တက်ခြင်း
တက်ခြင်းသည် ထိန်းချုပ်စေခိုင်းခြင်းမရှိဘဲ တစ်ကိုယ်လုံးရှိ ကြွက်သားများ ဆွဲငင်တုန်လှုပ်ခြင်းဖြစ်ပြီး ဦးနှောက်၏လုပ်ငန်းများ ချို့ယွင်းမှုဖြစ်ခြင်းဖြစ်သည်။
ဖြစ်စေတတ်သောအကြောင်းရင်းများ
- ဦးနှောက်ဒဏ်ရာရခြင်း၊
- ဦးနှောက်အမြှေးရောင်ခြင်း (သို့) အကျိတ်ဖြစ်ခြင်း၊
- လေဖြတ်ခြင်း၊ အပူရှပ်ခြင်း၊
- ကလေးများ အဖျားကြီးခြင်း၊
- လျှပ်စစ်ဓာတ်လိုက်ခြင်း၊
- မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်း၊
- အရက်မူးလွန်ခြင်း၊ အဆိပ်သင့်ခြင်း၊
- အရည်ခန်းခြောက်ခြင်း၊
- ဝက်ရူးပြန်ခြင်း၊ စိတ်ဝေဒနာရှင်များ၊
ပြုစုခြင်း
- အဖျားကြီးပြီး တက်နေသောကလေးအား အပူချိန်ကျစေရန် ရေပတ်တိုက်ပေးပါ။
- တက်နေစဉ် ပါးစပ်အတွင်းမှ အစာများ၊ ချွဲများကို ဖယ်ရှားပေးပါ။
- အသက်ရှူလမ်းကြောင်းဖွင့်ပေးပါ။
- တင်းကျပ်သောအဝတ်အစားများ လျော့ပေးပါ။
- ထပ်မံ၍ဒဏ်ရာများ မရရှိစေရန်နှင့် လျှာမကိုက်မိစေရန် စောင့်ကြည့်ပြီးပြုစုပါ။
- ခန္ဓာကိုယ်အစိတ်အပိုင်းများ ဒဏ်ရာရရှိမှု အခြေအနေအား စစ်ဆေးပါ။
- တက်တတ်သောသူ တစ်ဦးတည်းအချိန်အကြာကြီးမထားရန်၊ မိသားစုအား အကြံပြုပါ။
- မိဘ၊ ဆွေမျိုးများ၏ စိတ်ပူပန်မှုလျော့နည်းစေရန် အားပေးစကားပြောပါ။
ကလေးတက်ခြင်းအား ပြုစုခြင်း
- ကိုယ်အပူချိန်ကြီး၍ တက်သောကလေးအား ရေပတ်တိုက်ပေးပါ။
- ထူထဲသောစောင်များဖြင့် ဖုံးအုပ်မထားရ။
- လေကောင်းလေသန့်ရသော နေရာတွင်ထားရမည်။
- တက်နေသောကလေးတွင် အသက်ရှူစဉ် အသက်ရှူခက်ခဲသော အသံများကြားရပါက အသက်ရှူ လမ်းကြောင်းမပိတ်ဆို့ရန် စောင်း၍ထားရမည်။
- ဒဏ်ရာထပ်မံရရှိစေရန် ကလေးအား သတိထား၍ ကိုင်တွယ်ပြုစုပါ။
- ဆေးရုံသို့ အမြန်ပို့ပါ။
အော့အန်ခြင်း
ဖြစ်စေသောအကြောင်းအရင်းများ
ဝမ်းသွားခြင်း၊ အဆိပ်ဖြစ်ခြင်း၊ အစာ၊ ဆေး၊ အနံ့များနှင့်မတည့်ခြင်း၊ ရေမသန့်ခြင်း၊ စားနေကျ မဟုတ်သော အစားအစာများစားမိခြင်း၊ ရောဂါများကြောင့်ဖြစ် နိုင်သည်။
ပြုစုခြင်း
- အားပေးစကားပြောပါ။
- ဘယ်ဘက်သို့စောင်း၍ စိတ်ချရသောဘေးစောင်းအနေအထားဖြင့် ထားပါ။
- နွေးထွေးစွာထားပါ။
- လတ်ဆတ်သောဖျော်ရည်ကို ဖြေးဖြေးချင်း စုပ်ယူသောက်ခိုင်းပါ။
- အန်ပြီး ၂၄ နာရီအတွင်း အစာစားလိုစိတ် ဖြစ်လာလျှင် ပျော့သော၊ ကစီဓာတ်ပါသော၊ ချိုသော အစားအစာများ ကျွေးပါ။ (ဆန်၊ ပြောင်း၊ ဂျုံ၊ ခေါက်ဆွဲ၊ အာလူး)
- အအန်မရပ်ဘဲ Shock လက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံပို့ပါ။
- တိုက်ရန်သင့်သောအရည်များ (ရေ၊ ဂလူးကို့၊ လိမ္မော်ဖျော်ရည်)
အန္တရာယ်ရှိသောလက္ခဏာများ
- ၂၄ နာရီကြာ အလွန်အမင်းအန်ခြင်း၊ Shock ဖြစ်ခြင်း။
- အစိမ်းရင့်ရောင်၊ အညိုရောင်၊ မစင်နံ့ပါသော အန်ဖတ်များအန်ခြင်း၊ သွေးပါခြင်း
ဝမ်းဗိုက်နာခြင်း
ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်းတွင် ဆန်းစစ်ရမည့်အချက်များ–
- ဝမ်းဗိုက်နာကျင်သည့်နေရာ – (ရင်ညွန့်အောက်၊ နံရိုးအောက်၊ ချက်အနီး)
- လူနာအခြေအနေ – အဆက်မပြတ်နာခြင်း၊ပြတ်တောင်းပြတ်တောင်းနာခြင်း
အထူးသတိပြုရှောင်ကြဉ်ရမည့်အချက်များ
- ဝမ်းဗိုက်ပြင်အား နှိပ်ခြင်း၊ နယ်ခြင်း လုံးဝမပြုလုပ်ရ။
- လူနာ၏ရောဂါအခြေအနေကို အတိအကျမသိဘဲ ဆေးတိုက်ခြင်းမပြုလုပ်ရ။
- ဆေးရုံပို့ရမည့်လူနာကို ရေ၊ အစားအစာ တိုက်ကျွေးခြင်း မပြုလုပ်ရ။
- ရေနွေးအိတ်တင်ခြင်း၊ ဝမ်းနှုတ်ဆေးကျွေးခြင်း မပြုလုပ်ရ။
ပြုစုနည်း
- လူနာကိုလဲလျောင်းပြီး မည်သည့်အစားအစာ၊ ရေမှ မတိုက်ကျွေးရ။
- ပက်လက်အနေအထားဖြင့် ဒူးကိုကွေး၍ ထောင်ထားစေပြီး သက်သာသောအနေအထားတွင်ထားပါ လူနာ၏ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းများ မှတ်ထားပါသည်။
- ဆေးရုံ၊ ဆေးခန်းသို့ပို့လျှင် အန်ဖတ်များကို ဆရာဝန်/ဆရာမများထံပြသပါ။
ကြွက်တက်ခြင်း
ဖြစ်စေသောအကြောင်းအရင်းများ
- ကြွက်သားများပြင်းထန်စွာ အလုပ်လုပ်ရခြင်း၊ တာဝေးလမ်းလျှောက်ခြင်း၊ ရေကူးခြင်း။
- ကိုယ်ဝန်ဆောင်မိခင်နှင့် အိမ်ရှင်မများ အာဟာရဓာတ် လျော့နည်းသည့်အခါတွင် ဖြစ်တတ်ခြင်း။
- ဝမ်းဖောဝမ်းလျောသည့်အခါတွင် ခန္ဓာကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားလျော့နည်း ခန်းခြောက်သည့် အခါတွင် ဖြစ်ပေါ်တတ်ခြင်း။
- နေပူထဲတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ရသည့်အတွက် ချွေးထွက်လွန်ခြင်းတို့ကြောင့် ဖြစ်စေတတ် ပါသည်။
ပြုစုခြင်း
- လူနာကို လဲလျောင်းထားပါ။
- ကြွက်တက်သော အစိတ်အပိုင်းကို လက်ဖြင့်ဆုပ်နယ်ပေးပါ။
- အပြေးသမားများ ကြွက်တက်ခြင်းဖြစ်ပါက လင်နမင်နှင့်ပရုပ်ဆီ မလိမ်းသင့်ပါ။
- ရေ (သို့) ရေခဲကို အိတ်/ပလတ်စတစ်အိတ်အတွင်းထည့်၍ ကြွက်တက်သည့် အစိတ်အပိုင်းကို ကပ်ပေးပါ။
- လူနာကို အနားပေးပါ။ လိုအပ်ပါက ဆေးရုံပို့ပါ။
နှလုံးသွေးကြောပိတ်ရောဂါ
နှလုံးကြွက်သားများ သွေးရရှိမှုနည်းပါးခြင်းနှင့် သွေးလှည့်ပတ်မှုရပ်ဆိုင်း၍ နှလုံးကြွက်သားများ ပျက်စီး ခြင်းကြောင့် နှလုံးသွေးကြောများပိတ်ဆို့ပြီး နှလုံးခုန်ရပ်သွားသည်အထိ ဖြစ်နိုင်သည်။
လက္ခဏာများ
- ရင်ခေါင်းအလယ်တည့်တည့်တွင် မိနစ်အနည်းငယ်ကြာဖိညှစ်သော နာကျင်ခံစားမှုဖြစ်မည်။ယင်းနာကျင်မှုသည် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်မည်။
- နာကျင်မှုသည် ပခုံး၊ လည်ပင်း၊ လက်သို့ ပြန့်သွားမည်။
- မူးဝေအော့အန်ချင်မည်။ ချွေးစေးပြန်မည်။
- အသက်ရှူတိုတောင်းမည်။
ပြုစုနည်း
- ဆေးရုံနှလုံးရောဂါဌာနသို့ ပို့ဆောင်ပါ။
- လူနာသက်သာသော အနေအထားတွင်ထားပါ။ အဝတ်အစားများလျှော့ပေးပါ။
- လူနာသုံးစွဲနေကျ နှလုံးဆေးသောက်နိုင်ရန် ကူညီပေးပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
[embed-health-tool-bmi]