backup og meta

အရွယ်တင်နုပျိုစေဖို့ နည်းလမ်း ၆ သွယ်

အစဉ်အမြဲနုပျိုလိုပါသလား။

သင့်ရဲ့နာရီများကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဇရာက ဟန့်တားလို့ မရတာလည်း မှန်ပါတယ်။ ဒါပေမယ့် သင့်ကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီးငယ်ရွယ်တယ်ထင်ရအောင် နေထိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတချို့ကို စမ်းကြည့်ပါ။

နူးညံ့တဲ့ မျက်နှာသစ်ဆေးတွေသုံးပါ

Skin Care လုပ်ရာမှာ မျက်နှာကို အရင်ဆုံးသန့်စင်ပေးဖို့ အဆင့်ဟာ အရေးကြီးပါတယ်။ တစ်နေ့တာ သင်လိမ်းထားတဲ့ မိတ်ကပ်တွေအပြင် အဆီတွေ၊ ချေးညှော်အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်လိမ်းလိုက်တဲ့ skin care ခရင်မ်၊ လိုးရှင်း စတာတွေဟာ အသားအရေထဲကို စိမ့်ဝင်နိုင်ပြီး ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။

မျက်နှာသန့်စင်ဆေးရည်များဟာ အသားအရေကို သန့်ရှင်းစေရုံသာမက ရေဓာတ်ဆုံးရှုံးမှုမရှိအောင်၊ အရေပြားမပျက်စီးရအောင် ထိန်းသိမ်းပေးပါတယ်။ pH မြင့်မားတဲ့ ဆပ်ပြာများဟာ မျက်နှာအသားအရေအတွက် မသင့်တော်ပါဘူး။ အသားအရေကို ပိုမိုထိခိုက်ပျက်စီးစေပါတယ်။

နောက်ထပ်ရှောင်ရှားရမယ့် ဓာတ်ပစ္စည်းတစ်မျိုးကတော့ Sodium lauryl sulfate ဖြစ်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းပါဝင်တဲ့ ဆေးရည်များဟာ မျက်နှာပြင် အသားအရေအတွက် မသင့်တော်ပါဘူး။

Toner သုံးပါ

Toner များဟာ သင့်အနေနဲ့ pH မြင့်မားတဲ့ ဆေးရည်တွေနဲ့ မျက်နှာသစ်ပြီးချိန်မှာ အသားအရေကို ရှိသင့်တဲ့ pH ပြန်ရောက်သွားအောင် ပြုပြင်ပေးနိုင်ပါတယ်။ pH နည်းတဲ့ မျက်နှာသန့်ဆေးရည်တွေဆိုရင်တော့ Toner ကို မလိုအပ်ပါဘူး။ မလိုအပ်ဘဲ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် အစကတည်းက pH မြင့်တဲ့ သန့်စင်ဆေးရည်တွေ မသုံးသင့်ပါဘူး။

မျက်နှာချေးချွတ်ဆေးများ (Exfoliant) သုံးပါ

အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်အရေပြားများဟာ ငယ်စဉ်ကလို ပြန်လည်နုပျိုလာဖို့၊ ဆဲလ်တွေ အသစ်ပြန်ဖြစ်ဖို့ နှေးကွေးလာပါတယ်။ သက်တမ်းကုန်သွားတဲ့ အရေပြားဆဲလ်များကို ဆဲလ်အသစ်များနဲ့ လျင်မြန်စွာ အစားထိုးနိုင်စွမ်း လျော့နည်းလာပါတယ်။ ဒါကြောင့် အသားအရေမွဲခြောက်ခြင်း၊ အရေးအကြောင်းများပေါ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ Exfoliant လို့ခေါ်တဲ့ မျက်နှာချေးချွတ်တဲ့ အလှကုန်ပစ္စည်းများဟာ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်နည်းကတော့ နူးညံ့တဲ့အဝတ်ကို ရေစွတ်ပြီး သုံးတဲ့နည်း ဒါမှမဟုတ် ရေမြှုပ် (sponge) တိုက်တဲ့နည်းပါ။ ကြမ်းတမ်းတဲ့ ပွတ်တိုက်နည်းတွေနဲ့ scrub လုပ်ခြင်းတော့ မပြုသင့်ပါဘူး။ အရေပြားကို ပိုပြီးလျော့ရဲလာစေနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ဓာတုဆေးဝါးတချို့သုံးတဲ့နည်းဖြစ်ပါတယ်။ အရေပြားဆဲလ်သေတွေနဲ့ ဆဲလ်အသစ်တွေကို တွယ်ကပ်မနေအောင် ခွာပေးပါတယ်။ ဘယ်အသက်အရွယ်မဆို သုံးနိုင်ပါတယ်။ အကောင်းဆုံးသော မျက်နှာချေးချွတ်ဆေး exfoliant ကတော့ alpha-hydroxy acid (AHA) ဖြစ်ပါတယ်။ အဆိုပါအက်ဆစ်အမျိုးအစားကို toner နဲ့ serum တွေမှာလည်း တွေ့နိုင်ပါတယ်။

အရွယ်တင်စေတဲ့ serum (anti-aging serum) ကို ဖွဖွလမ်းပါ၊ မပွတ်ပါနဲ့

ယေဘုယျအားဖြင့် serum တွေမှာ အစိုဓာတ်ထိန်းပေးတဲ့ moisturizer များထက် ပါဝင်ပစ္စည်းပိုများပါတယ်။ serum ရွေးဝယ်ရာမှာ သတိပြုရမှာကတော့ ဗီတာမင် A နဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းတွေ (retinol, tretinoin နှင့် tazarotene) စတာတွေ၊ ဗီတာမင် C နဲ့ ဆက်နွယ်နေတဲ့ (L-ascorbic acid နှင့် magnesium ascorbyl phosphate) စတာတွေ ပါဝင်တဲ့ serum တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းများဟာ အရေပြားပေါ်မှာ ကော်လဂျင်တွေ တိုးလာရုံမကဘဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအနေနဲ့ အာနိသင်ပြတာကြောင့် အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေတဲ့ ဓာတ်တိုးဖိစီးခြင်း အခြေအနေတွေကို လျှော့ချပေးပါတယ်။

အစိုဓာတ်ကိုထိန်းပါ

အသက်ကြီးလာလေ အရေပြားက ခြောက်သွေ့လေ ဖြစ်ပါတယ်။ အရေပြားကနေ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်စွမ်း လျော့ကျသွားလို့ ဖြစ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ moisturizer သုံးနိုင်ပါတယ်။ ဂလစ်ဆရင်းပါဝင်တဲ့ moisturizer တွေ သုံးနိုင်ပါတယ်။ Vaseline လို petroleum jelly ကိုလည်း သုံးနိုင်ပါတယ်။ ညဖက်လိမ်းထားရင် အရေပြားထဲက ရေဓာတ်တွေ အငွေ့ပျံမသွားအောင် ထိန်းထားနိုင်ပါတယ်။

နေရောင်ကို ကာကွယ်ပါ

နေရောင်ကနေ ဗီတာမင် D ကို ရရှိနိုင်တယ်ဆိုပေမယ့် နေရောင်နဲ့ထိတွေ့ဖန်များရင်လည်း အသားအရေ ပျက်စီးနိုင်ပါတယ်။ အိုမင်းရင့်ရော်လွယ်စေပါတယ်။ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ကော်လဂျင်တွေကို ပျက်စီးစေပြီး အသားအရေကို လျော့ရဲပြီး အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။ အသက်အပြောက်တွေ ဖြစ်နိုင်ပါတယ်။

နေရောင်ခြည်ဒဏ်ခံ ခရင်မ်တွေကိုလိမ်းတဲ့အခါ SPF 30 ရှိတဲ့ ခရင်မ်တွေကို လိမ်းသင့်ပါတယ်။ ရေရှည်စွဲလိမ်းရင် အသက်အရွယ်ကြီးလာလို့ဖြစ်တတ်တဲ့ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကို သုံးလအတွင်း လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

နေရောင်အောက်ကိုထွက်တဲ့အခါ အင်္ကျီလက်ရှည်ဝတ်ဆင်ခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း စတဲ့နည်းလမ်းတွေကို ကျင့်သုံးသင့်ပါတယ်။ မလိုအပ်လဲ နေရောင်နဲ့ကြာကြာထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/beauty-skin-care/anti-aging-routine-skincare Accessed Date 21 July 2020

ယခုပုံစံ

25/10/2021

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ

စိတ်ပျိုကိုယ်နု အရွယ်တင်နေစေမယ့် လျို့ဝှက်ချက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/10/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement