backup og meta

အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ

    ရေခဲ ဒါမှမဟုတ် အေးလွန်းတဲ့အရာတွေနဲ့ အကြာကြီးထိကပ်ထားရာကနေ အရေပြားက ကျက်ပြီး လောင်တဲ့ ဒဏ်ရာဖြစ်ပါတယ်။ ကိုက်ခဲမှုဒဏ်ကြောင့် ရေခဲဝတ်ကို အဝတ်တစ်ထပ်မခံဘဲ ဒီအတိုင်းကပ်တာမျိုးမှာလည်း ဒီလို ဒဏ်ရာဖြစ်တတ်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

    တခြားသော နေလောင်ဒဏ်၊ မီးပူ၊ ရေနွေးပူလောင်ခံရတဲ့အခါ အရေပြားမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အစပိုင်းမှာ အရေပြားက နီရဲနေရာကနေ နောက်ပိုင်းမှာ အဖြူ သို့မဟုတ် မီးခိုးရောင် ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင် အရေပြားက

  • ထုံကျဉ်နေမယ်
  • ယားယံနေမယ်
  • အထဲကနေ စူးရှရှဖြစ်နေမယ်
  • နာကျင်မှုဝေဒနာ
  • အရည်ကြည်ဖုလေးတွေ ထွက်လာမယ်
  • ထိလိုက်တဲ့အခါ အသားက ကျစ်နေသလို ဖြစ်နေမယ်
  • ပြောင်ချောကြီးလို ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
  • ဖြစ်ရခြင်းအကြောင်းရင်းတွေ

    အေးလွန်းတဲ့ အရာဝတ္ထုနဲ့ အရေပြားကို တိုက်ရိုက်ထိတွေ့လိုက်တဲ့အခါ၊ လိုအပ်တာထက် အချိန်အကြာကြီး ထိနေမိတဲ့အခါမှာ အသားကျက်ပြီး လောင်သွားနိုင်ပါတယ်။ ပုံမှန်ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ ရေခဲ သို့မဟုတ် ရေခဲဝတ်ကပ်ပေးရတယ်ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ ပိုပြီးဆိုးသွားနိုင်ပါတယ်။

    အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ အရေပြားဆဲလ်တွေထဲမှာ ရှိနေတဲ့ ရေက အေးခဲသွားမယ်။ အဲ့ကနေ ရေအခဲလေးတွေ ဖြစ်ပြီး အရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ပျက်စီးစပြုနေတဲ့ အရေပြားနားက သွေးကြောတွေက စတင်ညှစ်တဲ့အတွက် သွေးစီးဆင်းမှုနှေးသွားပြီး အနာကျက်ဖို့ နှေးသွားနိုင်ပါတယ်။

    ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ။

    အေးလွန်းတဲ့ တိုင်းပြည်မှာ နေထိုင်နေသူတွေ၊ ရာသီဥတုနဲ့ ကိုက်ညီစွာ မဝတ်ဆင်တဲ့သူတွေ၊ ဆေးလိပ်အလွန်အကျွံသောက်တာ၊ သွေးစီးဆင်းမှုနှေးစေတဲ့ ဆေးဝါးတွေ သောက်သုံးနေရတာ၊ ဆီးချိုရောဂါ၊ လက်ချောင်း၊ ခြေချောင်းထိပ် သွေးကြောတွေမှာ ဖြစ်တဲ့ရောဂါ၊ အသက်ငယ်သေးတဲ့ ကလေးတွေနဲ့ လူကြီးအရွယ်တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

    အသားကျက်ပြီး လောင်သွားတဲ့အခါ ဘာတွေလုပ်သင့်လဲ။

    ၁။ အရေပြားပေါ်က ပူစပ်ပူလောင်ဖြစ်နေပြီ၊ ရေခဲနဲ့ အသားနဲ့ ကပ်နေပြီ၊ ဒါမှမဟုတ် ကပ်ထားတာ အရမ်းကြာနေပြီဆိုရင် အမြန်ဆုံး ခွာထုတ်ပစ်ရပါမယ်။

    ၂။ ပြီးတာနဲ့ ကျက်သွားတဲ့ အရေပြားကို ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့ ရေနွေးနွေးထဲမှာ မိနစ် ၂၀ခန့် စိမ်ထားပေးပါ။

    ၃။ ရေနွေးနဲ့ တစ်ခါစိမ်ပြီးတိုင်း မိနစ် ၂၀ခန့် နားပါ။ ပြီးမှ နောက်တစ်ကျော့ပြန်လုပ်ပါ။

    ၄။ ရေနွေးဝတ် သို့မဟုတ် စောင်ထူထူလေးနဲ့ အရေပြားကို အုပ်ထားပေးပါ။ အရမ်းမပူနေဖို့တော့ ဂရုစိုက်ပေးရပါမယ်။

    ၅။ ကျက်သွားတဲ့ အသားပေါ်မှာ အရည်ကြည်ဖုပေါက်တာ၊ အနာ၊ ဒဏ်ရာဖြစ်နေတယ်ဆိုရင် သေချာရေနဲ့ သန့်ရှင်းပေးပြီး ပလာစတာ၊ ပတ်တီးစည်းထားပေးပါ။ ဒါမှမဟုတ် အရေပြားနဲ့ မကပ်လောက်မယ့် ဂွမ်းနဲ့ အုပ်ထားပေးပါ။

    ၆။ နာကျင်တာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်လို့ရပါတယ်။

    ၇။ အနာက နေသားကျသွားပြီ၊ ဖြည်းဖြည်းချင်း သက်သာလာပြီဆိုရင် ရှားစောင်းလက်ပပ် အနှစ်လေးကို လိမ်းပေးလို့ ရပါတယ်။

    ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသင့်လဲ။

    အသားကျက်သွားတဲ့ နေရာမှာ အဖြူကွက်ကြီး ဖြစ်နေတာ၊ ထုံကျဉ်နေတာ၊ အနွေးဓာတ်ပေးပြီးတာတောင် အေးပြီး အသားက မာမာကြီးဖြစ်နေရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ ပိုကောင်းပါတယ်။ အရေပြားထဲက တစ်ရှူးတွေ ထိခိုက်ပြီး ဒဏ်ဖြစ်သွားနိုင်လို့ပါ။ လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကိုတော့ ဆရာဝန်က ညွှန်ပေးပါလိမ့်မယ်။ အရေပြားထဲ ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေပြားအရောင်ပြောင်းသွားတာ၊ ပြည် သို့မဟုတ် စိမ်းဖန့်ဖန့်ရောင် အရည်တွေ ထွက်လာတာ၊ အဖျားတက်တာဆိုရင်လည်း ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement