ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေ ဘယ်လောက်သုံးသုံး ယားယံတဲ့ ပြဿနာတွေက ကင်းဝေးမသွားဘူးမဟုတ်လား။ ပိုက်ဆံတွေလည်း အကုန်အကျများ အကျိုးသက်ရောက်မှုကလည်း မရှိနဲ့ ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်သလဲ။ ပြီးတော့ ဦးရေပြားခြောက်သွေ့ယားယံတယ်ဆိုတာကလည်း ရာသီမရွေး၊ အသက်အရွယ်မရွေးဖြစ်နေတာဆိုတော့ လူသိများတဲ့ ဝေဒနာတစ်ခုပဲလေ။ ဒီလို ခြောက်သွေ့ယားယံတဲ့ပြဿနာကို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတယ်ဆိုတာ သင်သိပါသလား ။ ။
သဘာဝနည်းလေးတွေ အရင်မပြောခင် လိုက်နာသင့်တဲ့ လူနေမှု ပုံစံတွေ အကြောင်းအရင်ပြောပြချင်ပါတယ်။
- ခေါင်းယားလွန်းလို့ဆိုပြီးခဏခဏ ခေါင်းမလျှော်လိုက်ပါနဲ့။
- Yeast ခေါ် တစေးပါတဲ့ အစားအစာတွေကို ရှောင်ပါ။ ( ချိုတဲ့အစားအစာတွေ၊ ပေါင်မုန့်၊ မှိုပွင့်၊ မြေပဲ ) စတာတွေပါတာပေါ့။
- ကိုယ်သုံးတဲ့ ဆံသားထိန်းသိမ်းပစ္စည်းတွေထဲမှာ အရက်ပြန်တို့ SLS (sodium lauryl suphate) တို့ မပါအောင်ရှောင်ပါ။
- သုံးနေတဲ့ ဘီးကို ခေါင်းလျှော်တိုင်း ဆေးပါ။
ဦးရေပြားခြောက်သွေ့ခြင်းအတွက် သုံးလို့ရတဲ့ သဘာဝနည်းတွေကတော့
( ၁ ) ရှားစောင်လက်ပပ် – ရောင်ရမ်းခြင်း၊ ယားယံခြောက်သွေ့ခြင်းတွေကို အကုန်နိုင်တဲ့ ရှားစောင်းလက်ပပ်အတွင်းက ဂျယ်လီလေး သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ဦးရေပြားခြောက်သွေ့တာလည်း ပျောက်မယ့်အပြင် ဆံသားလေးတွေလည်း နူးညံ့နေဦးမှာပါ။
( ၂ ) သံပရာသီး– ယားယံတဲ့ ဦးရေပြားကို အနိုင်ယူတဲ့နေရာမှာ သံပရာသီးလောက် ဆရာကျတာမရှိပါဘူး။. သံပရာသီးမှာပါတဲ့ အက်ဆစ်ဓာတ်က ဦးရေပြားက pH ကို ထိန်းညှိပေးတာကြောင့် ယားယံတဲ့ပြဿနာတွေ အကုန်ပျောက်သွားမှာပါ။ သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ ၃ ခွက်လောက်ရောပြီး မွှေပါ။ ခေါင်းလျှော်ပြီးခါစအချိန် သံပရာရည်ကို ဦးရေပြားပေါ်လောင်းချပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေပြန်လောင်းချပါ။
( ၃ ) အုန်းဆီ – ဆံသားနဲ့ ဦးရေပြားအတွက်လို့ပြောလိုက်တာနဲ့ အုန်းဆီကို လူတိုင်းတန်းမြင်ကြတတ်ပါတယ်။ တကယ်လည်း အုန်းဆီက ဆံသားနဲ့ ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးတဲ့အရာတစ်ခုပါ။ အုန်းဆီအနည်းငယ်လောက်ကို ဦးရေပြားပေါ်ပွတ်ပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ခြောက်သွေ့နေတဲ့ ဦးရေပြားကို အုန်းဆီက အဆီဓာတ်က အနိုင်ယူသွားမှာပါ။
( ၄ ) Tea Tree Oil ( လက်ဖက်စိမ်းအဆီ)
လက်ဖက်စိမ်းရွက်တွေကို ကြိတ်ချေရာကနေရလာတဲ့ လက်ဖက်စိမ်းအဆီဟာ ဘက်တီးရီးယားတွေကို နိုင်တဲ့အပြင် မှိုပြဿနာတွေကိုပါ ဖြေရှင်းနိုင်တဲ့ အရာတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ ပိုးဝင်ခြင်းကို လျော့ကျစေတဲ့ အာနိသင်လည်း ရှိတာကြောင့် ခြောက်သွေ့ယားယံနေတဲ့ ဦးရေပြားအတွက် တကယ်ကို အထောက်အကူဖြစ်စေမှာပါ။ လက်ဖက်စိမ်းအဆီ ၁၅ စက်လောက်ကို သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ခေါင်းပြန်လျှော်ပါ။
[embed-health-tool-bmi]