ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စေဖို့ အဓိက လိုအပ်ချက် တစ်ရပ်က ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအားက ခန္ဓာကိုယ်ရဲ့ ရှေ့တမ်း ခံစစ် တစ်ရပ်ဖြစ်ပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားက မိခင်ဝမ်းကနေ မွေးလာကတည်းက တစ်ပါတည်းပါလာခဲ့တဲ့ သဘာဝ လက်ဆောင်ပါ။
ကိုယ်ခံအားက မွေးကင်းစအရွယ်မှာ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပေမယ့် အသက်လေး ရလာလေလေ ပိုမိုဖွံ့ဖြိုးလာလေလေပါ။ ဒီလိုနဲ့ အသက် ၇ နှစ် ကနေ ၈ နှစ် ဝန်းကျင်လောက် ရောက်တဲ့အခါ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာပါတယ်။ ဒီလို ဖွံ့ဖြိုးပြီး ကိုယ်ခံအားတစ်ရပ်ကို အမြဲလိုလို အားဖြည့်ပေးဖို့ကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။
အခုလိုမျိုး ရောဂါဆိုးတွေ ဖြစ်ပွားနေချိန်မှာ ကိုယ်ခံအားကို ဂရုစိုက်တာက အတော်လေး လိုအပ်လာပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပါ။ ဂရုစိုက်ပါဆိုတာက မနက်လင်းတိုင်း လက်တစ်ဆုပ်စာလောက် ရှိတဲ့ ဖြည့်စွက်အာဟာရတွေ အားဆေးတွေကို မှီဝဲသောက်သုံးပါလို့ ဆိုလိုတာ မဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေကျ အလေ့အထတွေထဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် အလေ့အထလေးတွေကို ထည့်သွင်း လုပ်ဆောင်ဖို့သာ ဆိုလိုခြင်းပါ။
ဒီတစ်ခေါက်တော့ အခုလိုမျိုး ကာလမှာ လိုအပ်တဲ့ ကိုယ်ခံအား ကျန်းမာစေဖို့အတွက် လူတိုင်း မွေးမြူသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။
လူတိုင်း မွေးမြူသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ
လူတိုင်း မွေးမြူသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ က ဘာတွေဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။
- နေရောင်ခြည်နဲ့ ထိတွေ့ပါ
နေရောင်ခြည်က ဗီတာမင် D ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်ခံအား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မနက်ခင်း နေရောင်ခြည် နွေးနွေးလေးကို တစ်နေ့တာမှာ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထိတွေ့ပေးပါ။ နေရောင်ခြည် နုနုလေး အောက်မှာ လမ်းလျှောက်တာ၊ ယောဂ လေ့ကျင့်တာမျိုး ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရသလို ရေနွေးကြမ်းလေး တစ်ခွက်နဲ့ နေရာင်ခြည်လေး ထိတွေ့တာကလည်း အဆင်ပြေပါတယ်။
ကိုယ်ခံအား ကောင်းစေဖို့အတွက် ဗီတာမင် D အားဆေးတွေ သောက်မယ့်အစား မနက်ခင်းမှာ နေရောင်ခြည်နဲ့ ထိတွေ့လိုက်ပါ။
- တစ်ညတာမှာ အိပ်ချိန် ၇ နာရီထက် မနည်းပါစေနဲ့
ညဘက်တွေမှာ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကို အားပြည့်စေပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်ညတာမှာ အိပ်ချိန် ၇ နာရီထက် မနည်း ရှိရပါမယ်။ ဒါမှ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိပြီး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။
- ရေများများ သောက်ပါ
ရေသောက်တာက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ရေဓာတ်ပြည့်ဝနေခြင်းကလည်း ကိုယ်ခံအားကို အားဖြည့်ပေးရာ ရောက်ပါတယ်။
ဒါကြောင့် တစ်နေ့တာကို အနည်းဆုံး ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက် သောက်သုံးပါ။ ရာသီဥတု အနေအထား တစ်နေ့တာ လှုပ်ရှားမှုတွေကို လိုက်ပြီး လိုအပ်တဲ့ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးပါ။
- လက်ကို မကြာခဏ ဆေးကြောပါ
အရာရာတိုင်းကို ထိတွေ့နေရတဲ့ လက်တွေမှာ ရောဂါပိုးတွေ အများဆုံး ကပ်တွယ်နေနိုင်ပြီး ဒီလက်ချောင်းတွေနဲ့ မျက်နှာတွေ ပါးစပ်၊ နှာခေါင်း စတာတွေကို ကိုင်တွယ်ထိတွေ့မိတာကနေတဆင့် ရောဂါတွေ ကူးစက်ပြီး ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကို အားဖြည့်ဖို့ဆိုရင် တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း၊ အပြင်ကနေ ပြန်လာတိုင်း၊ အစားမစားခင် နဲ့ ရေအိမ်သုံးပြီးချိန်တိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးကြောပါ။
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး စိတ်ခံစားမှု ကောင်းစေသလို ကိုယ်ခံအားကိုလည်းအားဖြည့်ပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ Gym ဆော့တာ၊ ယောဂလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေကို ခန္ဓာကိုယ် ကျန်းစေနိုင်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထပါ။
- အာဟာရစုံလင်အောင် စားသုံးပါ
နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေကို အရောင်အသွေး စုံလင်အောင် စားသုံးတာ အသား၊ ငါးစတာတွေကို သင့်တင့်မျှတအောင် စားတာ၊ ဥအမျိုးမျိုး၊ ပဲစတာတွေကို စားသုံးပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
[embed-health-tool-bmi]