ရေနစ်ခြင်းဟာ ရေထဲမှာ အသက်ရှူဖို့ ခက်ခဲပြီး လူတစ်ယောက်ကို အသက်ဆုံးရှုံးအောင် ပြုလုပ်နိုင်တဲ့ ဖြစ်ရပ်တစ်မျိုးဖြစ်ပါတယ်။ ရေနစ်ခြင်းဟာ ရာသီမရွေး အချိန်မရွေးဖြစ်နိုင်တဲ့ ပြဿနာဖြစ်ပေမယ့် ယခုလို မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေ ပေါများတဲ့အချိန်မျိုးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
ရေနစ်တဲ့သူတစ်ယောက်ကို ကြုံတွေ့ရပြီဆိုရင် ကယ်ဆယ်ပြီး အရေးပေါ် ရှေးဦးသူနာပြုစုနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ရေနစ်တဲ့သူတွေဟာ အော်ဟစ်ပြီး အကူအညီ မတောင်းနိုင်ပါဘူး၊ တောင်းနိုင်ခဲ့ရင်တောင်မှ အချိန် စက္ကန့်ပိုင်းလောက်သာဖြစ်ပါတယ်။
ဒါကြောင့် ရေနစ်တာဟာ အရေးပေါ်ကိစ္စ၊ အလျှင်အမြန်ဖြေရှင်းရမယ့် ကိစ္စအဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ အရက်အမူးလွန်နေသူတွေဆိုရင် ရေအတိမ် လက်မအနည်းငယ်မှာတင် ရေနစ်နိုင်ပါတယ်။
ရေနစ်နေတဲ့ လူတစ်ယောက်ကို အချိန်မှကယ်ဆယ်ပြီး ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ပြုစုကုသနိုင်မယ်ဆိုရင် အသက်ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် ရေနစ်သူတစ်ယောက်ကို ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
လူတစ်ယောက် ရေနစ်တဲ့အခါ
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာရေနစ်နေတာ၊ အသက်အန္တရာယ်ကြုံနေတာတွေ့ရရင် ကူညီဖို့ ကယ်ဆယ်ဖို့ ကြိုးစားကြမှာပါ။ ဒါပေမယ့် ဘယ်လိုကယ်မလဲ။ ရေထဲဆင်းပြီး ကြိုးစားပမ်းစားကယ်ဆယ်လာခဲ့ရုံနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် ရေနစ်သူကို အရေးပေါ်ဘယ်လိုကယ်မလဲဆိုတာ သိထားသင့်ပါတယ်။
ရေနစ်သူတစ်ယောက်ကို ကူညီကယ်ဆယ်တော့မယ်ဆိုရင်
- အကူအညီတောင်းပါ – အရင်ဆုံး ကမ်းခြေစောင့်၊ ကြက်ခြေနီ၊ အရေးပေါ်၊ အနီးအနားက လူတွေကို ဆက်သွယ် အကူအညီတောင်းပါ။
အကူအညီတောင်းဖို့ ခက်ခဲနေရင် အောက်ပါ နည်းလမ်းတွေအတိုင်း ကူညီပြုစုပါ။
- နေရာရွှေ့ပါ – လူတစ်ယောက်ရေနစ်တဲ့အခါ အရင်ဆုံးလုပ်သင့်တာက ရေနစ်သူကို ရေထဲကနေဆွဲထုတ်ယူပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ဖြစ်စေမယ့် အနေအထားထဲ မကျရောက်အောင် သတိထားပါ။ ဖြစ်နိုင်ရင် ရေနစ်တဲ့သူကို ကယ်မယ်ဆိုရင် အသက်ကယ်အင်္ကျီဝတ်ထားပါ။
- ထိခိုက်မှု ရှိမရှိ စစ်ဆေးပါ – ရေနစ်တဲ့သူရဲ့ခန္ဓာကိုယ်ကို ရွှေ့တဲ့အခါ အမြဲသတိထားရပါမယ်။ လည်ပင်း ဒါမှမဟုတ် ကျောရိုးထိခိုက်ဒဏ်ရာ ရှိသလားဆိုတာ ဆန်းစစ်ပြီး လည်ပင်းနဲ့ကျောရိုးကို ကွေးညွတ်မသွားအောင်နဲ့ လည်မသွားအောင် လုပ်ဆောင်ပေးရမှာပါ။
- အသက်ရှူနိုင်စွမ်း ရှိမရှိ စစ်ပါ – ကယ်ပြီးတဲ့နောက် ရေနစ်သူကအသက်ရှူနေသေးရင် သူ့ကို ကျောခင်းပြီး သိပ်ထားပေးပါ။ နှာခေါင်းနဲ့ ပါးစပ်နားကို ကပ်ပြီး အသက်ရှူသံကို နားထောင်ကြည့်ပါ။ အသက်ရှူနေသေးတယ်ဆိုရင် ရှူထုတ်လိုက်တဲ့လေကို ခံစားမိမှာဖြစ်ပါတယ်၊ ရင်ဘတ်အနိမ့်အမြင့်ဖြစ်နေခြင်းရှိမရှိကို ကြည့်ပြီးလည်း သိနိုင်ပါတယ်။
- ခန္ဓာကိုယ် အနေအထားကို သတိထားပါ – အသက်ရှူလမ်းကြောင်းကို ဆန်းစစ်ပေးပါ။ ပါးစပ်နဲ့ နှာခေါင်းမှာ ပိတ်ဆို့နေတာမျိုး မရှိပါစေနဲ့။
- သွေးခုန်နှုန်း စမ်းပါ – အသက်မရှူဘူးဆိုရင် သွေးခုန်နှုန်းကို စမ်းသပ်ဖို့ လိုအပ်ပါတယ်၊ ၁၀ စက္ကန့်ဝန်းကျင်လောက် သွေးခုန်နှုန်းကို စမ်းသပ်ပေးပါ။
CPR လုပ်ပါ – တကယ်လို့ သွေးခုန်နှုန်း အားနည်းနေတာ၊ ဒါမှမဟုတ် မခုန်ဘူးလို့ ခံစားမိတယ်ဆိုရင် အရေးပေါ်အသက်ကယ်နည်းလမ်း (CPR) ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ သတိပြန်လည် မလာရင်တောင် အကူအညီမရောက်မချင်း ဆက်လုပ်နေရမှာပါ။
- CPR နည်းလမ်း – လူနာကို အရင်ဆုံး ညီညာတဲ့ကြမ်းပြင်ပေါ် ပက်လက်ထားပါ။ လူနာရဲ့ရင်ဘတ်အလယ်တည့်တည့် လက်ဖနောင့်တစ်ဖက်ကို ထားပြီး ကျန်လက်တစ်ဖက်က အပေါ်ကအုပ်ကိုင်ပြီး ဖိပါ။ လက်နှစ်ဘက်ကို ဆန့်ဆန့်ထား၊ လက်ဖနောင့်အားသုံးပြီး လက်နှစ်ဘက်ပေါ်မှာ ဝိတ်နဲ့အားသုံးပြီး သက်ရောက်စေရပါမယ်။ တစ်ခါဖိရင် လူနာရဲ့ရင်ဘတ် နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိသင့်ပြီး တစ်မိနစ်ကို အကြိမ် ၁၀၀နှုန်းနဲ့လုပ်ရမှာပါ။
လူနာက အသက်ပါ မရှူဘူးဆိုရင် အကြိမ် ၃၀မြောက်ဖိပြီးချိန်မှာ လူနာရဲ့ခေါင်းကို နည်းနည်းမော့စေပြီး မေးစေ့ကိုနည်းနည်းပင့် ပေးတဲ့နည်းနဲ့ လေလမ်းကြောင်းကို ဖွင့်ပေးပါ။ ဒါမှ အသက်ရှူမလာသေးရင် ပါးစပ်တေ့ပြီးလေမှုတ်သွင်းတဲ့နည်းနဲ့ အသက်ကယ် နိုင်ပါတယ်။ ဒီလို လေမှုတ်သွင်းတာက မဖြစ်မနေ လုပ်စရာ မလိုပါဘူး။ (လူနာ အသက်မရှူရင် တောင်မှ) မလုပ်တတ် လုပ်တတ် လုပ်တာက ပိုပြီး အန္တရာယ်များပါတယ်။ ဘာမှ မလုပ်တတ်ရင် ရင်ဘတ်ဖိတာကိုပဲ တစ်မိနစ် အကြိမ် ၁၀၀ပြည့်အောင် လုပ်ပေးပါ။
- ရေနစ်ထားသူတစ်ယောက်ရဲ့ လက္ခဏာများ – ရေနစ်တဲ့အခါ ဝမ်းဗိုက်ဖောင်းကားတာ၊ မျက်နှာနဲ့ နှုတ်ခမ်းတစ်ဝိုက်ပြာနှမ်းတာ၊ ရင်ဘတ်အောင့်တာ၊ အရေပြားအေးစက်ပြီး ဖျော့တော့တာ၊ သတိလစ်တာ၊ ပန်းရောင်အချွဲတွေထွက်ပြီး ချောင်းဆိုးတာ၊ အသက်မရှူတာ၊ ခန္တာကိုယ်ကတုန်ကယင်ဖြစ်တာ၊ အသက်ရှူမဝတာ၊ အန်တာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
ရေမနစ်အောင် ကာကွယ်နိုင်မလား
ရေနစ်တာဟာ အသက်အန္တရာယ်များတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ မတော်တဆရေထဲပြုတ်ကျတာ၊ ကမ်းစပ်မှာရေဆော့ရင်း နစ်တာ၊ လှေ သို့မဟုတ် သင်္ဘောမှောက်တာ၊ ရေကူးနေရင်း ကြွက်တက်တာ၊ အရက်မူးနေချိန်ရေကူးတာ စတဲ့အကြောင်းအရင်းတွေကြောင့် ရေနစ်နိုင်ပါတယ်။
ဒါကြောင့် နေနစ်ချိန်မှာ သူတစ်ပါးရဲ့ ပြုစုကုသမှု ခံယူတာထက် ရေမနစ်အောင် ဂရုစိုက်နေထိုင်က ပိုမိုပြီး ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ရေမနစ်စေဖို့ဆိုရင်
- ရေကူးတတ်အောင် သင်ယူထားပါ။
- ရေမကူးတတ်မှ နေရစ်တာမဟုတ်ဘူး၊ ရေကူးတတ်သူတွေလဲ ရေနစ်နိုင်တယ်ဆိုတာကို နားလည်ထားပါ။
- ရေကူးတဲ့အခါ ဒါမှမဟုတ် ရေကြောင်းခရီးသွားတဲ့အခါ အရက်မသောက်ပါနဲ့။
- ရေအနက် ဘယ်လောက်မှာမဆို ရေနစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ရေကူးကန်၊ ရေချိုးဇလုံ စတာတွေထဲမှာ ထားခဲ့တာမျိုး မပြုလုပ်ပါနဲ့။
- ကလေးတွေကို တစ်ယောက်တည်း ရေမကူးပါစေနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]