backup og meta

Intermittent Fasting လုပ်တဲ့အခါ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တချို့

Intermittent Fasting လုပ်တဲ့အခါ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တချို့

Intermittent Fasting လို့ခေါ်တဲ့ အချိန်အပိုင်းအခြား အလိုက် အစားလျှော့တဲ့ စားသောက်မှုပုံစံကို အခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ ဒီနည်းတွေကို အဆီချချင်တဲ့ ကိုယ်အလေးချိန် များနေသူတွေ အပြင် လက်ရှိ ကိုယ်အလေးချိန်ကို မတက်စေဖို့ ထိန်းသွားချင်တဲ့သူတွေ၊ အသားကျစ်လျစ် ဘော်ဒီတက်စေဖို့ Gym ကစားနေသူတွေပါ သုံးလာကြတာပါ။

Intermittent Fasting ဆိုတာ ဘာလဲ

အလွယ်ဆုံး ပြောရရင်တော့ ဥပုသ်စောင့် တဲ့ သဘော ပါပဲ။ အစားစားတဲ့အချိန် နဲ့ မစားတဲ့အချိန် အပိုင်းအခြားတွေကို သတ်မှတ်ပြီး လိုက်နာရတာဖြစ်ပါတယ်။ 16/8 နည်းလမ်း ဆိုရင် တစ်နေ့တာမှာ ၈ နာရီအတွင်း အစားစားလို့ ရပြီး ကျန်တဲ့ ၁၆ နာရီကို အစာမစားဘဲ နေရတာ ဖြစ်ပါတယ်။ ဥပမာ ည ၈ နာရီ မတိုင်ခင်ထိ အစာစားလို့ ရပြီး အဲ့ဒီကစ နောက်တစ်နေ့ နေ့လယ်အထိ ဘာမှမစားရတာမျိုးပါ။

အသုံးများတဲ့ Intermittent Fasting နည်းတွေက အများကြီးရှိသလို ကိုယ့်လုပ်နိုင်လောက်တဲ့ ကိုယ်နဲ့ အဆင်ပြေရာနည်းကို ရွေးချယ်ကြလေ့ရှိပါတယ်။ တကယ်လည်း ဒီနည်းက ထိရောက်တဲ့ အဆီချနည်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းနည်း ဖြစ်ပါတယ်။

ဘာတွေ သတိထားသင့်သလဲ

ဒါပေမယ့် ပုံမှန် စားသောက်နေထိုင်နေကျ အလေ့အကျင့်တွေ နဲ့ သွေဖီတဲ့ Diet plan တစ်ခုကို လုပ်ပြီ ဆိုတာနဲ့ အကောင်းအဆိုး ဆိုတာရှိတတ်တာ သဘာဝပါပဲ။ ဘာနည်းပဲ လုပ်လုပ် နည်းလမ်းမှန်ကန်အောင် ဂရုစိုက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ သတိထားမယ်ဆို ဘေးကင်းကင်းနဲ့ လှပနိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ လူက အဆီကျ လှပနေလည်း ကျန်းမာရေးမှာ ဆိုးကျိုးတွေ အဖတ်တင်ကျန်ရစ်ခဲ့မှာ စိုးရပါတယ်။

(၁) ဒီနည်းလမ်းက ကိုယ်နဲ့ ကိုက်ညီရဲ့လား။

Fasting လုပ်တာ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူး။ ဆိုလိုတာက အချိန်ပိုင်းခြား အစာငတ်ခံရတဲ့ ဒီနည်းလမ်းကို လိုက်နာဖို့ မသင့်တော်တဲ့ သူတွေ ရှိနေတာပါပဲ။ ဘယ်သူတွေလဲ ဆိုတော့ နို့တိုက်မိခင်တွေ၊ အသက် ၁၈ နှစ်အောက်အရွယ်တွေ နဲ့ သက်ကြီးပိုင်းအရွယ်တွေရယ်၊ ဆီးချိုသွေးချို၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်ရောဂါ တို့လို ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။

ဒီလိုလူတွေဟာ အစာငတ်ခံလိုက်တဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမယ်ကို ကြိုတင်ခန့်မှန်း မရနိုင်သလို နဂိုရောဂါ အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် လုပ်ချင်ရင်တောင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါဦး။

(၂) အချိန်အခါ ကို ကြည့်ပါ။

Intermittent Fasting လုပ်တဲ့ အချိန်ဟာ ကိုယ့်မှာ စိတ်ဖိစီးစရာတွေ များနေတဲ့ အချိန်ကာလ ဖြစ်နေမယ် ဆိုရင် ပိုပြီး ပင်ပန်းရ၊ ခက်ခဲရပါလိမ့်မယ်။ ဒါ့ကြောင့် ပြေးလွှားလှုပ်ရှားရတာ၊ မနားမနေ အလုပ်များနေရတာမျိုး အချိန်တွေကို ရှောင်ပြီး စိတ်ဖိစီးမှု နည်းတဲ့ အချိန်မှာပဲ Fasting လုပ်ပါလို့ အကြံပြုချင်ပါတယ်။

(၃) နောက်ဆုံးနာရီ မှာ ကပ်ပြီး အပြုံလိုက် စားမချပါနဲ့။

ခဏနေရင် Fasting ဝင်ရတော့မယ်၊ ၁၆ နာရီလောက် မစားဘဲ နေရတော့မယ် ဆိုပြီး စားလို့ရသမျှ အကုန်ပါးစပ်ထဲ ထည့်တာမျိုး၊ နောက်ဆုံးမိနစ်အထိ မရပ်မနား စားနေတာမျိုးက Fasting ရဲ့ထိရောက်မှု ကိုလျော့စေပြီး အစာခြေစနစ်ကိုပါ ဝန်ပိစေပါတယ်။

(၄) အလွန်အကျွံ သစ္စာရှိမနေပါနဲ့။

Fasting လုပ်တဲ့ အခါ အောင်မြင်သွားတာ ရှိမယ်၊ ကိုယ်နဲ့ အဆင်မပြေတာ ရှိရင်ရှိမယ်၊ ကျန်းမာရေးနဲ့ မကိုက်တာ ရှိမယ်၊ ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်၊ ကိုယ့်အနေအထားကို မူတည်ပြီး အကြောင်းအမျိုးမျိုး ရှိလာနိုင်တယ်။

ဒီအချိန်မှာ ခေါင်းမူးတာ၊ အားနည်းတာ၊ အစာအိမ်အောင့်တာ၊ ရင်တုန်ပန်းတုန်ဖြစ်တာ စတဲ့ သိသိသာသာ လက္ခဏာတွေ ဖြစ်လာခဲ့ရင် သစ္စာသိပ်ရှိပြီး ဆက်မလုပ်ပါနဲ့။ အဆင်မပြေတဲ့အကြောင်း ကိုယ့်ခန္ဓာကိုယ်က အချက်ပြလာရင် ချက်ချင်းရပ်ပါ။ မရပ်တန့်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ အဖတ်တင်ကျန်ရစ် နိုင်ပါတယ်။

(၅) လေ့ကျင့်ခန်း တွေ လုပ်ဦးမလား။

Fasting ဝင်ချိန်မှာ လေ့ကျင့်ခန်းက လုပ်လို့ရပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးပဲ လုပ်ပါ။ ကျချင်ဇောနဲ့ Fasting ကို တွဲပြီး အားကစားတွေ တအားမလုပ်လိုက်ပါနဲ့။

အားစိုက်ရတဲ့ ၊ ကယ်လိုရီ သိပ်လောင်ကျွမ်းရတဲ့၊ ပင်ပန်းအားကုန်ရတဲ့ လေ့ကျင့်ခန်း သို့မဟုတ် လှုပ်ရှားမှု ပြင်းပြင်းတွေက Fasting ဝင်နေတဲ့ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ကုန်ခမ်းသွားစေနိုင်ပါတယ်။

(၆) ရေသောက် မနည်းပါစေနဲ့။

အစာကို ကန့်သတ်ထားချိန်မှာ ရေကို လုံလောက်အောင် သောက်ဖို့ အဓိက အရေးကြီးဆုံးပါ။ ရေ ဝအောင် သောက်ပါ။ ဆီးသွားနည်းသလား၊ ဆီးအရောင် ရင့်သလား စစ်ဆေးပါ။ ဆီးအရောင် ဖျော့နေတာက ကိုယ့်မှာ ရေဓာတ် လုံလောက်နေတဲ့ လက္ခဏာပါ။

Hello ဆရာဝန် ပရိသတ်ကြီးလည်း ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်လို့ မှန်ကန်တဲ့ နည်းနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ကြပါစေနော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/nutrition/6-ways-to-do-intermittent-fasting

https://www.livestrong.com/slideshow/1008373-master-fast-dos-donts/

https://www.healthline.com/nutrition/how-to-fast#section8

 

ယခုပုံစံ

11/03/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီချ Diet နဲ့ပတ်သက်ပြီး မှားသိထားတဲ့အရာ (၉) ခု

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement