အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ပဲပြားကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တရုတ်ပြည်မှာ စတင်လူကြိုက်များခဲ့တာဖြစ်ပါတယ်။ အခုတော့ အင်ဒိုနီးရှား၊ မလေးရှား၊မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးသူများပြားနေပါပြီ။ အသားရှောင်တဲ့ သတ်သတ်လွတ်သမားတွေအတွက် အာဟာရပြည့်စေတဲ့ အစားအစာလည်းဖြစ်ပါတယ်။
လတ်ဆတ်တဲ့ပဲပြားတွေရှိသလိုပြုပြင်စီမံထားတဲ့ပဲပြားတွေလည်းရှိပါတယ်။ ပဲပြားမှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ပရိုတင်းဓါတ်များတယ်၊ အဆီဓါတ်နည်းပါတယ်။ ထုတ်လုပ်ပုံထုတ်လုပ်နည်းတွေအပေါ်မူတည်ပြီး ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုလည်းများပါတယ်။
ပဲပြားမှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ဗီတာမင်နဲ့ သတ္ထုဓါတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများပါတယ်။ သူ့မှာပါတဲ့ ပဲပိစပ်က ကိုလက်စထရောကင်းပြီး ပရိုတင်း၊polyunsaturated fatty acids၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်ဘီအုပ်စုနဲ့သံဓါတ်တို့ပါဝင်ပါတယ်။
ပဲပြားစားလွန်းရင် ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများ
ဘယ်အရာမဆို များလွန်းရင်မကောင်းပါဘူးဆိုတဲ့အထဲမှာ ပဲပြားလည်းပါပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် ပဲပြား သို့မဟုတ် ပဲပိစပ်ထုတ်ကုန်တွေကို စားသုံးမှုများလွန်းရင်ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။
မကောင်းတဲ့ကိုလက်စထရော (LDL) ကိုလျော့နည်းစေပြီး ကင်ဆာရောဂါတချို့ကိုဖြစ်နိုင်ခြေနည်းပါးစေတယ်ဆိုတဲ့isoflavoneဒြပ်ပေါင်းတွေကလည်း အလွန်အကျွံစားသုံးမိရင်ဘေးဖြစ်စေနိုင်ပါတယ်။ isoflavone က အက်စထရိုဂျင်ဟော်မုန်းအတိုင်း အသွင်ဆောင်တဲ့ လုပ်ဆောင်ချက်ရှိတာကြောင့် သိုင်းရွိုက်မှာ အနှောင့်အယှက်ဖြစ်စေပြီးလုပ်ဆောင်ချက်ကမောက်ကမဖြစ်စေနိုင်ပါတယ်။
ပဲပိစပ်စားသုံးမှုလွန်ကဲရင် အမျိုးသားရော အမျိုးသမီးမှာပါ မျိုးပွားမှုပိုင်းပြဿနာတွေရှိလာစေနိုင်တဲ့အပြင် ပျိုဖော်ဝင်ချိန်လည်းစောစေနိုင်တယ်လို့ သုတေသနတွေကဖော်ပြခဲ့ပါတယ်။
ပဲပိစပ်ကိုနည်းနည်းလေးစားရုံနဲ့ရင်သားကင်ဆာအန္တရာယ်ကိုကာကွယ်နိုင်တယ်လို့ပြောခဲ့ကြပေမယ့် အလွန်အကျွံစားသုံးရင် ရင်သားကင်ဆာဖြစ်စေဖို့တောင်အားပေးတယ်လို့လေ့လာမှုတချို့ကတွေ့ရှိခဲ့ပါတယ်။
ပဲပြားနဲ့ ပဲပိစပ်ပါတဲ့တခြားစားသောက်ကုန်တွေကို တန်သင့်ရုံအထိုက်အလျောက်စားသုံးတာက အကောင်းဆုံးဖြစ်သလိုနေ့စဉ်အာဟာရမှာ ထည့်သွင်းစားသုံးရင်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိစေနိုင်ပါတယ်။
သုတေသနတစ်ခုမှာတော့ ပဲပြားစားသုံးမှုလွန်ကဲခြင်းက အသက်ကြီးသူတွေမှာdementia(မှတ်ဉာဏ်ချို့ယွင်းခြင်း)ဖြစ်ပွားမှုနဲ့ဆက်နွှယ်နေတာတွေ့ရပြီး လူငယ်၊လူလတ်ပိုင်းတွေမှာတော့ဦးနှောက်ကိုအကာအကွယ်ပေးနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။
ပဲပိစပ်က ခန္ဓါကိုယ်ရဲ့ဆေးဝါးတွေစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေတာကြောင့် လည်ပင်းကြီးရောဂါ (hypothyroidism)ရှိသူတွေအနေနဲ့ သိုင်းရွိုက်ဆေးဝါးတွေသောက်ပြီးလေးနာရီအတွင်း ပဲပိစပ်မစားဖို့ Mayo Clinic မှပညာရှင် Todd B. Nippoldt ကအကြံပြုထားပါတယ်။ ပဲပိစပ်မှာပါတဲ့Isoflavonesတွေက သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လည်ပင်းကြီးရောဂါကိုပိုဆိုးစေ တယ်လို့Thyroid-Info.com မှာဖော်ပြထားပါတယ်။
အမေရိကန်ကျန်းမာရေးဌာနကလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေမှာဖော်ပြခဲ့တဲ့ တခြားဘေးထွက်ဆိုးကျိုးတချို့ထဲမှာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ အစာမကြေခြင်းပြဿနာတွေပါဝင်ပါတယ်။ ဒါ့အပြင်ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်းနဲ့အရေပြားပြဿနာတို့လည်း ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။
ပဲပိစပ်နဲ့ပတ်သက်လို့ ကျန်းမာရေးပြဿနာတွေမရှိကြောင်းဖော်ပြတဲ့သုတေသနတွေရှိသလိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်လို့ထောက်ပြတဲ့လေ့လာမှုတွေလည်းရှိပါတယ်။ ပဲပိစပ်နဲ့ထုတ်လုပ်တဲ့စားသောက်ကုန်တွေမှာ ပဲစိုက်ပျိုးမှုနည်းလမ်းနဲ့ပြန်လည်စီမံပုံ နည်းလမ်းတို့အပေါ် မူတည်ပြီးisoflavones ပါဝင်မှုပမာဏ ကွာခြားကြတာကြောင့်လည်း အန္တရာယ်ရှိမရှိ သုတေသနထောက်ပြနိုင်ဖို့ ခက်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmr]