backup og meta

ဦးရေပြား အဆီပြန်ခြင်းအတွက် ဖြေရှင်းဖို့ နည်းလမ်းကောင်းများ


Ye Myo Myat မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးရေပြား အဆီပြန်ခြင်းအတွက် ဖြေရှင်းဖို့ နည်းလမ်းကောင်းများ

    အသားအရေနဲ့ ပတ်သက်လာရင် ပုံမှန်ဖြစ်နေတဲ့ အသားအရေပိုင်ရှင်တွေက လွဲလို့ ကျန်တဲ့ အမျိုးအစားတွေက တော်တော် ဒုက္ခရောက်ပါတယ်။ အသား ခြောက်လွန်းတော့လည်း ဆောင်းတွင်းလို အေးတဲ့အချိန်မှာ အသားက ကြမ်းပြီး ခြောက်၊ အဆီတွေ ရွှဲပြန်နေတော့လည်း ပူလွန်းတဲ့ အချိန်မှာ လူက ယားကျိကျိနဲ့ နေလို့ ထိုင်လို့ မကောင်းတော့ဘူးပေါ့။ ဦးရေပြားဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အရေပြားထဲက တစ်ခုဖြစ်တာကြောင့် အဆီပြန်လွန်းတာလည်း ရှိနိုင်သလို ခြောက်သွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ လိုတာထက် ပိုပြီး ဦးရေပြား အဆီပြန်လွန်းတာ၊ ဆံပင်တွေက ဆီတွေရွှဲပြီး ဦးရေပြား ယားယံတာ၊ ဗောက်ထတဲ့ သူတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ ခေါင်း မကြာခဏ လျှော်ပေးပါ။

    ပုံမှန်အားဖြင့် တစ်ရက် သို့မဟုတ် နှစ်ရက်ခြား တစ်ကြိမ် ခေါင်းလျှော်ရတယ် ဆိုပေမယ့် အဆီအရမ်းပြန်တဲ့ ဦးရေပြားဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ်လောက် လျှော်ပေးလို့ ရပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားပေါ်က ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ယူပေးပြီး လိုအပ်သလောက် ပမာဏပဲ ကျန်ခဲ့စေပါတယ်။ ခေါင်းမှာ ဗောက်အရမ်းထနေတဲ့ သူတွေဆိုရင်တော့ တစ်ရက်ခြား တစ်ကြိမ်ကိုမှ ဦးရေပြားကို ဖြည်းဖြည်းချင်း ကုတ်ပြီးတော့ လျှော်နိုင်ပါတယ်။

    ၂။ ခေါင်းလျှော်ရည်ကိုသာ အဓိက အသုံးပြုပေးပါ။

    ခေါင်း အဆီပြန်တဲ့သူတွေအနေနဲ့ ဆံသားပျော့ဆေးကို သိပ်ပြီး သုံးစရာ မလိုပါဘူး။ ကိုယ့် ဦးရေပြားအတွက် ဘေးကင်းတဲ့ ခေါင်းလျှော်ရည် အမျိုးအစား တစ်မျိုးတည်းကိုသာ စွဲမြဲသုံးပေးပါ။ ဆံသားနှစ်ခွ ဖြစ်နေတယ်ဆိုရင်တော့ ပျော့ဆေးနဲ့ ဆံပင်အဖျားပိုင်းတွေကိုပဲ အသုံးပြုပေးပါ။

    ၃။ လေမှုတ်စက်နဲ့ ဆံပင်အခြောက်မခံပါနဲ့။

    အချိန်မရှိလို့ လေမှုတ်စက်နဲ့ အပူပေးပြီး ဆံပင်အခြောက်ခံတာ သိပ် ပြဿနာမရှိဘူးလို့ ထင်ရပေမယ့် နေ့တိုင်းလိုလို လုပ်ရင်တော့ ဦးရေပြားအတွက်ကော ဆံသားအတွက်ပါ အဆင်မပြေပါဘူး။ အထူးသဖြင့် ဆံသား အဆီပြန်တဲ့သူတွေက မြန်မြန်ခြောက်သွားတော့ နဂိုရှိနေတဲ့ အဆီတွေက ဆံပင်မှာ ပြန်ကပ်ပြီး လုံးထွေးကာ အရမ်း ကြည့်ရဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို တဘက်နဲ့ ခြောက်အောင် သုတ်ပြီးသွားရင် လေသလပ်ခံထားပါ။

    ၄။ သေချာရွေးချယ် ဝယ်ယူပါ။

    ကိုယ့်ရဲ့ ဦးရေပြား အမျိုးအစားက အဆီပြန်တဲ့အထဲ ပါတယ်ဆိုရင် ခေါင်းလျှော်ရည်၊ ဆံသားပေါင်းဆေး၊ ဆံပင်မပျက်စီးစေဖို့ လုပ်ပေးရမယ့် Hair Care ပစ္စည်းတွေကို Oily Skin ဆိုတဲ့ အညွှန်းပါတာကိုပဲ အဓိက ရွေးချယ်ဝယ်ယူပါ။

    ၅။ ဘီးကို တစ်နေ့ တစ်ကြိမ် ဆေးပေးပါ။

    ဒါကတော့ ခေါင်း အဆီပြန်တဲ့သူတိုင်း မဖြစ်မနေ လုပ်ပေးရမယ့် အချက်ပါ။ ခေါင်းကို ဘီးနဲ့ ဖြီးလိုက်ပြီ ဆိုတာနဲ့ ဦးရေပြားမှာ ရှိနေတဲ့ အဆီတွေက ဘီးမှာ သွားပြီး ကပ်တင်နေပါတယ်။ အဲ့လို တစ်နေ့တစ်ကြိမ် မဆေးဘဲ ပစ်ထားလိုက်ရင် အဆီတွေက စုသွားပြီး ဘက်တီးရီးယားပိုး ပေါင်းစုံ စုဝေးနေတဲ့ အညစ်အကြေးတွေ ဖြစ်သွားမယ်။ အဲ့ဘီးနဲ့ပဲ ခေါင်းကို ထပ်ခါတလဲလဲ ဖြီးနေရင်တော့ ဘယ်လိုအခြေအနေထိ ဖြစ်လာမလဲဆိုတာ သေချာစဉ်းစားကြည့်ရင် သိနိုင်မှာပါ။ မလိုအပ်ဘဲနဲ့လည်း ဆံပင်ကို ဘီးမဖြီးဖို့ သတိထားပေးနော်။

    ၆။ ပန်းသီးရှာလကာရည်နဲ့ တစ်ပတ် တစ်ကြိမ် ခေါင်းလျှော်ပေးပါ။

    ပန်းသီးရှာလကာရည် (Apple Cider Vinegar) သည် ဟင်းချက်တဲ့ နေရာမှာလည်း ပိုးသန့်စင်ပေးနိုင်သလို အရေပြားကိုလည်း အေးမြပြီး အဆီတွေ၊ အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဦးရေပြား ပိုင်ရှင်တွေနေနဲ့ ရေတစ်ဆ၊ ပန်းသီးရှာလကာရည် တစ်ဆ အချိုးကျ ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားအရင်းမှ အဖျားထိ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးခြင်းဖြင့် အဆီပိုတွေ ထွက်နှုန်းကို လျော့ကျစေပါတယ်။

    ၇။ ဆံပင်ကို အပူပေးပြီး ပုံသွင်းတာတွေ အရမ်းမလုပ်ပါနဲ့။

    အဆီပြန်လွန်းတဲ့ ဦးရေပြားပိုင်ရှင်တွေအနေနဲ့ မလိုအပ်ဘဲ ကိုယ့်ရဲ့ နဂိုဆံပင် ပုံစံကို ပြောင်းလဲပစ်တာက ဦးရေပြားကိုလည်း ပိုပြီးထိခိုက်စေသလို ကိုယ်ပြောင်းလိုက်တဲ့ ပုံကလည်း တာရှည်မခံဘဲ ခဏလေးနဲ့ ပုံပျက်သွားနိုင်ပါတယ်။ ဆံသား ထိန်းသိမ်းတဲ့ နေရာမှာလည်း ပိုပြီး အလုပ်ရှုပ်တာကြောင့် ခဏခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ပုံသွင်းလိုက် လုပ်တာမျိုး လျှော့ပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement