backup og meta

အိမ်အလုပ်နဲ့ ပင်ပန်းနေတဲ့ မေမေ့အတွက် သောက်စရာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်အလုပ်နဲ့ ပင်ပန်းနေတဲ့ မေမေ့အတွက် သောက်စရာ

    မေမေ ဆိုတဲ့ တာဝန်မှာ အိမ်ထောင်မှုကိစ္စ အားလုံးပါဝင်နေပါတယ်။ ချက်ပြုတ်တာ၊ လျှော်ဖွတ်တာ၊ ကလေးပြုစုရေး၊ အိမ်သန့်ရှင်းရေး အားလုံး ပါဝင်နေပါတယ်။ အိမ်အလုပ်ဆိုတဲ့ ခြုံပြောမှုအောက်မှာ အမည်တပ်မရတဲ့ အလုပ်တွေကလည်း အများကြီးပါ။ ဒါကြောင့် မေမေတွေ တစ်နေကုန်အောင် အလုပ်လုပ်ပြီးရင် ပင်ပန်းလိုက်တာလို့ ပြောကြတာက မှားတော့ မမှားပါဘူး။ အိမ်အလုပ်က မနက်နိုးကတည်းက လုပ်လိုက်ရတာ အနားမရဘဲ ညဘက်အိပ်ချိန်မှပဲ အပြီးသတ်သွားတာမျိုးပါ။

    ဒီလို အိမ်အလုပ်တွေကို ထောင့်စေ့အောင် လုပ်ရတဲ့ မေမေတွေ တစ်နေ့တာ ပင်ပန်းမှုတွေကို ပြေပျောက်စေဖို့အတွက် အလုပ်ဝိုင်းလုပ်ပေးချင်ပေမယ့် ကိုယ်တိုင်မှာလည်း ရုံးအလုပ် ကျောင်းအလုပ်တွေ ရှိနေတာကြောင့် မေမေကို အချိန်ပြည့် ကူပေးဖို့က မဖြစ်နိုင်ပြန်ဘူး။ ဒီတော့ မကူနိုင်ရင်တောင် မေမေ့အတွက် အမောပြေ သောက်စရာလေးတွေ ပြင်ဆင်ပေးချင်ပေမယ့် ဘယ်လို သောက်စရာလေးတွေ ပြင်ဆင်ပေးရမလဲမသိ ဖြစ်နေတဲ့ မေမေချစ် သားသားမီးမီးလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။

    အိမ်အလုပ်နဲ့ ပင်ပန်းနေတဲ့ မေမေ့အတွက် သောက်စရာ

    အိမ်အလုပ်နဲ့ ပင်ပန်းနေတဲ့ မေမေ့အတွက် သောက်စရာ အနေနဲ့ အခုလို သောက်စရာလေးတွေကို ပြင်ပေးလို့ ရပါတယ်။ မေမေ့ကို အမောလည်း ပြေစေပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်မယ့် သောက်စရာလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    • သံပုရာရည်

    သံပုရာသီး လတ်လတ်ဆတ်ဆတ်လေးကို အရည်ညှစ်ပြီး သကြားညိုနည်းနည်း ဆားနည်းနည်းတို့နဲ့ သေချာလေး နှံ့အောင် မွှေလိုက်ပါ။ ပြီးရင် ရေခဲရေ ဒါမှမဟုတ် ရိုးရိုးရေကို ထည့်ပြီး ဖျော်ပေးလို့ ရပါတယ်။ ရေခဲတုံးလေးတွေ ထည့်ပြီး ပြင်ဆင်ပေးလို့လည်း ရပါတယ်။ မေမေက ရေခဲရေ၊ ရေခဲတုံးတွေကြောင့် အာသီးရောင်တာ၊ လည်ချောင်းနာတာတွေ ဖြစ်တတ်မယ်ဆိုရင်တော့ ရေခဲရေ၊ ရေခဲတုံးတွေကို မသုံးပါနဲ့လို့ သတိပေးပါရစေ။ အမောပြေစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးမှာပါ။

    • ပျားသံပုရာရည်

    ဒါကတော့ အပေါ်က သံပုရာရည် ဖျော်သလိုပါပဲ။ ကွာခြားမှု တစ်ခုက သကြားအစား ပျားရည်စစ်စစ်ကို ထည့်ဖျော်ပေးတာပါ။ လည်ချောင်းနာတာကို သက်သာစေသလို အမောပြေစေပြီး ခေါင်းကြည်စေပါတယ်။ သံပုရာသီးကို အရည်ညှစ်ပြီး ပျားရည်နည်းနည်း ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။

    • သောက်ရေအေးအေး 

    အရမ်းပင်ပန်းနေတဲ့ မေမေအတွက် သောက်ရေအေးအေးလေး တစ်ခွက်လောက်ဝဝ သောက်လိုက်ရတာကလည်း အမောပြေစေပြီး ကိုယ်တွင်းလိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

  • ဓာတ်ဆားရည်
  • မေမေတစ်ယောက်တည်း အိမ်အလုပ်တွေ လုပ်ပြီး ပင်ပန်းတာကို သက်သာစေဖို့ရော အိမ်အလုပ်လုပ်ရင်း ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ဆိုရင် ဓာတ်ဆားရည် ပြင်ဆင်ပေးလို့လည်း ရပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ဖြည့်တင်းပေးတာက အမောပြေစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ မေမေက ဆီးချို၊ သွေးတိုး ရှိမယ်ဆိုရင်တော့ အသင့်တော်ဆုံးဖြစ်မှာကို သေချာလေး ဂရုစိုက် ရွေးချယ်ဖို့ လိုပါမယ်။

    • ရေနွေးကြမ်း

    မေမေအချို့ကတော့ ရေနွေးကြမ်းလေး သောက်ရမှာ အမောပြေတတ်ကြပါတယ်။ ဒါကြောင့် မေမေ့ကို ရေနွေးကြမ်း ခပ်နွေးနွေးလေး ပြင်ဆင်ပေးတာကလည်း ကိုယ်ခံအား ကောင်းစေပြီး အမောပြေစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • အုန်းစိမ်းရည်

    ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ နဲ့ အလုပ်ပင်ပန်းနေတဲ့ မေမေ့ကို အမောပြေစေဖို့ ပြင်ဆင်ပေးနိုင်တဲ့ နောက်ထပ် သောက်စရာ တစ်ခုကတော့ အုန်းစိမ်းရည်ပါ။ လတ်လတ်ဆတ်ဆတ် အုန်းစိမ်းရည်လေးက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ကဲ …… အိမ်အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ မေမေ့ကို အမောပြေစေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ အခုလို သောက်စရာလေးတွေ ပြင်ဆင်ပေးလိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement