အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Zon Aung မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

    တချို့ကပြောကြတယ်။ အစာစားပြီးချိန်မှာ ရေသောက်ရင် အစာမကြေဖြစ်တတ်တယ်။ မသောက်ကောင်းဘူးတဲ့။

    တချို့ကြတော့လည်းဆိုကြပြန်တယ်။ အစာစားပြီးရေသောက်ရမယ်တဲ့။ ဒါမှ အဆိပ်အတောက်ကင်းမှာ ကျန်းမာမှာတဲ့။

    ဘယ်ဟာက အမှန်လဲ။ ဘာကို ယုံကြည်ကြမလဲ။

    အစာစားပြီးတဲ့အခါ

    အစာစားပြီးပြီးချင်း ရေသောက်တာက သင့်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပြုတယ်ဆိုတဲ့ ယူဆချက်က မှန်ကန်ရဲ့လား။ ဒါကို သိနားလည်ဖို့ဆိုရင် အစောခြေဖျက်မှုလုပ်ငန်းစဉ်ကို အရင်သိထားဖို့ လိုအပ်ပါတယ်။

    ပုံမှန်အားဖြင့် အစာခြေဖျက်မှုလုပ်ငန်းစဉ်ဟာ ရိုးရှင်းပါတယ်။ ပါးစပ်က ဝါးပြီးတဲ့နောက် မျိုချလိုက်တဲ့ အစားအစာတွေကို အစာလမ်းကြောင်းကနေတဆင့် အစာအိမ်ထဲကိုပို့ပါတယ်။ တံတွေးမှာပါဝင်တဲ့ saliva enzymes တွေက ဒီလိုလျောလျောလျူလျူဝင်သွားဖို့ ကူညီပေးပါတယ်။

    အစာအိမ်ထဲကို အစာတွေရောက်သွားပြီဆိုရင် Acidic Gastric အရည်တွေက အစာတွေကိုရောမွှေပစ်ပါတယ်။ ဒီတော့ Chyme လို့ခေါ်တဲ့ပစ်နှစ်နေတဲ့အရည်တွေဖြစ်ကုန်တာပေါ့။ Chyme တွေဟာ ပန်ကရိယထဲက digestive enzymes တွေနဲ့ အသည်းထဲက bile acid ပေါင်းစပ်သွားပါတယ်။ ဒီကနေတဆင့် အူလမ်းကြောင်းတစ်လျှောက်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို သွေးထဲကို စုပ်ယူမှာပါ။

    အူမကြီးဆီကိုရောက်ချိန်မှာ ပမဏနည်းနည်းပဲကျန်တော့မှာဖြစ်ပါတယ်။ သွေးကြောတွေကနေတဆင့် အာဟာရဓာတ်တွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ဆီ ပြန့်နှံ့ရောက်ရှိသွားပါပြီ။ ဒါဆို အစာခြေခြင်းလုပ်ငန်းစဉ်ပြီးစီးသွားပြီဖြစ်တာမို့ စွန့်ထုတ်မှုပဲကျန်ပါလိမ့်မယ်။

    ဒီလိုအစာခြေတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ အစာစားပြီးချိန်ကနေစပြီး ၂၄ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။

    အစာစားပြီးချိန်မှာ ရေသောက်လိုက်တဲ့အခါ

    ပုံမှန်အားဖြင့် ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကို အများကြီးအထောက်အကူဖြစ်စေပြီး ကျန်းမာစေဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ထဲကို ရေ ဒါမှမဟုတ် အရည်တွေဝင်ရောက်လာတဲ့အခါ ရှုပ်ထွေးမှုတချို့ရှိလာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး လူတချို့က ယူဆထားပါတယ်။

    အမှန်အမှားကို ဖော်ထုတ်ဖို့ လိုနေပြီမဟုတ်လား။ ဒီနေရာမှာ အရည်အမျိုးအစားကို ၃ မျိုး ခွဲခြားပြီးပြောချင်ပါတယ်။ မတူညီတဲ့သက်ရောက်မှုတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။

    ၁။ အရက်၊ အယ်လ်ကိုဟော

    ဒီအမျိုးအစားတွေကို အစားစားနေစဉ် ဒါမှမဟုတ်၊ အစာစားပြီးပြီးချင်းမှာ သောက်သုံးမိမယ်ဆိုရင် အာခံတွင်းထဲက တံတွေးထုတ်လုပ်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်။ တံတွေးဂလင်းတွေ ခြောက်သွေ့သွားတတ်ပြီး ထုတ်လုပ်မှုလျော့ကျသွားတာကြောင့် အစာမြိုချရမှာ ပြဿနာတွေရှိလာမှာပါ။

    အယ်လ်ကိုဟောဟာ တံတွေးထုတ်လုပ်မှုကို ၁၀-၁၅% အထိ လျှော့ချပစ်တတ်ပါတယ်။ ဒါပေမယ့် အဆိုပါအရည်အမျိုးအစားတွေနဲ့ တွဲဖက်သောက်သုံးတာကြောင့် အစာခြေဖျက်မှုကို ထိခိုက်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တော့ ခုချိန်ထိ မရှိသေးပါဘူး။

    ၂။ ရေ

    အစာစားချိန်မှာ ရေသောက်သုံးတဲ့အလေ့အကျင့်ဟာ လူတိုင်းမှာရှိပါတယ်။ အစာစားပြီးတိုင်းလည်း ရေသောက်ကြပါတယ်။ ဒါပေမယ့် တချို့သော ယူဆချက်တွေမှတော့ အစာစားပြီးပြီးခြင်း ရေသောက်တာက အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ကို ရှုပ်ထွေးစေတယ်လို့ဆိုကြပါတယ်။

    ရေကြောင့် အစာခြေဖျက်တဲ့ digestive enzymes တွေ၊ stomach acid အားပျော့သွားတတ်တယ်လို့ အဆိုရှိထားသလို ဒီအချက်ကြောင့်ပဲ အစာခြေဖျက်ရခက်တတ်တယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာလည်း မှားယွင်းနေပြန်ပါတယ်။ တကယ့်အမှန်တရားက ရေသောက်ခြင်းကြောင့် အစာခြေဖျက်မှုကို မထိခိုက်နိုင်ပါဘူးတဲ့။

    ၃။ အရည်အမျိုးမျိုး

    ရေ၊ အဖျော်ယမကာ၊ အချိုရည်၊ အရက် ဘာအရည်ပဲသောက်သောက် အစာခြေဖျက်မှုအရှိန်ကို နှေးသွားစေတယ်ဆိုတဲ့ အဆိုလည်းရှိပါသေးတယ်။ အစာစားနေတုန်း အရည်များများသောက်မိရင် အစာတွေ ခြေဖျက်တာအချိန်ကြာမယ်ပေါ့။

    အစာစားနေချိန် ရေသောက်ရင် ဗိုက်ပြည့်လွယ်တာမှန်ပေမယ့် အစာခြေဖျက်တဲ့အချိန်ကိုတော့ ပိုမကြာစေပါဘူး။ ဒီလို သက်သေပြချက်မျိုးလည်း ကမ္ဘာပေါ်မှာမရှိသေးပါဘူး။

    ဒါကြောင့် အချုပ်ဆိုရရင် အစာစားပြီးချိန်မှာ ရေနဲ့ အဖျော်ယမကာတွေ သောက်သုံးလို့ရပါတယ်။ တစ်ခုရှိတာကတော့ သင့်လျော်ရုံသာသောက်သုံးသင့်ပြီး ရေခဲရေ၊ အရမ်းအေးတဲ့ ဖျော်ရည်မျိုးတွေသောက်သုံးတာကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ အရည်သောက်သုံးတာကြောင့်တော့ အစာခြေဖျက်မှုကို မထိခိုက်နိုင်ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Zon Aung မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement