 အစရှိတဲ့အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကို နေ့စဉ်စားပေးဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးကျန်းမာရေးနဲ့ညီညွတ်သင့်တော်တဲ့အစားအသောက်ပုံစံကိုအမြဲစားပေးမယ်ဆိုရင်သင့်ကိုအမြဲတမ်းကျန်းမာလှပနေစေမှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skin Care Vitamins and Antioxidants http://www.webmd.com/beauty/features/beauty-skin- care-vitamins-ntioxidants#1. Accessed April 24, 2012.

9 Antioxidants That Can Help Prevent Premature Skin Aging.
http://www.huffingtonpost.com/dermapproved/personal-health_b_4212190.html. Accessed Jan 23, 2014.

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement