backup og meta

ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

    ခြေထောက်နဲ့ ပတ်သက်ပြီး လူတော်တော်များများ ဂရုစိုက်ဖို့၊ သန့်ရှင်းပေးဖို့ မေ့တတ်ကြပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးထားရုံသာမက အမြဲတမ်း လှုပ်ရှားသွားလာနေဖို့ ဒီခြေထောက် တစ်စုံကိုပဲ နေ့စဉ်အသုံးပြုနေကြရတာမလား။ ဒီလိုမျိုး အရေးပါတဲ့ ခြေထောက်ကို သေချာဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင်တော့ အနံ့ဆိုးတွေ ထွက်လာမှာပေါ့။ ဒီနေ့ဆောင်းပါးမှာ ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

    ဘာကြောင့် ရှာလကာရည်ကို အသုံးပြုတာလဲ။

    ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် အရေပြားကိုလည်း ထိခိုက်တာနည်းတဲ့အတွက် ရှာလကာရည်ကို အသားအရေထိန်းသိမ်းတဲ့ နေရာမှာ အသုံးများလာကြပါတယ်။ ဟင်းချက်တဲ့အခါမှာလည်း ချက်လိုက်တဲ့ ဟင်းလျာကို မွှေးပျံ့စေတယ်၊ အရသာပိုကောင်းစေတယ်။ သဘာဝအတိုင်း စားစရာတွေကို တာရှည်ခံအောင် ထားတဲ့နေရာမှာလည်း ဘေးဥပါဒ်ကင်းတဲ့ ရှာလကာရည်ကို အသုံးပြုလာကြပါတယ်။

    ဒါဆိုရင် ခြေထောက်အရေပြားအတွက် ရှာလကာရည်ကို ဘယ်လိုအကျိုးပြုလဲ။

    ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

    ခြေထောက်ကို ရှာလကာရည်နဲ့ စိမ်တာက အနံ့ဆိုးပျောက်စေတာတင် မကဘဲ အခုလို ကောင်းကျိုးလေးတွေလည်း ရရှိစေနိုင်ပါတယ်။

    ၁။ ခြေထောက် အနံ့အသက်ဆိုးတွေကို ပျောက်စေတယ်။

    ရှာလကာရည်က ခြေထောက်ပေါ်က ပိုးမွှားတွေကို သေစေတဲ့အတွက် အနံ့ဆိုးထွက်ခြင်း သက်သာစေတယ်။ ခြေဆီနံ့ ထွက်တဲ့သူတွေဆိုရင်လည်း ရှာလကာရည်နဲ့ နေ့စဉ်စိမ်ပေးမယ်ဆိုရင် အနံ့မနံတော့ဘူးနော်။

    ရှာလကာရည်နဲ့ မစိမ်ခင်မှာ အရင်ဆုံး ခြေထောက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာသန့်စင်အောင် ဆေးကြောထားဖို့ လိုပါတယ်။ ပြီးသွားမှ ရေအေးအေးလေးမှာ ရှာလကာရည် အနည်းငယ်ရောပြီး ခြေထောက်ကို စိမ်ရမှာပါ။ တခြားနည်းလမ်းတွေအနေနဲ့ လေဝင်လေထွက်ကောင်းတဲ့ ခြေအိတ်တွေ ဝတ်တာ၊ အိမ်မှာ ခြေဗလာနဲ့ နေတာ၊ သားရေဖိနပ်တွေ ဝတ်ဆင်ပေးလို့လည်းရပါတယ်။

    ၂။ ခြေထောက် သဲဝဲစားခြင်း သက်သာစေတယ်။

    ရှာလကာရည်မှာ ဘက်တီးရီးယားပိုးတွေအပြင် အရေပြားမှိုစွဲစေတဲ့ ရောဂါပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခြေထောက်သဲဝဲစားတဲ့အခါ ဖြစ်တတ်တဲ့ အရေပြားနီရဲပြီး အဖတ်ကွာတာ၊ ပူစပ်ပူလောင်ဖြစ်ပြီး အရမ်းယားတာတွေကို သက်သာစေပြီး ခြေထောက်ကိုလည်း သန့်စင်ပေးပါတယ်။

    အရင်ဆုံး ခြေထောက်ကို သန့်ရှင်းပေးရပါမယ်။ ပြီးမှ ရေထဲကို ရှာလကာရည်ရောပြီး ခြေထောက်စိမ်ပေးလို့ ရပါတယ်။ တစ်ရက်ကို ၁၀မိနစ် မှ ၁၅မိနစ်ခန့်၊ နေ့စဉ်လုပ်ပေးရမှာဖြစ်ပြီး ၂ပတ်၊ ၃ပတ်အကြာမှာ ရောဂါဝေဒနာ သက်သာပျောက်ကင်းလာတာကို တွေ့ရမှာပါ။ ‌ဒီနည်းလမ်းနဲ့မှ မပျောက်ဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေးနဲ့ ကုသမှုခံယူဖို့ လိုပါတယ်။

    ၃။ ခြေထောက်မှာ ရှိတဲ့ ကြွက်နို့တွေကို ပျောက်စေတယ်။

    ရှာလကာရည်က အရေပြားပေါ်က ဆဲလ်အသေတွေကို ဖြည်းဖြည်းချင်း ကွာကျစေပါတယ်။ ဒါကြောင့် အရေပြားဆဲလ်အသေ စုမိရာကနေ ဖြစ်တတ်တဲ့ ကြွက်နို့တွေ၊ အသားမာတွေကို ပျော့ပြီး ကွာကျသွားစေနိုင်ပါတယ်။

    ၄။ အသားခြောက်ပြီး ကွဲအက်နေတာအတွက်လည်း အဆင်ပြေတယ်။

    အသားခြောက်တဲ့သူတွေ၊ ဒေါက်မြင့်ဖိနပ်စီးတဲ့သူတွေ၊ မကြာခဏ အပြင်ထွက်နေရတဲ့သူတွေ၊ ခြေထောက်က ခြောက်ပြီး အသားမာတက်လာတာ၊ အက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ ရေအေးထဲမှာ ရှာလကာရည် အနည်းငယ်ရောပြီး စိမ်ထားပေးပါ။ ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် လိမ်းပြီး ခြေအိတ်စွပ်ထားလိုက်ပါ။

    ခြေထောက်ကွဲအက်တဲ့သူတွေအတွက် ဒီနည်းလမ်းက အဆင်ပြေတယ်ဆိုပေမယ့် အမြဲလုပ်နေမယ်ဆိုရင်တော့ ခြေထောက်က ပိုခြောက်လာနိုင်တဲ့အတွက် တစ်ခါတလေမှ လုပ်တာ ပိုကောင်းပါတယ်။

    ရှာလကာရည်ဟာ အရေပြားအတွက် ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုးသေစေတဲ့ အာနိသင်ကြောင့် အရေပြားပြဿနာတွေအတွက် အိမ်တွင်းဆေးဝါးအဖြစ် အသုံးပြုလို့ ရပါတယ်။ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ ဒီနည်းလမ်းတွေနဲ့ ခြေထောက်မစိမ်ခင်မှာ ဆရာဝန်နဲ့ အရင်ပြသကြည့်တာ ပိုကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement