backup og meta

ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 10/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

    ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန် တမျိုးဖြစ်ပါတယ်။ ကော်ဖီက လူကို တက်ကြွလန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊ နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

    လူတချို့မှာတော့ ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ကော်ဖီဟာ အစာအိမ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ဆိုတာပါပဲ။

    ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

    ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ဆိုတော့ ကော်ဖီမှာ အစာအိမ်ထိခိုက်စေတဲ့ ပစ္စည်းမျိုးစုံပါဝင်နေပါတယ်။

    ကဖိန်းဟာ အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေပါတယ်။ ကော်ဖီ ၂၄၀ မီလီလီတာမှာဆိုရင် ကဖိန်းဓာတ် ၉၅ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဟာ စိတ်ပိုင်းဆိုင်ရာကို နိုးကြားတက်ကြွစေတယ်ဆိုပေမယ့် အူလမ်းကြောင်း ကျုံ့ခြင်းဆန့်ခြင်းဖြစ်ပေါ်မှုကို အကြိမ်ရေ ပိုစိတ်လာစေပါတယ်။

    သုတေသနတခုအရ ကဖိန်းအပြည့် ပါဝင်တဲ့ ကော်ဖီများဟာ ကဖိန်းထုတ်ထားတဲ့ ကော်ဖီထက်စာရင် အူမကြီးကို ၂၃ ရာခိုင်နှုန်း ပိုမိုလှုပ်ရှားစေပါတယ်။ ဒါ့အပြင် ရိုးရိုးရေသောက်တာထက်စာရင် ကော်ဖီဟာ အူလမ်းကြောင်းကို ၆၀ ရာခိုင်နှုန်း ပိုမိုလှုပ်ရှားစေပါတယ်။ ဒါဟာ ကော်ဖီကနေ အစာအိမ်အူလမ်းကြောင်းကို လှုံ့ဆော်ပေးလို့ ဖြစ်ပါတယ်။

    သုတေသနအချို့မှာတော့ ကဖိန်းဟာ အစာအိမ်ထဲက အစာခြေရည်တွေကို ပိုထွက်လာအောင် လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။

    • ကော်ဖီတွင် ပါဝင်သော အက်ဆစ်များ

    အစာအိမ်အပေါ် သက်ရောက်မှု အတွက် ကဖိန်းက အဓိကကျသလိုပဲ ကော်ဖီ အက်ဆစ်ဟာလည်း အရေးပါတဲ့နေရာက ပါဝင်ပါတယ်။

    ကော်ဖီမှာ chlorogenic acid နဲ့ N-alkanoyl-5-hydroxytryptamide အပါအဝင် အက်ဆစ်ဓာတ်တွေ ပါဝင်ပြီး အစာခြေရည်ထုတ်လုပ်မှုကို မြင့်မားလာစေပါတယ်။ ဒါကြောင့် လူတချို့ဟာ ကော်ဖီကြောင့် အစာမကြေရင်ပူခြင်းကို ပိုဆိုးစေတယ်လို့ ဆိုကြပါတယ်။

    • အခြားပါဝင်ပစ္စည်းများ

    တခါတရံမှာ ကော်ဖီကြောင့်ပဲ ဗိုက်အောင့်တာ မဟုတ်ပါဘူး။ ကော်ဖီမှာ ပါဝင်တဲ့ တခြားပစ္စည်းတွေဖြစ်တဲ့ နို့၊ ခရင်မ်၊ သကြား စတာတွေလည်း ပါဝင်ပြီး အဆိုပါပစ္စည်းများကြောင့်လည်း အစာအိမ်အူလမ်းကြောင်း အောင့်တာမျိုး ဖြစ်တတ်ပါတယ်။

    ဥပမာ နွားနို့မှာပါဝင်တဲ့ လက်တို့စ်လို့ခေါ်တဲ့ သကြားဓာတ်ကို မချေဖျက်နိုင်ရင် လေပွခြင်း၊ လေထိုးလေအောင့်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းများစားပြီး သိပ်မကြာခင်မှာ ဖြစ်တတ်ပါတယ်။

    ကဖိန်းမပါတဲ့ ကော်ဖီ ပြောင်းသောက်ရင် ဗိုက်အောင့်တာ သက်သာနိုင်လား

    တခါတရံမှာ ကဖိန်းထုတ်ထားတဲ့ decaf ကော်ဖီသောက်ခြင်းဟာ ဗိုက်အောင့်တာကို သက်သာစေပါတယ်။ ကဖိန်းကြောင့် အဓိကအောင့်တာမျိုးဆိုရင်တော့ ဒါက သက်သာစေနိုင်ပါတယ်။

    ဒါပေမယ့် ကဖိန်းထုတ်ထားတဲ့ ကော်ဖီမှာ တခြား ကော်ဖီ အက်ဆစ်တွေ ရှိနေသေးတာကြောင့် အစာချေရည်များကို ပိုထွက်စေပြီး အစာအိမ်အူလမ်းကြောင်းကို ပိုမိုလှုပ်ရှားစေပါတယ်။ ဒါ့အပြင် တခြားပါဝင်ပစ္စည်းတွေနဲ့ မတည့်လို့ အူလမ်းကြောင်း မအီမသာဖြစ်တာမျိုး ရှိနိုင်ပါသေးတယ်။

    ဗိုက်မအောင့်အောင် ဘာလုပ်သင့်လဲ

    ကော်ဖီ သောက်ရာမှာ တစ်ကြိမ်တည်း အများကြီး သောက်တာထက်  နည်းနည်းချင်းစီကို ခွဲသောက်ပေးခြင်းဟာ အစာအိမ်ထိခိုက်မှု သက်သာစေပါတယ်။ ဒါ့အပြင် အစာအိမ်ထဲမှာ အစာလုံးဝမရှိချိန် ကော်ဖီ သောက်ပေးခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။ ကော်ဖီဟာ အက်ဆစ်ဓာတ်ကဲတာမို့ အစားတခုခုစားချိန်မှာ သောက်သုံးရင် အစာကိုပိုကြေစေတဲ့အပြင် ကော်ဖီရဲ့ အက်ဆစ်ဓာတ်ကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။

    တကယ်လို့ လက်တို့စ်မတည့်သူဆိုရင် နွားနို့အစား အပင်ကနေ ထုတ်ယူထားတဲ့နို့ (ဥပမာ ပဲပိစပ်နို့) ကို ပြောင်းလဲသုံးစွဲနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 10/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement