backup og meta

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

    ကလေးငယ်လေးတွေဟာ မသိ၊ မတတ်သေးတဲ့ အရွယ်လေးတွေမို့ မတော်တဆ ထိခိုက်လွယ်၊ ရှလွယ်တဲ့ သူလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ လေးတွေရလာခဲ့ရင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ အချို့သော ဒဏ်ရာတွေက ဆေးရုံသွားဖို့၊ အရေးပေါ်ကုသဖို့ လိုနိုင်ပေမယ့် အချို့ဒဏ်ရာတွေကတော့ အိမ်မှာပဲ ရှေးဦးပြုစုနည်းလေးတွေနဲ့ သေသေချာချာကုသရင် လုံလောက်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ဘယ်လို ပြတ်ရှ ဒဏ်ရာမျိုးဆို ဆေးရုံသွားသင့်တယ်၊ ဘယ်လို ဒဏ်ရာမျိုးဆို ဘာတွေ လုပ်မယ် ဆိုတဲ့ အခြေခံလေးတွေကို မျှဝေပေးသွားပါမယ်။

    မိမိရဲ့ကလေးငယ်မှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ မျိုးရလာခဲ့တဲ့အခါ

    ၁။ ကလေးငယ်ရဲ့ ဒဏ်ရာကို မကိုင်တွယ်ခင် လက်ဆေးပါ (သို့) ပိုးသတ်ထားတဲ့ လက်အိတ်မျိုး အသုံးပြုပါ။

    ဒီအချက်လေးက အရေးကြီးပါတယ်။ မိခင်တွေက ကလေးလေးတစ်ခုခုဖြစ်တဲ့အခါမှာ အစိုးရိမ်လွန်ပြီး အမြန်လုပ်ပေးချင်ဇောနဲ့ သွားကိုင်ကြည့်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်လက်ကပိုးတွေနဲ့ ကလေးရဲ့ အနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ ပြတ်ရှဒဏ်ရာတစ်ခုခု ရလာခဲ့ရင် ဒဏ်ရာကို မကိုင်ခင် လက်ကို စင်ကြယ်အောင် ဆေးဖို့ (သို့) ပိုးသတ်ထားတဲ့ လက်အိတ်ကလေး ဝတ်ဖို့ မမေ့ကြပါနဲ့နော်။

    ၂။ ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပေးပါ။

    ဒဏ်ရာကို သန့်ရှင်းတဲ့ ရေနဲ့ သေသေချာချာဆေးပေး ရပါမယ်။ အထူးသဖြင့် အမှိုက်တွေ၊ ပေကျံနေတာတွေ ရှိတဲ့အခါ အားလုံးစင်ကြယ်သွားတဲ့အထိ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

    ၃။ သွေးထွက်နေရင် သွေးတိတ်အောင်လုပ်ပါ။

    ဒဏ်ရာကို ပတ်တီးစ (သို့) သန့်စင်တဲ့ အဝတ်စလေးနဲ့ အုပ်ပြီး သွေးတိတ်အောင် ဖိထားပေးရပါမယ်။ အဲဒီ ပထမ အသုံးပြုထားတဲ့ ပတ်တီးစ (သို့) အဝတ်က သွေးတွေပြည့်သွားပြီဆိုရင်လည်း မဖယ်လိုက်ဘဲ နောက်ထပ်တစ်ခု ထပ်အုပ်ပြီး ဖိထားပေးပါ။ မိနစ်အနည်းငယ်အကြာ သွေးတိတ်တဲ့အထိ ဆက်တိုက်လေးဖိထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သွေးထွက်နေတဲ့ ဒဏ်ရာက ခြေထောက်၊ လက် စတဲ့နေရာတွေမှာဆိုရင် ဖြစ်တဲ့ဘက်ကို အနည်းငယ်မြှောက်ထားခြင်းဖြင့် သွေးတိတ်အောင် အကူညီပေးနိုင်ပါတယ်။

    ၄။ ပိုးသတ်ဆေးလိမ်းပေးပါ။

    သန့်ရှင်းပြီး သွေးတိတ်သွားပြီဆိုရင်တော့ ဒဏ်ရာလေးကို ပိုးသတ်ဆေး ပါတဲ့ ointment လေးလိမ်းပေးနိုင်ပါတယ်။

    ၄။ အနာကျက်အောင် ကူညီပေးပါ။

    • ပြတ်ရှတဲ့ နေရာက ဖုန်၊ အမှိုက်တွေနဲ့ ထိတွေ့နိုင်ချေနည်းတယ်၊ သေးငယ်တယ် ဆိုရင်တော့ ဒီတိုင်းလေး လေသလပ်ထားနိုင်ပါတယ်။
    • ပြတ်ရှတဲ့ ဒဏ်ရာနေရာက ညစ်ပတ်နိုင်ချေများတဲ့ ဥပမာ-ခြေထောက်လိုမျိုး နေရာဆိုရင်တော့ ပိုးမွှားတွေ မဝင်နိုင်အောင် နေ့ဘက်တွေမှာ ပတ်တီးလေးစည်းထား၊ ကာထားပေးသင့်ပါတယ်။ ပတ်တီးစီးတဲ့ အခါမှာ အသာအယာလေး မလျော့မတင်းလေး စည်းပေးသင့်ပါတယ်။ ညဘက်တွေမှာဆိုရင်တော့ သန့်ရှင်းတဲ့ အိပ်ယာပေါ်မှာ ဒီတိုင်းလေး လေသလပ်ထားပေးတာကောင်းပါတယ်။

    ၅။ စောင့်ကြည့်ပါ။

    ပြတ်ရှဒဏ်ရာလေးကို ပြည်တည်ခြင်း၊ ရောင်ရမ်းလာခြင်း စတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်၊ မဖြစ် မျက်ခြေမပြတ် စောင့်ကြည့်နေဖို့လည်း အရေးကြီးပါတယ်။

    ဘယ်လိုပြတ်ရှ ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားသင့်သလဲ။

    ၁။ သွေးထွက်အရမ်းများနေရင်။

    ၂။ ဖိထားပြီး ၁၀မိနစ်နေလို့မှ သွေးမတိတ်ဘူးဆိုရင်။

    ၃။ ဒဏ်ရာက အရမ်းနက်နေရင်။

    ၄။ ထိခိုက်မိတဲ့နေရာကနေ သွေးတွေ စိမ့်ထွက်လာတာမျိုး မဟုတ်ဘဲ ပန်းထွက်လာရင်။

    ၅။ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိပြီး အဲဒီပစ္စည်းက အရေပြားကိုဖောက်ပြီး အတွင်းသို့ နစ်ဝင်နေရင်။

    ၆။ ပြတ်ရှတဲ့နေရာက မျက်လုံး၊ ဦးခေါင်း၊ နှာခေါင်း စတဲ့ အန္တရာယ်ရှိတဲ့ နေရာဖြစ်နေရင်။

    စတဲ့ ဒဏ်ရာအမျိုးအစားတွေ ဆိုရင်တော့ နီးစပ်ရာ ဆေးရုံကိုအမြန်ဆုံးသွားပြီး ကုသမှုခံယူသင့်ပါတယ်။

    “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုတဲ့ စကားလေးအတိုင်း ကလေးငယ်တွေကို ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်နိုင်ဖို့အတွက် သူတို့ကို ထိခိုက်စေနိုင်တဲ့ ချွန်ထက်တဲ့အရာတွေ၊ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို အနီးမှာ မထားဖို့၊ ကလေးကို သေသေချာချာ ကြည့်ရှုစောင့်ရှောက်ကြဖို့ နောက်ဆုံးအနေနဲ့ အကြံပြုချင်ပါတယ်။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement