ရေနဲ့ အစားအစာကတဆင့် ကူးစက်ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက မိုးတွင်းမှာ အမြဲပိုဖြစ်လွယ်ပြီး ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေကလည်း စီးဆင်းမှုမရှိတဲ့ ရေမြောင်း၊ရေအိုင်တွေနဲ့ စိုထိုင်းတဲ့နေရာတွေ မှာပေါက်ဖွားကြတာများပါတယ်။
ဒါ့ကြောင့် မိုးရာသီမှာ ကိုယ့်ရဲ့အစားအသောက်ကို သတိပြု ဂရုစိုက်နိုင်ဖို့ အရေးကြီးပါတယ်။ လမ်းဘေးအစားအစာတွေကို ရှောင်ပြီး အိမ်မှာပဲ ချက်ပြုတ်စားသောက်နိုင်ရင်လည်းအကောင်းဆုံးဖြစ်ပါတယ်။
အတော်များများက မိုးရာသီမှာ ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်တတ်ကြတာကြောင့် လမ်းဘေးက လွယ်လွယ်ဝယ်စားတတ်ကြပါတယ်။ ဒီရာသီမှာတော့ ဆင်ခြင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစာအာဟာရတွေကိုရွေးချယ်မှသာ သင့်ကို မိုးရာသီမှာဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေရန်က ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
မိုးရာသီမှာ စားသုံးသင့်တဲ့ အစားအစာများ
- ပြောင်းဖူး၊ အုတ်ဂျုံ၊ မုယောစပါးနဲ့ တခြားနှံစားအာဟာရတွေကို ပိုစားပါ။
- ပဲနီလေး၊ ပဲလွန်း၊ ကြက်ဟင်းခါးသီးတို့လို ရောဂါပိုးကို သေစေနိုင်စွမ်းရှိတဲ့ အစားအစာတွေ စားသင့်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဂုဏ်သတ္တိမြင့်မားတဲ့ သခွားသီးကိုလည်းစားပေးသင့်ပါတယ်။
- ကိုယ်ခံအားကို ကောင်းစေတဲ့ နနွင်းကိုလည်း စားသုံးသင့်ပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိနဲ့ လူသိများပြီး လည်ချောင်းရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အစားအစာထဲ ဟင်းထဲထည့်ချက်တာ ဒါမှမဟုတ် အိပ်ရာမဝင်ခင် နွားနို့ပူပူထဲ ထည့်သောက်တာမျိုး လုပ်နိုင်ပါတယ်။
- အဖျား၊ အအေးမိ၊ ချောင်းဆိုး၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ တုပ်ကွေးနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေအတွက် ဆေးဖက်ဝင်တဲ့ ငရုတ်ကောင်းဟာ မိုးရာသီအစားအစာတွေထဲ မပါမဖြစ်ဖော်ပြရမယ့် ပါဝင်ပစ္စည်းတစ်ခုပါ။
- ကြက်ဥ၊ အထူးသဖြင့် ကြက်ဥအနှစ်က ခွန်အားဖြစ်စေတဲ့ အာဟာရတစ်မျိုးဖြစ်ပြိး မိုးရာသီမှာ စားသင့်တဲ့အရာဖြစ်ပါတယ်။
- ဒိန်ချဉ်၊ ပျားရည် တို့အပြင် ကိုယ်ခံအားကိုကောင်းစေတဲ့ ကြက်သွန်ဖြူနဲ့ တရုတ်နံနံတို့ကိုလည်း စားပေးပါ။
- အစာချေစနစ်ကိုကောင်းစေတဲ့ ချင်းက မိုးရာသီမှာအအေးမိဝေဒနာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
- မိုးရာသီမှာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးမယ့် လက်ဖက်စိမ်း လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတွေကို သောက်သုံးသင့်ပါတယ်။
- ဗီတာမင် စီ ပါဝင်တဲ့ လိမ္မော်သီးနဲ့ သံပရာသီးတို့ကလည်း ကိုယ်ခံအားကိုကောင်းစေပြီး တုပ်ကွေးနဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
- ဒီရာသီမှာ သင်္ဘောသီး၊မာလကာသီး၊ မက်မွန်သီးနဲ့ဆီးသီးတို့လို လတ်ဆတ်တဲ့သစ်သီးတွေကို စားပေးပါ။
ဒါတွေအပြင် ပန်းဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ ဟင်းနုနွယ်နဲ့ တခြားအစိမ်းရောင်အသီးအရွက်တွေကိုလည်း စားပေးနိုင်ပါတယ်။ အသီးအရွက်တွေမှာ မသန့်ရင် အင်းဆက်တွေ၊ ရောဂါပိုးတွေကပ်ငြိပါလာနိုင်တာကြောင့် သေချာဆေးကြောသန့်စင်ဖို့တော့ သတိထားရပါမယ်။