backup og meta

ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ

    အရေပြားမှာ ဆစ်ခနဲ အကိုက်ခံလိုက်ရပေမယ့် ဘာ အကောင်ကိုက် မှန်း မသိလိုက်တဲ့အခါ ဘာဆက်လုပ်ရမှာလဲ။ ရုပ်ရှင်ထဲကလို အဆိပ်တွေ တက်လာတော့မှာလားလို့ ထင်တတ်ကြပါတယ်။ အင်းဆက်အများစုက လူကို သေလောက်တဲ့အထိ အဆိပ်တက်စေတာမျိုးတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း နည်းမှန်လမ်းမှန်နဲ့ ပြုစုဖို့တော့ လိုပါတယ်။

    ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ

    ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ ဒီအဆင့်တွေကို လိုက်နာပါ။

    • စိတ်အေးအေးထားပါ။

    အများစုက လူသေလောက်အောင် အဆိပ်တက်တာမျိုး မရှိတဲ့အတွက် စိတ်အေးအေးထားပါ။ မဟုတ်ရင် ရင်တုန်လာသလိုလို၊ မောလာသလိုလို၊ အသက်ရှူရခက်လာသလိုလို ဖြစ်ပြီး ဓာတ်မတည့်တာနဲ့ မှားတတ်ပါတယ်။

  • ဒဏ်ရာကို စစ်ဆေးပါ။
  • ဒဏ်ရာက သာမန်အဖုအပိမ့်ထွက်တာပဲ ဖြစ်နိုင်သလို၊ ကိုက်ရာလေးလည်း ကျန်ခဲ့တတ်ပါတယ်။ အထူးသဖြင့် ကိုက်ရာနှစ်ပေါက်ဆိုရင် သတိထားပါ။ မြွေလည်း ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေ တစ်ပေါက်တည်း ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အဆိပ်ရှိ အကောင်ကိုက်ခံရတယ်လို့ ယူဆရင်တော့ ဆေးရုံသွားတာ အကောင်းဆုံးပါပဲ။

    • အဆူးထုတ်ပါ။

    ပျားဆူးတို့၊ အင်းဆက်က အစွယ်လေးတွေ ကျန်နေတယ်ဆိုရင် သတိထားပြီး ထုတ်ပါ။ လက်နဲ့ တိုက်ရိုက် မကိုင်ဘဲ ဇာဂနာနဲ့ ဆွဲဖယ်ပါ။ ဆူးတွေ ပြတ်မကျန်ခဲ့အောင် ဂရုတစိုက်ဖယ်ပါ။ အကောင်ကို လက်နဲ့ ဖိသတ်တာမျိုးကို ရှောင်ပါ။ မီးပိုးကောင်လိုမျိုးဆိုရင် သူ့အရည်တွေ ထိရင် ပိုဆိုးတတ်လို့ပါ။

    • အနာကို သန့်စင်အောင် ထားပါ။

    ပြီးရင် ကိုက်ခံရတဲ့နေရာကို ရေကျက်သီးနွေးနဲ့ ဆပ်ပြာသုံးပြီး ဆေးချပါ။

    • လက္ခဏာအလိုက် အိမ်တွင်းဆေးဝါးတွေနဲ့ ကုသပါ။

    နာတာရှိရင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။

    ယားတာအတွက် ကိုက်ခံရတဲ့နေရာကို ကယ်လမင်းလိုးရှင်း လိမ်းနိုင်သလို antihistamine အယားပျောက်ဆေးတွေ သောက်နိုင်ပါတယ်။

    ရောင်ရမ်းတာအတွက် အကိုက်ခံရတဲ့နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ တစ်ခါကပ် ၁၅မိနစ်နဲ့ တစ်နေ့ ၄ကြိမ်လောက် ကပ်ပေးနိုင်ပါတယ်။ Hydrocortisone ကရင်မ် လိမ်းပေးလည်း ရပါတယ်။ ခြေလက်လို နေရာမျိုးဆိုရင် အရောင်ကျအောင် မြင့်မြင့်လေး ထားပါ။

    ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ

  • ဒါတွေကို ရှောင်ပါ။
  • ယားတဲ့နေရာကို ပြင်းပြင်းထန်ထန် မကုတ်ပါနဲ့။ အရေပြားတွေ ပွန်းပြီး ရောင်ရမ်းတာ ပိုဆိုးနိုင်ပါတယ်။ အရည်ကြည်ဖုတွေ ထွက်လာရင် မဖောက်ပါနဲ့။ အိပ်နေတုန်း မသိလိုက်ဘဲ ကုတ်မိနိုင်တဲ့အတွက် လက်သည်းတွေကို တိုတိုညှပ်ထားပါ။

    ဒါ့ပြင် ဘာမှန်းမသိတဲ့ အရွက်တွေ အုံတာကိုလည်း သတိထားပါ။ အကိုက်ခံရတဲ့နေရာကို ဆေးလိပ်မီးနဲ့ တို့တာ၊ ဓားနဲ့ ခွဲပြီး သွေးတွေ ညှစ်ထုတ်တာလည်း ရှောင်ကြဉ်သင့်ပါတယ်။

    အကောင်ကိုက်ခံရပြီးနောက် ဆေးရုံသွားသင့်တဲ့ အခြေအနေ

    သာမန်အားဖြင့်တော့ အင်းဆက်အကိုက်ခံရတာက အိမ်တွင်းဆေးဝါးတွေနဲ့ပဲ သက်သာသွားတာ များပါတယ်။ ယားတာ၊ ရောင်တာကလည်း ရက်ပိုင်းလောက်ပဲ ခံစားရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေဆိုရင်တော့ အိမ်မှာ မကုဘဲ ဆေးရုံဆေးခန်းသွားသင့်ပါတယ်။

    • အဆိပ်ရှိ အကောင်ကိုက်ခံရတယ်လို့ သိရင် (ဥပမာ မြွေ၊ ကင်း၊ ပင့်ကူ စတဲ့အကောင်တွေ အကိုက်ခံရရင်)
    • ရက်ပိုင်းလောက်ကြာတာတောင် လက္ခဏာတွေ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင်
    • မျက်နှာ၊ မျက်လုံးနား အကိုက်ခံရရင်
    • အကိုက်ခံရတဲ့ နေရာများရင်၊ ကြီးရင်
    • အကိုက်ခံရတဲ့နေရာမှာ ပိုးဝင်တဲ့ လက္ခဏာတွေ ခံစားလာရရင် (ဥပမာ ပြည်တည်နာ၊ ရောင်ရမ်းနာ)
    • အရေပြားပြဿနာအပြင် ဖျားတာ၊ အကျိတ်ထွက်တာ၊ တုပ်ကွေးလို ဝေဒနာမျိုးတွေပါ ခံစားနေရရင်
    • အကောင်ကိုက်ခံရတာကို စိုးရိမ်ရင် ဆေးရုံသွားသင့်ပါတယ်။

    အကောင်ကိုက်ခံရတဲ့ အရေးပေါ်အခြေအနေကတော့ ဓာတ်မတည့်တာပါ။ အရပ်ထဲမှာတော့ အဆိပ်တက်တယ်လို့ ပြောပါတယ်။ တကယ်တော့ အင်းဆက်မှာပါတဲ့ ပရိုတင်းကို ခန္ဓာကိုယ်က တုံ့ပြန်တာကြောင့် ပင်လယ်စာနဲ့ ဓာတ်မတည့်သလို၊ ဆေးမတည့်သလို လက္ခဏာတွေ ခံစားရတာပါ။

    ဒီလို ပြင်းထန် ဓာတ်မတည့် ဖြစ်လာရင်တော့ ရုတ်တရက်

    • အသက်ရှူရခက်လာတာ
    • အသက်ရှူရင် တရွှီရွှီကျပ်လာတာ
    • မျက်နှာ၊ လည်ပင်းတွေ ရောင်ရမ်းလာတာ
    • လူနာက နုံးလာတာ
    • ရင်တုန်လာတာ
    • မူးပြီး သတိလစ်ချင်သလို ဖြစ်လာတာ
    • သတိလစ်သွားတာတွေ ဖြစ်လာပါတယ်။

    ဒါက အရေးပေါ်အခြေအနေဖြစ်လို့ နီးရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement